#LocalNews
Published - 29 April 2022
အကောက်တောင်သို့ ဘုရားဖူးလာသည့် လိုက်ထရပ်ယာဥ်တစ်စီး တောင်တက်လမ်းတွင် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာမှ ယာဥ်ပေါ်ပါသူ လူ ၃ ဦး သေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦး အပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တစ်ခု ဒီကနေ့ ဧပြီ ၂၉ ရက်၊ နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဘုရားဖူးယာဥ်ဟာ ကြံခင်းမြို့ ၊ ဘိလပ်မြေစက်ရုံမှ ဘုရားဖူးလာသော ကားဖြစ်ပြီး အကောက်တောင် တောင်တက်လမ်းတစ်ဝက်ခန့်တွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ပြုတ်ကျ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကားပေါ်တွင် ကလေး၊ လူကြီးပေါင်း အမျိုးသမီး ၆ ဦး အမျိုးသား ၅ ဦး လိုက်ပါလာခဲ့ပြီး အမျိုးသမီးနှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် ဆုံးပါးသွားခဲ့ပြီး အမျိုးသားတစ်ဦးမှာ ဆိပ်သာတိုက်နယ်ဆေးရုံအရောက်တွင် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသားလူနာ နှစ်ဦး၊ အမျိုးသမီးလူနာ နှစ်ဦးနှင့်(ကလေးလူနာ တစ်ဦး)တို့ကိုလည်း ဆိပ်သာတိုက်နယ်ဆေးရုံမှတစ်ဆင့် ဟင်္သတ ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရတယ်လို့လည်း ဒေသခံလူမှုကူညီရေးအသင်းက ဆိုပါတယ်။
ကျန်ဒဏ်ရာရရှိသူလေးဦးမှာတော့ ဆိပ်သာတိုက်နယ်ဆေးရုံတွင် ဆက်လက်ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်။
"ဝမ်းနည်းကြေကွဲစရာ အကောက်တောင် ကားအက်ဆီးဒင့်ဖြစ်စဥ်ပါ။ သူတို့က ကြံခင်းကလာတယ်လို့ သိရပါတယ်။ သေဆုံးသူရော ဒဏ်ရာရသူရောများခဲ့တဲ့ ဖြစ်စဥ်ပါ။ ဆေးရုံလွှဲပြောင်းပြီး ကုသမှုခံယူနေရတဲ့ လူနာတွေလည်း ဘေးမသီရန်မခပဲ ကျန်းမာစေဖို့ ဆုမွန်ကောင်းတောင်းပါတယ်။"လို့ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ဒေသခံလူမှုကူညီရေးအသင်းများက စုပေါင်း၍ ချောက်အတွင်းမှ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#DailyNews
Published -29 April 2022
၁။ ဒေါ်လာနှင့် စက်သုံးဆီဂယက်ကြောင့် ပြည်တွင်းကားစျေးနှုန်းတွေ မြင့်တက်လာ။
၂။ မွေးစမှ(၅)နှစ်အရွယ်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ပြန်လည်ထိုးနှံပေးရန်လို။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကိုလံဘီယာတိရိစ္ဆာန်ဥယျဉ်တွင် ရှားပါးသော အမောက်ဖြူမျောက်တစ်ကောင်မွေးဖွား...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 29 April 2022
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၀) ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး SEA Games တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၀၀၊ ကျပ်သိန်း ၁၀၀ ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ပွဲတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း စိတ်ဓာတ်မမွေးဘဲ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုဆုတံဆိပ်ကို ရရှိနိုင်မှာဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ဝန်ကြီးဦမင်းသိန်းဇံက ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမယ့် အားကစားသမားများအနေဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြင့်တက်စေရန်အတွက် ပြိုင်ပွဲတွင် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ခဲ့ကြရန်လည်း မှာကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမယ့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဆင့်မီပြီး အရည်အချင်းပြည့်ဝတဲ့ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ လူငယ်အားကစား လေ့ကျင့်ရေးစခန်းဖွင့်လှစ်ပြီး အားကစားသမားများကို ပြုစုပျိုးထောင်လေ့ကျင့်ပေးလျက်ရှိပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လတွင် ကာတာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် 19th Asian Billiards Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည့် မောင်ပေါက်စနှင့် 37th Asian Men's Snooker Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည့် မောင်အောင်ဖြိုးတို့ကို ဝန်ကြီးကဂုဏ်ပြုချီးမြှင့် ငွေကျပ် (၁၀) သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 29 April 2022
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ Vaccine ၁၀ သန်းအား ထပ်မံပံ့ပိုးပေးသွားမှာ
ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့ ဧပြီ ၂၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဆီယံနိုင်ငံများသို့ ကိုဗစ်-၁၉ Vaccine ထပ်မံပံ့ပိုးကူညီပေးရန် တရုတ်နိုင်ငံ၏ ကတိကဝတ်များကို အကောင်အထည်ဖော်ရန်၊ မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုများအတွက် ကူညီပံ့ပိုးရန်၊ မြန်မာပြည်သူများ၏ အသက်၊ ကျန်းမာရေး ဘေးကင်းလုံခြုံစေရေးအတွက် ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်တို့အတွက် တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံသို့ ထပ်မံ၍ ကိုဗစ်-၁၉ Vaccine (၁၀)သန်း အခမဲ့ ပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံသို့ တရုတ် Vaccine အကြိမ်ရေ (Doses) ၁၁.၁ သန်းအား အခမဲ့ ပံ့ပိုးပေးခဲ့ပြီး မြန်မာနိုင်ငံအား သက်သာသည့်စျေးနှုန်းဖြင့် တရုတ် Vaccine Doses သန်း ၃၀ ကျော် ဝယ်ယူနိုင်ရန် ကူညီပေးခဲ့တယ်လို့ တရုတ်သံရုံးက ဖော်ပြပါတယ်။
ယခုအကြိမ် ပံ့ပိုးကူညီသည့် Vaccine ပထမအသုတ်ကို မေလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပို့ဆောင်ရောက်ရှိနိုင်ရန် စီစဉ်ထားတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 29 Apr 2022
သျှမ်းပြည်မြောက်ပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့၏ တပ်ပေါင်းစုများနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ဖမ်းဆီးရမိသည့် SSPP တပ်ပေါင်းစုတို့၏ တပ်ဖွဲ့ဝင်များအား ဧပြီလ ၂၈ ရက်မွန်းလွဲပိုင်းတွင် လွတ်မြောက်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း၌ ထိန်းသိမ်းထားသော SSPP တပ်ပေါင်းစုတို့၏ တပ်ဖွဲ့ဝင်များဖြစ်သည့် ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေးရွာအုပ်စုတွင်နေထိုင်သော