#World_Health
Published - 29 December 2021
အမေရိကန်ကျန်းမာရေးတာဝန်ရှိသူတွေက ကိုဗစ်ရောဂါလက္ခဏာမပေါ်ဘဲကူးစက်ခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် သီးခြားခွဲနေထိုင်ခြင်းကာလကို အရင်က ၁၀ ရက်သတ်မှတ်ထားရာမှ ၅ ရက်အထိ လျှော့ချပေးလိုက်ပါတယ်။
ရောဂါလက္ခဏာမပေါ်တဲ့သူတွေဟာ သီးခြားခွဲနေထိုင်ပြီးပါက နောက်ထပ် ၅ ရက်ကို နှာခေါင်းစည်းတပ်ပြီး သွားလာရမှာဖြစ်ကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)က ဆိုပါတယ်။
ကာကွယ်ဆေးမထိုးထားတဲ့သူတွေ၊ mRNA ကာကွယ်ဆေးဒုတိယအကြိမ်ထိုးပြီး ၆ လနဲ့အထက် ကြာမြင့်သူတွေ၊ Johnson & Johnson ကာကွယ်ဆေးထိုးပြီး ၂ လအထက် ကြာမြင့်သူတွေနဲ့ booster အားမြှင့်ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေကတော့ ဗိုင်းရပ်စ်နဲ့ထိတွေ့မိပါက ၅ ရက်ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။
ကွာရန်တင်းနေထိုင်ပြီးပါက နောက်ထပ် ၅ ရက်ကို နှာခေါင်းစည်းတပ်ပြီး သွားလာရမှာဖြစ်ပါတယ်။CDC ရဲ့သတ်မှတ်ချက်အရ သီးခြားခွဲနေထိုင်ခြင်းဆိုတာ ရောဂါကူးစက်နေတဲ့သူတွေကို ရောဂါမရှိတဲ့သူတွေနဲ့ ခွဲခြားထားရှိခြင်းဖြစ်ပြီး ကွာရန်တင်းကတော့ ရောဂါကူးစက်နေတဲ့သူတွေကို သွားလာခွင့်ထိန်းချုပ်ကန့်သတ်ကာ ရောဂါလက္ခဏာပေါ်လာခြင်းရှိမရှိ စောင့်ကြည့်ရတာမျိုး ဖြစ်ပါတယ်။
"ကျွန်မတို့သိရှိထားတဲ့ ဗိုင်းရပ်စ်ပျံ့ပွားနှုန်းအချက်အလက်နဲ့ ကာကွယ်ဆေးတွေကပေးတဲ့ ရောဂါခုခံနိုင်စွမ်းပေါ်မူတည်ပြီး သီးခြားခွဲနေထိုင်ခြင်းနဲ့ ကွာရန်တင်းဝင်ခြင်းကို CDC က မျှမျှတတဖြစ်အောင် ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်ပါတယ်"လို့ CDC ရဲ့ ညွှန်ချုပ် ရိုချယ်လ်ဝါလန်စကီက ထုတ်ပြန်ပြောကြားထားပါတယ်။
အမေရိကန်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေရဲ့ ၇၃ ရာခိုင်နှုန်းက အိုမီခရွန်ကူးစက်မှုတွေဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ်က ဖော်ပြထားပါတယ်။ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးထားသူတွေနဲ့ booster အားမြှင့်ကာကွယ်ဆေးထိုးထားသူတွေမှာပါ ရောဂါကူးစက်မှုတွေ မြင့်တက်လာပါတယ်။
ဒါပေမဲ့လည်း အိုမီခရွန်ကူးစက်မှုက ရောဂါအပျော့စားသာဖြစ်ပွားပြီး အချို့ဆိုရင် ရောဂါလက္ခဏာတောင် မပေါ်တတ်ပါဘူး။CDC ကထုတ်ပြန်ထားတဲ့ ကွာရန်တင်း ၁၀ ရက်သတ်မှတ်ချက်ကို လျှော့ချလိုက်ခြင်းဖြင့် ရောဂါလက္ခဏာမပေါ်တဲ့သူတွေအနေနဲ့ ရောဂါကာကွယ်ရေးသတိပြုပြီး လုပ်ငန်းခွင်တွေ ကျောင်းတွေကို ပြန်လည်သွားရောက်နိုင်မှာဖြစ်ကြောင်း အိမ်ဖြူတော်မှ ဆေးဘက်ဆိုင်ရာအကြံပေးပုဂ္ဂိုလ် အန်သိုနီဖော်ချီက CNN ကို ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။
booster အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့သူတွေက ဗိုင်းရပ်နဲ့ထိတွေ့မိပါက ကွာရင်တင်းဝင်စရာမလိုပေမယ့် ၁၀ ရက်ကြာတဲ့အထိ နှာခေါင်းစည်းတပ်ဆင်သင့်ကြောင်း CDC က ပြောကြားခဲ့ပါတယ်။
Source: Reuters