Published 22 May 2022

ဂရင်းပါတီနှင့် ရာသီဥတုပြောင်းလဲမှာ အာရုံစိုက်တဲ့ တစ်သီးပုဂ္ဂလိကတွေအပေါ်မကြုံစဖူး ထောက်ခံမှုတွေ က ကွန်ဆာဗေးတစ်ညွန့်ပေါင်းရဲ့ ဆယ်စုနှစ်တစ်စုနီးပါး အုပ်ချုပ်မှုကို အဆုံးသတ်လိုက်ပြီးနောက်  ဩစတြေးလျ လေဘာပါတီဟာ နောက်အစိုးရကို တနင်္လာနေ့မှာ ဖွဲ့စည်းဖို့ရှိပါတယ်။

အလယ်-လက်ဝဲ လေဘာပါတီဟာ အောက်လွှတ်တော်၁၅၁နေရာက အများစု ၇၆နေရာရရှိဖို့ လေးနေရာ ငါးနေရာခန့် လိုအပ်နေပါတယ်။ ဒါကြောင့် ၂၀၁၃ခုနှစ်ကတည်းက လက်လွှတ်ခဲ့တဲ့ အာဏာကို ပြန်ရယူဖို့ တစ်သီးပုဂ္ဂလိကတွေနှင့် ပါတီငယ်လေးတွေရဲ့ထောက်ခံမှုလိုကောင်းလိုပါမယ်။

တိုကျိုမှာ အင်္ဂါနေ့ မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ဂျပန်နှင့်အိန္ဒိယဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံဆွေးနွေးကြမယ့် လေးပြည်ထောင်"Quad" အစည်းအဝေးကို သူမတက်ခင် သူဟာ ၃၁ဦးမြောက်ဝန်ကြီးချုပ်အဖြစ် အခြား ပါတီရဲ့ဝါရင့် ပါတီဝင်(၄)ဦးနှင့်အတူ  ကျမ်းသစ္စာကျိန်ဆိုမယ်လို့ လေဘာပါတီခေါင်းဆောင် အန်သိုနီအယ်ဘန်နီဆီက ပြောပါတယ်။

“ ကျွန်တော်ဟာ နိုင်ငံကို မပြောင်းလဲလိုပါဘူး။ နိုင်ငံမှာ နိုင်ငံရေးတွေ လှုပ်ရှားဆောင်ရွက်နေကြတဲ့ နည်းလမ်းကိုပဲ ပြောင်းလဲချင်ပါတယ်” လို့ ဆစ်ဒနီဆင်ခြေဖုံးရက်ကွက်က ကဖေးဆိုင်တစ်ဆိုင်က ထွက်လာတဲ့ အယ်ဘန်နီဆီက သတင်းထောက်တွေကိုပြောပါတယ်။သူဟာ အဲဒီနေရာမှာပဲ ထောက်ခံသူတွေနှင့် အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာပါ။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့်အိမ်နီးချင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်တို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင် တော်တော်များများက သူ့အနိုင်ရမှုကို ချီးကျုးဝမ်းသာစကားပြောခဲ့ကြပါတယ်။

လက်ရှိဝန်ကြီးချုပ် စကော့မော်ရစ်ဆန်ရဲ့ လစ်ဘရယ်ပါတီဟာ သူ့ရဲ့အမာခံ  မြို့တော်တော်များများမှာ  အမျိုးသမီး အများစုပါဝင်တဲ့ တစ်သီးပုဂ္ဂလိကတွေရဲ့ ဖြုတ်ချခြင်းခံရပါတယ်။အဲဒီအမျိုးသမီးတွေဟာ ရာသီဥတုပြောင်းလဲခြင်း၊ဂုဏ်သိက္ခာနှင့် လိင်တန်းတူရှိမှုတို့အတွက် ပိုမိုလုပ်ဆောင်ဖို့ စည်းရုံးလှုံ့ဆော်ခဲ့ကြသူတွေဖြစ်ပါတယ်။

လစ်ဘရယ်ပါတီခေါင်းဆောင်ကနေ နှုတ်ထွက်မယ့် မော်ရစ်ဆန်ကို တနင်္ဂနွေနေ့ ဘုရာရှိခိုးကျောင်းလာတက်ပုံကို ရုပ်သံမှာ ပြသခဲ့ပါတယ်။

“ကျွန်တော်တို့လျှောက်လှမ်းနိုင်ဖို့ ကြီးမားတဲ့ ဖောင်ဒေးရှင်းတစ်ခုကို ခင်ဗျားတို့က ကျွန်တော်တို့ကိုပေးခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လေးနှစ်လုံးလုံး အတော်ခက်ခက်ခဲခဲလျှောက်လှမ်းခဲ့ရပါတယ်” လို့ စိတ်လှုပ်ရှားနေပုံရတဲ့ မော်ရစ်ဆန်က ဘုရားကျောင်းလာသူတွေကို ပြောခဲ့ပါတယ်။

Source Reuters