#WorldHealth
Published 17 May 2022

 

ဆယ်ကျော်သက်မိန်းကလေးတစ်ဦးဟာ ရေနဲ့ဓာတ်မတည့်ဘဲ အလွန်နာကျင်ရတဲ့ အင်ပျဉ်တွေထွက်လာတတ်တာကြောင့် ပုံမှန်ရေချိုးခြင်းမပြုလုပ်နိုင်တဲ့အပြင် မျက်ရည်ကျလို့တောင် မရတဲ့ အခြေအနေဖြစ်ပါတယ်။

 

အရီဇိုးနား တက်ခ်ဆန်မှ အသက် ၁၅ နှစ်ရှိ'အက်ဘီဂေးလ်ဘက်ခ်'ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အဆိုပါလက္ခဏာတွေခံစားခဲ့ရပေမယ့် ပြီးခဲ့တဲ့လကမှ ရေနဲ့ဓာတ်မတည့်တဲ့ရောဂါရှိကြောင်း သိရှိလိုက်ရပါတယ်။

 

လူအယောက်သန်း ၂၀၀ မှာ တစ်ယောက်ဖြစ်တတ်တဲ့ အလွန်ရှားပါးဝေဒနာမျိုးဖြစ်ပြီး အရေပြားကိုရေနဲ့ထိတွေ့မိတဲ့အခါ အင်ပျဉ်များဖြစ်ပေါ်လာတတ်ပါတယ်။

 

မိုးရေစိုတဲ့အခါ ဒါမှမဟုတ် ရေချိုးလိုက်တဲ့အခါတိုင်း အက်ဆစ်နဲ့ပက်သလိုခံစားရတာကြောင့် ၂ ရက်နေမှ ရေချိုးရကြောင်း 'အက်ဘီဂေးလ်'ကဆိုပါတယ်။

 

ရေသောက်တဲ့အခါမှာလည်း ပြန်ပြီးအန်ထွက်တာကြောင့် ရေတစ်ခွက်အပြည့်မသောက်ရတာ တစ်နှစ်ကျော်နေပါပြီ။

 

အဲဒီအစား အဟာရအချိုရည်နဲ့ ရေဓာတ်ပါဝင်မှုနည်းတဲ့ သလဲသီးဖျော်ရည်ကိုသာ သောက်သုံးနေရပါတယ်။

 

ရောဂါအခြေအနေတိုးတက်မလာဘူးဆိုရင် ပုံမှန်အားဆေးသွင်းခြင်းနဲ့ ရေဓာတ်ပြည့်ဝမယ့်ဆေးတွေ အသုံးပြုသင့်ကြောင်း ဆရာဝန်တွေကအကြံပြုထားပါတယ်။

 

'အက်ဘီဂေးလ်'ဟာ အပျိုဖော်ဝင်စအချိန် အသက် ၁၃ နှစ်မှာ စပြီး ဒီလက္ခဏာတွကို ခံစားခဲ့ရပါတယ်။

 

ဒီလိုဖြစ်ရပ်မျိုး အယောက် ၁၀၀ အောက်ဖြစ်ဖူးကြောင်း မှတ်တမ်းများရှိနေပြီး အရွယ်ကူးပြောင်းချိန်တွေမှာ ဖြစ်လေ့ရှိပါတယ်။

 

ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာမသိရသေးပေမယ့် ရေထဲမှာပါဝင်တဲ့ဓာတ်ပစ္စည်းတစ်မျိုးကြောင့် ကိုယ်ခံအားတုန့်ပြန်တဲ့ သဘောဖြစ်နိုင်ပါတယ်။

 

ရှားပါးဝေဒနာတစ်ခုဖြစ်တာကြောင့် အကောင်းဆုံးကုသရမယ့်နည်းလမ်းကိုလည်း မသိရှိကြသေးပါဘူး။

 

သက်သာအောင်ကုသတဲ့နည်းလမ်းတွေကတော့ အန်တီဟစ္စတမင်း၊ ခရမ်းလွန်ရောင်ခြည်၊ စတီးရွိက်၊ အရေပြားကာကွယ်ပေးတဲ့ခရင်မ်နဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ဖြင့် ရေချိုးခြင်းတို့ ဖြစ်ပါတယ်။

 

အစပိုင်းမှာ အနည်းငယ်သာခံစားရပေမယ့် တဖြည်းဖြည်းနဲ့ဆိုးရွားလာခဲ့ပြီး မိုးရေထိရင်တောင် အက်ဆစ်နဲ့ထိသလို ခံစားရကြောင်း ပြောပြလာပါတယ်။

 

အခုဆိုရင် ရေချိုးခြင်း၊ အားကစားလုပ်ခြင်း စတဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတွေကို မပြုလုပ်နိုင်တဲ့အပြင် မျက်ရည်ကျလို့တောင်မရပါဘူး။

 

ရေသောက်လိုက်တယ်ဆိုရင်လည်း ရင်ဘတ်ကနာ၊ နှလုံးခုန်ကမြန်လာပြီး အန်ထွက်လေ့ရှိပါတယ်။

 

"တစ်နေ့နေ့တစ်ခုခုဖြစ်သွားရင် ဘာလုပ်ရမလဲတောင် မသိပါဘူး။ အနားကတစ်ယောက် ယောက်က အကောင်းဆုံးကူညီပေးလိမ့်မယ်လို့ စိတ်ထဲမှတ်ယူထားပါတယ်" လို့ 'အက်ဘီဂေးလ်'ကဆိုပါတယ်။

 

'အက်ဘီဂေးလ်'က ဒီရောဂါအကြောင်းလူတွေသိရှိလာအောင် အသိပေးနေပြီး ဒီအကြောင်းပိုမိုနားလည်လာအောင် ရှင်းပြနေရပါတယ်။

 

Source: DailyMail
#Yangon_Media_Group