လုံးဝိရိယ ၊ နမ္မတူမြို့နယ် ဆိုင်ခေါင်ကျေးရွာအုပ်စုတွင်နေထိုင်သော လုံးခေးမိုင် ၊ ရှောင်းဆာကျေးရွာအုပ်စု ရေအိုးကျေးရွာတွင် နေထိုင်သော ဦးကြာယုံ နှင့် သားဖြစ်သူ မောင်နေလင်းဦး ၊ မောင်နေလင်းစွာတို့အား လွတ်မြောက်ခွင့်ပေးခဲ့ပြီး သက်ဆိုင်ရာ မိဘဆွေမျိုးများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် လွတ်မြောက်ခွင့်ရရှိသောသူများ၊ သက်ဆိုင်ရာ မိဘဆွေမျိုးများ နှင့် RCSS/SSA ၏ တာဝန်ရှိပုဂ္ဂိုလ်များတို့ တွေ့ဆုံခဲ့ကြပြီး RCSS/SSA၏ တာဝန်ရှိပုဂ္ဂိုလ်များမှ အမှာစကား ပြောကြားခဲ့ကြောင်း လွတ်မြောက်ခွင့်ရရှိသောသူတို့၏ မိဘဆွေမျိုးများအား လွယ်တိုင်းလျဲန်းသို့ ဖိတ်ခေါ်ရသည့် အကြောင်းအရင်းများ၊ သျှမ်းပြည်တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ်ခဲ့ရသည်မှာလည်း ရန်သူတွေရဲ့ ပရိယာယ်ပိုင်းမျှသာဖြစ်ကြောင်း ရှင်းပြပြောကြားခဲ့တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် မတ်လ နှင့် ဧပြီလထဲမှာလည်း သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဖမ်းဆီးခံရသည့် တပ်ပေါင်းစုတို့၏ တပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၅ ဦးအား လွတ်မြောက်ခွင့် ပေးခဲ့ပါတယ်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ (RCSS/SSA)သည် တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသူများကို ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး နိုင်ငံတကာကျင့်သုံးသည့် စစ်သုံးပန်းများအပေါ် ပြုကျင့်ရမည့် ဝတ်တရားနှင့်အညီ လိုက်နာဆောင်ရွက်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ ကုသမှုများ၊ ကိုယ်ပိုင်းဆိုင်ရာ ကုသမှုများလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published 29 Apr 2022
ပုဂံဘုရားအမှတ် ၇၁၆ နှင့် ၄၁၈ မှ ရှေးဟောင်းပစ္စည်းများခိုးယူသူ စုစုပေါင်းတရားခံ (၆)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ရှေးဟောင်းပစ္စည်းများကိုလည်း ပြန်လည်ရရှိထားတယ်လို့ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလအတွင်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသ ပုဂံ၌ ဘုရားအမှတ် ၇၁၆ နှင့် ၄၁၈ တို့တွင် ဘုရားဆင်းတုတော်၏ ပလ္လင်ရှိ သဲကျောက်ရုပ်တုအချို့အား ဖြုတ်ခိုးခံရမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။
ဘုရားအမှတ် (၇၁၆)၏ ဂန္ဓကုဋိတိုက်အတွင်းရှိ ဆင်းတုတော်ကြီးအောက်မှ ပလ္လင်ခုံ မျက်နှာစာ မှန်ကွက်တန်းတွင် ၆ လက်မပတ်လည်အရွယ် မှန်ကွက်(၁၀)ကွက်အတွင်း သဲကျောက်ရုပ်ငယ်များဖြင့် တန်ဆာဆင်ပူဇော်ထားသည်ဟု ယူဆရသော်လည်း ယခုအခါ မှန်ကွက်(၁၀)ကွက်တွင် မည်သည့်ရုပ်တုမှ တွေ့ရှိရခြင်းမရှိတော့ဘဲ မှန်ကွက်(၇)ကွက် ၏ အောက်ခြေ (ဘုရားရင်ပြင်)တွင် ထွင်းဖဲ့ထားသည်ဟုယူဆရသော အင်္ဂတေအပိုင်းအစငယ်များကို တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။
