#Local_News
Published _ 26 July 2022
မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၃- ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်ပြီး ငါးနှစ်အတွင်း ကော်ဖီစိုက်ဧက သုံးသိန်းတိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်းမြင့်ကော်ဖီဖြစ်သော အာရေးဗီးကားကော်ဖီ (Arabica Coffee) ကို ဇုန် ၄ ခုခွဲပြီး ဧက နှစ်သိန်း၊ မြေနိမ့်ကော်ဖီဖြစ်သော ရိုဘတ်စတာကော်ဖီ (Robusta Coffee) ကို ဇုန် ၃ ခုခွဲပြီး ဧက တစ်သိန်း၊ စုစုပေါင်း ကော်ဖီ စိုက်ဧက သုံးသိန်းတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အာရေးဗီးကားကော်ဖီ (Arabica Coffee) စိုက်ပျိုးမည့် ဇုန်လေးခုအနက်၊ ဇုန် ၁ တွင် ပြင်ဦးလွင်၊ မိုးကုတ်နှင့် နောင်ချိုတို့ပါဝင်ပြီး၊ ဇုန် ၂ တွင် ရွာငံ၊ ပင်းတယနှင့် နောင်တရားစသည့် ဒေသများပါဝင်ကြောင်း၊ ဇုန် ၃ တွင် ဟိုပုံး၊ ဟဲဟိုး၊ ပင်လောင်းနှင့် မဲနယ်တောင်တန်းဒေသများ ပါဝင်ကာ ဇုန် ၄ တွင် ကျိုင်းတုံ၊ တာချီလိတ်စသည့်ဒေသများ ပါဝင်ကြောင်း သိရသည်။
ရိုဘတ်စတာ ကော်ဖီ (Robusta Coffee) စိုက်ပျိုးမည့်ဇုန် ၃ အနက် တနင်္သာရီတိုင်းဒေသကြီးတွင် ဇုန် ၁ ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဇုန် ၂ နှင့် ကရင်ပြည်နယ်တွင် ဇုန် ၃ စသည်ဖြင့် သတ်မှတ်ဖော်ဆောင်ကာ ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်သည်။
မြန်မာ့ကော်ဖီများကို ကမ္ဘာ့ဈေးကွက်တွင် ယခုထက်ပို၍ ထိုးဖောက်နေရာယူနိုင်စေရန်နှင့် မြန်မာနိုင်ငံကို ကော်ဖီအမြောက်အများ တင်ပို့သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလာစေရန်အတွက် စီမံချက် ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် နေရာရပြီးသား ဖြစ်သည့်အတွက် ယင်းကဲ့သို့တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်ပဈေးကွက် ပိုမိုကျယ်ပြန့်လာကာ ပြည်တွင်း ကော်ဖီစိုက် တောင်သူများနှင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာစေနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီစိုက်ဧက လေးသောင်းခန့်နှင့် မြေနိမ့် ကော်ဖီစိုက်ဧက တစ်သောင်းခန့်၊ စုစုပေါင်းကော်ဖီစိုက်ဧက ငါးသောင်းခန့်ရှိပြီး၊ အများအားဖြင့် ကုန်းမြင့်ကော်ဖီများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးရှိ ပြင်ဦးလွင်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြပြီး မြေနိမ့်ကော်ဖီများကို ပဲခူးတိုင်း ဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_26 July 2022
ထိုင်းနိုင်ငံ ဆုန်ခလာခရိုင်တွင် အဖမ်းခံထားရသော ရွေ့ပြောင်းအလုပ်သမား ၄၀၀ ကျော်အနက် မြန်မာနိုင်ငံသို့ ပြန်ပို့ရန်အတွက် ဆုန်ခလာခရိုင် ဒန်နို(ယာယီ)အချုပ်သို့ ပို့ဆောင်ပေးထားသည့်မြန်မာများထဲမှ ချင်းတိုင်းရင်းသားတစ်ဦး ကိုဗစ်ကြောင့် သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဟတ်ယိုင်ရုံး က သိရသည်။
"ချင်းလူမျိုးတစ်ယောက်ပါ။ ကိုဗစ်ရောဂါကြောင့် ဟတ်ယိုင်ဆေးရုံမှာ ဇူလိုင်လ ၂၄ ရက်နေ့ မနက် ၇ နာရီခွဲက ကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်သွားသူရဲ့ မိသားစုတွေက ဝေယျာဝိဇ္ဇအတွက် MWRN ဟတ်ယိုင်ရုံးကို အကူအညီတောင်းခံတာကြောင့် ဟတ်ယိုင်ရဲစခန်း ၊ ဟတ်ယိုင်နိုင်ဘုန်းကြီးကျောင်းနဲ့ ဒန်နို လဝက ယာယီအချုပ်တွေကို သွားပြီး ကွယ်လွန်သူရဲ့စာရွက်စာတမ်းတွေ၊ ဖုန်း ၊ ပိုက်ဆံ ဘတ် ၃၀၀၀ ကျော်နဲ့ ကွယ်လွန်သူရဲ့ အရိုးတွေကိုမြန်မာနိုင်ငံက မိသားစုတွေဆီရောက်အောင် ချိတ်ဆက် ပိုဆောင်ခဲ့ပါတယ်"ဟု ဟတ်ယိုင်ရုံးတာဝန်ခံ ကိုသိန်းထွန်း ကပြောသည်။
