#WorldHealth

Published - 15 December 2021

ကိုရိုနာမျိုးဗီဇကွဲအသစ် အိုမီခရွန်ဟာ အလွန်ကူးစက်မြန်ပြီး နိုင်ငံပေါင်း ၆၀ ကျော်မှာ ကူးစက်နေပြီဖြစ်ကြောင်း တင်ပြထားကြပါတယ်။အိုမီခရွန်က ကာကွယ်ဆေးကရတဲ့ ခုခံအားစနစ်ကို ရှောင်ရှားသွားနိုင်တယ်လို့ အချက်အလက်တွေအရသိရှိထားပေမယ့် ရောဂါဆိုးရွားမှုကတော့ ပြင်းထန်ခြင်းမရှိဘူးလို့ WHO က ဖော်ပြထားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲကို ပြီးခဲ့တဲ့လက တောင်အာဖရိကနိုင်ငံနဲ့ ဟောင်ကောင်တို့မှာ စတင်တွေ့ရှိခဲ့ပါတယ်။ဗိုင်းရပ်စ်သန္ဓေပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် ကူးစက်နှုန်းပိုမိုမြန်ဆန်လာပြီး ကိုဗစ်ရောဂါဖြစ်ပွားမှုလည်း ပိုများပြားလာခဲ့ကြောင်း WHO က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

အားလုံးခြုံကြည့်လိုက်ရင် အိုမီခရွန်မျိုးဗီဇကွဲက စိုးရိမ်စရာအနေအထားဖြစ်နေပါတယ်လို့ ဆိုခဲ့ပါတယ်။အိုမီခရွန်ကူးစက်မှုကြောင့် ယူကေမှာ လူနာတစ်ဦးသေဆုံးခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆန်က ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေနဲ့ ကိုဗစ်ရောဂါကူးစက်ခံရဖူးသူတွေမှာ အိုမီခရွန်ကူးစက်မှုကိုကာကွယ်ဖို့ antibody အလုံအလောက်မရှိဘဲ ရောဂါကူးစက်မှုနှုန်းတွေများလာပြီး ရောဂါနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ကြောင်း အစောပိုင်းတွေ့ရှိချက်တွေကို WHO က ဖော်ပြထားပါတယ်။

တစ်ကမ္ဘာလုံးကိုကူးစက်ခဲ့တဲ့ ဒယ်လ်တာမျိုးဗီဇကွဲထက် အိုမီခရွန်က ပိုမိုကူးစက်စေနိုင်သလားဆိုတာကတော့ သေသေချာချာမသိရသေးပါဘူး။
အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသီများကလည်း WHO ရဲ့ သုံးသပ်ချက်ကို အတည်ပြုခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့သူတွေမှာ အိုမီခရွန်ကိုကာကွယ်ချေဖျက်ဖို့ antibody တွေ တော်တော်များများလျော့နည်းသွားကြောင်း တနင်္လာနေ့က ဓာတ်ခွဲခန်းတွေ့ရှိချက်ကို ဖော်ပြထားပါတယ်။

အက်စ်ထရာဇန်နီကာနဲ့ ဖိုင်ဇာ-ဘိုင်အိုတက်ခ် ကာကွယ်ဆေးတွေကရတဲ့ antibody ခုခံအားတွေက လျော့နည်းလာပေမယ့် ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့ ဒုတိယထောက်တိုင်သဖွယ်ဖြစ်တဲ့ တီဆဲလ်တွေက ဗိုင်းရပ်စ်ကူးစက်ထားတဲ့ဆဲလ်တွေကို တိုက်ခိုက်ပြီး ရောဂါပြင်းထန်ဆိုးရွားမှုကို ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်လို့ရပါတယ်။

အိုမီခရွန်ကြောင့် ရောဂါပိုမိုဆိုးရွားနိုင်တယ်ဆိုတဲ့ အထောက်အထားတွေတော့ မတွေ့ရသေးကြောင်း အောက်စ်ဖို့ဒ်မှသုတေသီတွေက ဆိုပါတယ်။
ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံခြင်းက ရောဂါပြင်းထန်ဆိုးရွားမှုကို ကာကွယ်နိုင်မှာဖြစ်ပြီး booster အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်းက အိုမီခရွန်ကို ကာကွယ်ပေးနိုင်မယ့် antibody ပမာဏ ရရှိစေမှာဖြစ်ကြောင်း အဆိုပါကုမ္ပဏီတွေက ပြောကြားလိုက်ပါတယ်။

"အိုမီခရွန်က ဒယ်လ်တာမျိုးဗီဇကွဲလောက် ရောဂါပြင်းထန်ခြင်းမရှိပေမယ့် ပိုမိုကူးစက်မြန်လာတဲ့အတွက် ဆေးရုံတက်ကုသမှုတွေ များလာနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်တယ်"လို့ WHO က ပြောပါတယ်။
Source: Reuters.