#Ukraine_Crisis
Published 17 May 2022

ယူကရိန်းနိုင်ငံမှ မာရီယူပိုလ်ဆိပ်ကမ်းမြို့ကို ရုရှားတပ်များဝိုင်းရံပြီး လနဲ့ချီအောင်ဗုံးကျဲတိုက်ခိုက်ခဲ့ကြပြီးနောက် ရုရှားလက်ထဲသို့ ပေးအပ်လိုက်ရပြီဖြစ်ကာ အဆိုပါမြို့ရှိ ယူကရိန်းနောက်ဆုံးခံတပ်မှ ကျန်ရှိနေတဲ့တပ်သားများကို ကယ်ထုတ်ခဲ့ကြကြောင်း ယူကရိန်းစစ်တပ်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ရာနဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေထဲမှာ ဒဏ်ရာရသူများလည်းပါဝင်နေပြီး သူတို့ကို ရုရှားထိန်းချုပ်ရာမြို့များသို့ ကယ်ဆယ်ပို့ဆောင်ခဲ့ကြရာ ယူကရိန်းစစ်ပွဲအတွင်း အကြာရှည်ဆုံးနဲ့ အသေကြေအများဆုံး တိုက်ပွဲဖြစ်ခဲ့ပြီး ယူကရိန်းအတွက်တော့ အတော်လေးအထိနာခဲ့ရပါတယ်။

 

အဆိုပါမြို့ကို ရုရှားတို့တိုက်ခိုက်ခဲ့ပြီးနောက် တစ်မြို့လုံးပျက်စီးကြေမွသွားပြီး မြို့ထဲရှိလူပေါင်းသောင်းနဲ့ချီသေဆုံးခဲ့တယ်လို့ ယူကရိန်းဘက်က ထုတ်ပြန်လိုက်ပါတယ်။

 

မာရီယူပိုလ်ရှိကျန်တဲ့နေရာတွေ ရုရှားထိန်းချုပ်မှုအောက်ရောက်ရှိသွားချိန်မှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားရာဂဏန်းလောက်ဟာ အာဇော့ဗ်စတယ်လ် သံမဏိစက်ရုံမြေအောက်မှာ ပုန်းအောင်နေခဲ့ရပါတယ်။

 

လတ်တလောရက်သတ္တပတ်များအတွင်း မြေအောက်ထဲမှာ ပုန်းအောင်းနေတဲ့အရပ်သားတွေကို ကယ်ထုတ်နိုင်ခဲ့သလို တပ်ဖွဲ့ဝင် ၂၆၀ ကျော်နဲ့ ဒဏ်ရာရသူအချို့ကို ရုရှားထိန်းချုပ်ရေးနယ်မြေများထံသို့ တနင်္လာနေ့က ပို့ဆောင်ခဲ့ပါတယ်။

 

ယူကရိန်းစစ်တပ်ရဲ့စစ်ဦးစီးချုပ်က မာရီယူပိုလ်ခံတပ်ဟာ ခုခံတိုက်ခိုက်ရေး တာဝန်ကို အပြည့် အဝဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စစ်မှုထမ်းတွေကိုကယ်တင်ဖို့ အာဇော့ဗ်စတယ်လ်မှာ အခြေချထားတဲ့ တပ်မှူးများကို စစ်ရေးအထက်ပိုင်းက အမိန့်ပေးခဲ့ကြောင်း၊ မာရီယူပိုလ်မှ ခုခံသူတွေက အခုတိုက်ပွဲရဲ့ သူရဲကောင်းများဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သံမဏိစက်ရုံမှ ဒဏ်ရာရစစ်သည် ၅၃ ဦးကို အရှေ့ဘက် ၃၂ ကီလိုမီတာ ရုရှားထိန်းချုပ်ရေးနယ်မြေ နိုဗိုအာဇော့ဗ်စ်ရှိ ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ကြောင်း ယူကရိန်းဒုတိယကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

 

နောက်ထပ် ၂၁၁ ဦးကိုတော့ ရုရှားကျောထောက်နောက်ခံပြုခွဲထွက်ရေးသမားများ အုပ်ချုပ်ရာ အိုလေနစ်ဗ်ကာမြို့သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။

 

ကယ်ထုတ်ခံရသူများဟာ ရုရှားနဲ့အကျဉ်းသားလဲလှယ်ရေးကိစ္စမှာ အကျုံးဝင်ပတ်သက်နေမှာဖြစ်ပါတယ်။

 

"ကျွန်တော်တို့လူတွေကို ကျွန်တော်တို့ကယ်ဆယ်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ထဲမှာ ဒဏ်ရာအလွန်ပြင်းထန်တဲ့သူတွေလည်း ပါနေပါတယ်။ အခုတော့ ပြုစုစောင့်ရှောက်ခံနေရပါပြီ။ ယူကရိန်းရဲ့သူရဲကောင်းတွေကို အသက်ရှင်လျက်ပြန်လိုချင်ပါတယ်" လို့ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က နံနက်ခင်းမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

 

တနင်္လာနေ့နှောင်းပိုင်းမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို သယ်ဆောင်လာတဲ့ ဘတ်စ်ကား ၅ စီးဟာ အာဇော့ဗ်စတယ်လ်မှ ထွက်လာပြီး နိုဗိုအာဇော့ဗ်သို့ရောက်ရှိလာတာကို ရိုက်တာသတင်းဌာနက တွေ့ရှိလိုက်ရပါတယ်။

 

ရုရှားကျူးကျော်ရေးသင်္ကေတဖြစ်တဲ့ 'Z'အမှတ်တံဆိပ်ပါကားပေါ်မှာ တပ်သားတွေကို လူနာသယ်ထမ်းစင် ၃ ဆင့်ဖြင့်ထပ်ထားတာကိုတွေ့ရပါတယ်။

လူတစ်ဦးဆိုရင် ဘီးတပ်ကုလားထိုင်ဖြင့်နေနေရပြီး ခေါင်းကိုပတ်တီးထူထူဖြင့် တင်းတင်းကြပ်ကြပ်ပတ်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။

 

Source: Reuters.
#Yangon_Media_Group