ကွယ်လွန်သူအား ထိုင်းအစိုးရတာဝန်ရှိသည့် ထိုင်းလဝကအနေဖြင့် ရိုးရာမပျက် တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့ပြီးသင်္ဂြိုဟ်စရိတ် ဘတ် ၄၀၀၀ ကျော်အထိကုန်ကျကြောင်း ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် လဝကတာဝန်ရှိသူများထံမှ သိရကြောင်းလည်း ၎င်းကပြောသည်။
"ကျွန်တော်တို့နဲ့အတူ လိုက်ပါကူညီပေးခဲ့ကြတဲ့ညီအစ်ကိုမောင်နှမတွေအားလုံးနဲ့ ဆုန်ခလာခရိုင် လဝက တာဝန်ရှိသူတွေ၊ ပူးပေါင်းကူညီခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ်"ဟု ကိုသိန်းထွန်းက ပြောသည်။
ယင်းအပြင် ဇူလိုင်လ ၂၅ ရက် က ဒန်နိုအချုပ်မှ ရွေ့ပြောင်းမြန်မာ ၃၅ ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အချုပ်ကားဖြင့် ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_26 July 2022
ရန်ကုန်တွင် ကျောင်းတက်ရင်းပျောက်သွားသည့် ရခိုင်မှ အသက် ၁၄ နှစ်အရွယ် Grade 10 ကျောင်းသူ မလဲ့လဲ့ရွှေရည်(ခ)မေပြည့်ဖြိုးအား ပြန်တွေ့ပြီဖြစ်ကြောင်း ရန်ကုန်ရှိ ရခိုင်အမျိုးသားကွန်ရက်က သိရသည်။
မလဲ့လဲ့ရွှေရည်(ခ)မေပြည့်ဖြိုးသည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွန်းကျေးရွာမှဖြစ်ပြီး ထောက်ကြန့်မြို့နယ်ရှိ စွယ်စုံကိုယ်ပိုင်အထက်တန်းကျောင်းတွင် Grade 10 အတွဲ(၇) ဇီဝဘာသာတွဲကိုတက်နေသူဖြစ်သည်။
သူမအား ဇူလိုင်လ ၂၅ ရက် နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို အိုးတန်းရပ်ကွက်၊ ဇေယျာသီရိ(၂)လမ်းရှိ ဒေါ်မူမူမြင့်ဆိုသူ၏နေအိမ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းပျောက်သွားသည့်အချိန် အမျိုးသမီးတစ်ဦးနှင့်တွေ့ကာ ယင်းအမျိုးသမီးက သူမ ကျောင်းတက်နေသည့် စွယ်စုံကျောင်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းမှာ ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေ(၅)လမ်း၌ အဒေါ်ဖြစ်သူ ဒေါ်ကျော့စန္ဒာမြင့်နှင့်အတူနေထိုင်စဉ် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက် ၁၁ နာရီခန့်က အိမ်တွင် လူမရှိခိုက် နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
Photo – TinHtooAung
ymg/mt
#Yangon_Media_Group
#Local_News
Published_26 July 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ကြသည့် တွံတေး၊ ကော့မှူး၊ သန်လျင်နှင့် လှည်းကူးမြို့နယ်တို့တွင် သဘာဝ အခြေခံခရီးသွားလုပ်ငန်းဖော်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက သိရသည်။
“ပြင်ပသွင်းအားစုများကို အသုံးပြုခြင်းထက် ဂေဟစနစ်အစီအမံတွေအပေါ်မှာအားထားရတဲ့ ဓာတုသွင်းအားစုများဖြစ်တဲ့ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေ ၊ တိရစ္ဆာန် မွေးမြူရေးဆိုင်ရာဆေးဝါးတွေ၊ မျိုးဗီဇပြုပြင်ထားတဲ့ မျိုးစေ့နဲ့ စပ်မျိုးတွေ ၊ တာရှည်ခံဆေးတွေ ၊ အစားအစာဖြည့်စွက်ပစ္စည်းတွေ၊ ဓာတ်ရောင်ခြည်သုံးပြုပြင်တာတွေကို ရှောင်ထားတဲ့ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ရှိနေတဲ့ နေရာပေါ့။ ပတ်ဝန်းကျင်နဲ့လူမှုဘဝတွေအပေါ် ဆိုးကျိုးမသက်ရောက်စေတဲ့ စနစ်ဖြစ်လို ပြည်တွင်းပြည်ပခရီးသွားတွေ စိတ်ဝင်တစားလည်ပတ်နိုင်တဲ့ နေရာတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ"ဟု အသင်းတာဝန်ရှိသူက ပြောသည်။