ထို့ပြင် ဘုရားအမှတ်(၄၁၈)၏ ဂန္ဓကုဋိတိုက်အတွင်းရှိ ဆင်းတုတော်ကြီးအောက်မှ ပလ္လင်ခုံမျက်နှာစာမှန်ကွက်တန်းတွင် ၆ လက်မပတ်လည်အရွယ် မှန်ကွက် (၅) ကွက်အတွင်း သဲကျောက်ရုပ်ငယ်များဖြင့် တန်ဆာဆင်ပူဇော်ထားပြီး သဲကျောက်ရုပ်(၁)ရုပ်ကိုသာ တွေ့ရှိရပြီး ကျန်မှန်ကွက်(၄)ကွက်တွင် မတွေ့ရှိရတော့ဘဲ ၎င်းမှန်ကွက်များ၏ အောက်ခြေ (ဘုရားရင်ပြင်)တွင် ထွင်းဖဲ့ထားသည်ဟု ယူဆရသော အင်္ဂတေအပိုင်းအစငယ်များကို တွေ့ရှိခဲ့ရပါတယ်။
ပျောက်ဆုံးသဲကျောက်ရုပ်တုများ ပြန်လည်ရရှိရေး၊ သတင်းပေါက်ကြားမှုမရှိစေရေးနှင့် ဆက်စပ်ကျူးလွန်သူများအား အလျင်အမြန်ဖော်ထုတ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနဲ့ ရှေးဟောင်းပစ္စည်းများ ပြည်ပသို့ တရားမဝင်ရောက်ရှိမသွားစေရန်အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol)နှင့်လည်း ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဧပြီလ ၁၉ ရက်နေ့မှ ယနေ့အချိန်အထိ စုစုပေါင်းတရားခံ (၆)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဘုရားအမှတ်(၇၁၆) နှင့် ဘုရားအမှတ်(၄၁၈)တို့ မှ ပစ္စည်းများအပြင် အခြားသော ရှေးဟောင်းပစ္စည်းများဖြစ်တဲ့
(က) ဦးခေါင်းသုံးလုံးပါ ဗြဟ္မာရုပ်တု (၄)ခု ( ဘုရားအမှတ် - ၄၁၈)
(ခ ) ခြင်္သေ့ရုပ်တု (၄)ခု (ဘုရားအမှတ် - ၇၁၆)
(ဂ ) ဗုံတီးဟန်ရုပ်တု (၂)ခု (ဦးခေါင်းနှင့် အပိုင်းအစအချို့ ပဲ့လျက်ရှိ)
(ဃ) ပလ္လင်ထမ်းဟန် ရုပ်တု(၁)ခု
(င ) ကချေသည်ရုပ်တု (၁)ခု
(စ ) အုတ်ခွက်စာပါအုတ် (၁၉)ချပ်
(ဆ) ၂ ပေပတ်လည် ကျောက်ပြားတွင် သမင်ရုပ်ပုံပါ (၁)ချပ်
ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 29 April 2022
မန္တလေးနှင့် ပြင်ဦးလွင်မြို့နယ်ကြား ရဲရွာရေလှောင်တမံသွား ကားလမ်းဘေးတွင် ဖွင့်လှစ်ထားတဲ့ ဝါးနက်ဆင်စီးအပန်းဖြေစခန်းကို ဧပြီ ၂၇ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ထားကြောင်း သိရပါတယ်။
အဆိုပါဆင်စခန်း၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်ပါက ဆင်စီးပြီး သဘာဝတောတောင် ရှုခင်းအလှများဖြင့် အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ ဆင်စီးစခန်းကို ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားခဲ့ရကြောင်း၊ ယခုအချိန်တွင် ရောဂါဖြစ်ပွားမှုအခြေနေများ လျော့နည်းလာတဲ့အတွက် ဆင်စခန်းကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
ဝန်ဆောင်မှုများအနေဖြင့် နံနက် ၇ နာရီမှ ၁၁ နာရီအထိ၊ ညနေပိုင်းတွင် ၄ နာရီမှ ၆ နာရီအထိ ဆင်များစီးပြီး အပန်းဖြေလာရောက်လေ့လာနိုင်ကြောင်း သိရပါတယ်။ ဆင်စခန်းမှာ ဆင် ၈ ကောင်ရှိပြီး၊ အထီး ၃ ကောင်နဲ့ အမ ၅ ကောင်ဖြစ်ကာ ဆင်အစာအတွက် တစ်ခါကျွေးမွေးလို့ပါက ငွေကျပ် ၅ သောင်း သတ်မှတ်ထားပါတယ်။
ထို့ပြင် ဆင်စာများဝယ်ယူ၍ လာရောက်ပေးကာ ကျွေးမွေးခိုင်းသူများလည်းရှိတယ်လို့ ဆိုပါတယ်။ ဆင်စီးပြီး သဘာဝရှုခင်းများကြည့်ရူလိုတဲ့ ပြည်တွင်းခရီးသွားများအနေဖြင့် တစ်ဦးလျှင် စခန်းဝင်ကြေး ၁၀၀၀ ကျပ်၊ ဆင်စီးခဈေးနှုန်းများအနေဖြင့် ခရီးတို ၃၀၀၀ ကျပ်နှင့် ခရီးရှည် ၅၀၀၀ ကျပ်နှုန်းဖြင့် ပို့ဆောင်ပေးနေကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group.
Page 1858 of 2012