#World_Business
Published 19 July 2022

 

ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom က ပုံမှန်မဟုတ်တဲ့အခြေအနေများကြောင့် ဓာတ်ငွေ့ထောက်ပံ့ပေးပို့မှုကို အာမမခံနိုင်ကြောင်း ဥရောပမှ ဓာတ်ငွေ့ဝယ်ယူသူများကို အသိပေးလိုက်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

 

ဒါဟာ ရုရှားတို့ ယူကရိန်းကိုကျူးကျော်တာကြောင့် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့တာကို ရုရှားတို့ကစီးပွားရေးအရ တုန့်ပြန်လာတာဖြစ်နိုင်ကြောင်း ယူဆရပါတယ်။

 

ဇွန်လ ၁၄ ရက်နေ့မှစတင်၍ သာမန်မဟုတ်တဲ့အခြေအနေတွင် ဓာတ်ငွေ့ထောက်ပံ့မှုမရရှိခြင်းအတွက် တာဝန်မယူနိုင်ကြောင်းစာချုပ်ပါအချက်အလက်ကို ပြန်လည်အသက်သွင်းကြေညာလိုက်တယ်လို့ ဇူလိုင် ၁၄ ရက်နေ့ရက်စွဲဖြင့် ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom က စာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

 

ဂျာမနီနဲ့ဥရောပကို ရုရှားဓာတ်ငွေ့များ အဓိကပေးပို့ဖြတ်သန်းရာ နော့ဒ်စထရင်းမ်(၁)ဓာတ်ငွေ့ပိုက်လိုင်းကို ၁၀ ရက်တာပြုပြင်ထိန်းသိမ်းမှုပြုလုပ်မှာဖြစ်ပြီးကြာသပတေးနေ့မှာ ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်ပြီးဆုံးမှာဖြစ်ပါတယ်။

 

ထိုစာစောင်ရဲ့ဖော်ပြချက်အရ ထိန်းသိမ်းပြုပြင်မှုပြီးဆုံးသွားရင်တောင် ရုရှားက ဓာတ်ငွေ့ပြန်လည်မပေးပို့မှာကို ဥရောပကစိုးရိမ်နေပါတယ်။

 

ယူကရိန်းကိုကျူးကျော်တာကြောင့် ရုရှားအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ရာ ရုရှားက လက်တုံ့ပြန်လာမှာကို စိုးရိမ်နေကြပြီး လောင်စာစွမ်းအင်ပြတ်လတ်လာပါက တိုင်းပြည်ဆုတ်ယုတ်မှုများ ဖြစ်လာနိုင်ချေရှိနေပါတယ်။

 

စီးပွားရေးလုပ်ငန်းစာချုပ်တွေမှာ ထည့်သွင်းသတ်မှတ်လေ့ရှိတဲ့ အချက်အလက်တစ်ခုက သာမန်မဟုတ်တဲ့အခြေအနေတွေမှာ တာဝန်ယူမှုကင်းလွတ်ခွင့်ရှိနေတဲ့ အချက်ဖြစ်ပါတယ်။

 

ထိုအချက်အလက်အရ Gazprom က ဓာတ်ငွေ့ပေးပို့ခြင်းကို ရပ်ဆိုင်းမှာမျိုးမဟုတ်ဘဲ အကြောင်းတစ်ခုခုကြောင့် စာချုပ်ပါအချက်အလက်များအတိုင်း မဖြည့်ဆည်းနိုင်ပါက တာဝန်မယူနိုင်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့လများအတွင်း ရုရှားဓာတ်ငွေ့အဓိကပေးပို့ရာ ယူကရိန်း၊ ဘီလာရုစ်တိုအပါအဝင်လမ်းကြောင်းများကို ဓာတ်ငွေ့ထောက်ပံ့မှုများ လျှော့ချလာပါတယ်။

 

စာစောင်ထုတ်ပြန်ချက်အရ ပြုပြင်ထိန်းသိမ်းခြင်းပြုလုပ်ပြီးရင်တောင် နော့ဒ်စထရင်းမ်(၁)ပိုက်လိုင်းကနေ ဓာတ်ငွေ့ပေးပို့ချင်မှ ပေးပို့တော့မယ်ဆိုတဲ့သဘောဖြစ်နေကြောင်း ABN အမ်ရိုမှ အကြီးတန်းစွမ်းအင်စီးပွားရေးပညာရှင်'ဟန်းစ်ဗန်ကလိဖ်'က ပြောကြားခဲ့ပါတယ်။

 

ထိုအချက်အလက်ထုတ်ပြန်ဖို့ ဘယ်လိုအခြေအနေမျိုးဖန်တီးနေပါစေ၊ နည်းပညာပိုင်းအရပဲဖြစ်ဖြစ် နိုင်ငံရေးအရပဲဖြစ်ဖြစ် ရုရှားနဲ့ ဥရောပ၊ ဂျာမနီတိုကြား တင်းမာမှုဆက်လက်မြင့်တက်လာဖို့ပဲရှိပါတယ်လို့ ဆိုပါတယ်။

 

ရုရှားဓာတ်ငွေ့ အများဆုံးတင်သွင်းနေတဲ့ Uniper ဂျာမနီကုမ္ပဏီကလည်း ထုတ်ပြန်စာကိုလက်ခံရရှိခဲ့ပြီး ဒါဟာတရားမမျှတဘူးလို တရားဝင်ကြေညာလိုက်ပါတယ်။

 

ဒါ့အပြင် နောက်ထပ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ RWE ကလည်း ထိုထုတ်ပြန်စာစောင်ကိုရရှိခဲ့ပြီး အတိအကျထုတ်ပြန်ကြေညာတာမျိုး မပြုလုပ်နိုင်တာကိုနားလည်ပေးကြပါလို့ မေတ္တာရပ်ခံခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group