သစ်သီးနှင့် စပါးစိုက်ခင်းများကို သွားရောက်လေ့လာခွင့် လည်ပတ်ခွင့်အတွက် စိုက်ခင်းပိုင်ရှင်များနှင့် ချိတ်ဆက်၍ လာမည့် ပွင့်လင်းရာသီတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြင်ဦးလွင်မြို့ ဟိုတယ်ဇုန်အနီး ကျွဲနားထောက်ကျေးရွာမှာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ခဲ့သည့် မြန်မာ့ဆေးဖက်ဝင်အပင် အမျိုးပေါင်း ၈၅ မျိုးကျော်စိုက်ပျိုးထားသော Fame Organic Farming စိုက်ခင်းများကိုပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်လေ့လာနိုင်သည့်နေရာအဖြစ် အကောင်အထည်ဖော်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published - 26 July 2022
ဒေါ်လာဈေးဂယက်ရိုက်ခတ်မှုများကြောင့် ပြည်တွင်းကုန်ဈေးနှုန်းသည်လည်းမြင့်တက်လာပြီး ဆန်ဈေးနှုန်းမှာလည်းမြင့်တက်လာကြောင်း ဆန်ရောင်းချသူများနှင့် ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
ပြည်တွင်း စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းနှင့် ဆန်ချောဈေးနူန်းတွေသည် ဝယ်လိုအားနှင့်အပြိုင် ဈေးများ ထပ်မံမြင့်တက်လာပြီး စပါးလက်ကျန် လျော့နည်းနေချိန် ဝယ်လိုအားများ ခြင်းကြောင့် ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
"ဈေးကတော့ တခေါက်နဲ့တခေါက်မြင့်တက်လာတယ်။ ဝယ်တဲ့သူတွေက မဖြစ်မနေမို့လို့သာ ဝယ်နေကြရတာ။ အဆင်မပြေကြဘူး။ ဈေးကျ ဖို့တော့ လမ်းမမြင်ဘူး"ဟု ဆန်ရောင်းချသူတစ်ဦးက ပြောသည်။
ရန်ကုန်ဆန်ဈေးကွက်တွင် ရွေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၇၀၀၀ မှ ၁၀၀၀၀ လောက် အထိ မြင့်တက်လာပြီး၊ ကြားပျံရှယ်တစ်အိတ်လျှင် ကျပ်၂၀၀၀ မှ ၅၀၀၀ ကြားထိ မြင့်တက်လာပြီး တချို့ဆန်ဈေးနှုန်းတွေသည်လည်း အသီးသီး မြင့်တက်နေကြောင်း သိရသည်။
"ကိုယ်တွေကတနေ့လုပ်မှ တနေ့စားရတာ။ ကုန်ဈေးနှုန်းတွေကဆက်တိုက်တတ်နေတော့အဆင်မပြေဘူး။ ဝင်ငွေနဲ့ထွက်ငွေကလုံးဝမမျှဘူးဖြစ်နေတယ်။ အခက်အခဲတွေကအများကြီးရှိတာပေါ့"ဟုဈေးသည်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းမှ ပုံမှန်ထုတ်ပြန်သည့် ဈေးနှုန်းစာရင်းများအရ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ မှ ၇၆၀၀၀ ကြား ပေါက်ဈေးရှိပြီး၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၅၃၀၀၀ မီ ၅၅၀၀၀ ကြား၊ ကြားပျံရှယ်ဆန် တစ်အိတ် ၅၅၀၀၀ မှ ၆၀၀၀၀ ကြားဈေးရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 25 July 2022
ကမ္ဘာ့ရွှေဈေးကျနေပေမယ့် ပြည်တွင်းရွှေဈေးကွက်မှာတော့ ဈေးမကျသေးပဲ ဈေးအမြင့်ပိုင်းနဲ့ အရောင်းအေးနေတယ်လို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 24 July 2022
လတ်တလောမှာ ရွှေချည်ထိုးဝတ်စုံလုပ်ငန်းတွေ အရောင်းပြန်ဖြစ်နေသော်လည်း ရွှေချည်ထိုးဈေးကွက်တစ်ခုလုံးကတော့ အရောင်းအေးစက်နေဆဲဖြစ်တယ်လို့ ရွှေချည်ထိုးလုပ်ငန်းလုပ်ကိုင်တဲ့ ကိုရဲလင်းအောင် ကပြောပါတယ်၊၊
#Yangon_Media_Group
Page 1527 of 1876