#WorldHealth
Published 17 May 2022

ပြီးခဲ့တဲ့ဆောင်းရာသီက ကမ္ဘာပေါ်မှာ အိုမီခရွန်ကူးစက်လှိုင်းဖြစ်ပွားခဲ့ပြီးနောက် ကိုဗစ်ကူးစက်မှုများခဏတာ ငြိမ်သက်သွားမယ်လို့ ထင်ခဲ့ကြပါတယ်။

 

ဒါပေမဲ့အမေရိကန်မှာ လက်ရှိကိုဗစ်ကူးစက်မှုများ တဖြည်းဖြည်းပြန်လည်များပြားလာပြီဖြစ်ပါတယ်။

 

အချို့လူတွေမှာ ကိုဗစ်ရောဂါကို ၂ ကြိမ်၊ ၃ ကြိမ်၊ ၄ ကြိမ်လောက်အထိကူးစက်နေတာမျိုး ရှိလာပါပြီ။

 

လတ်တလောရောဂါကြောင့် ဖျားနာဝေဒနာခံစားရခြင်းဖြင့် ကိုဗစ်ရောဂါ မကူးစက်တော့ဘူးဆိုတဲ့ အာမခံချက်မျိုးမရှိပါဘူး။

 

အိုမီခရွန်မှ ထပ်မံခွဲထွက်လာတဲ့မျိုးနွယ်ခွဲဗိုင်းရပ်စ်တွေဟာ ဒယ်လ်တာကူးစက်မှုနဲ့ မူလအိုမီခရွန်ကူးစက်မှုတို့မှရရှိတဲ့ ပဋိပစ္စည်းတွေကိုပါ ရှောင်ရှားသွားနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

 

"ကိုဗစ်ကူးစက်မှုတွေ ခဏလောက်လျော့ပါးသွားမယ်လို့ထင်ခဲ့ပေမယ့် တကယ်ကတော့ သိပ်ပြီးအဆင်ပြေမနေပါဘူး" လို့ မာဆာချူဆက်စ်အထွေထွေဆေးရုံကြီးမှ ကူးစက်ရောဂါကျွမ်းကျင် ဒေါက်တာ'ဂျိတ်ခ်လမ်မစ်'က ဆိုပါတယ်။

 

ထပ်မံကူးစက်ခြင်းတွေ ဘယ်လောက်အထိဖြစ်နေကြသလဲဆိုတာ မသိရသလို ဘယ်မျိုးဗီဇကွဲတွေလဲဆိုတာကိုလည်း မသိရပါဘူး။

 

ထပ်မံကူးစက်မှုတွေကို လိုက်လံစောင့်ကြည့်ဖို့ ပြည်နယ်ကျန်းမာရေးဌာနအနည်းငယ်ကို အသိပေးထားပြီး ဆောင်ရွက်နေပေမယ့် ထပ်မံကူးစက်မှုတွေဟာ အကြောင်းကြားသိရှိရတာထက် ပိုနည်းနေနိုင်ပါတယ်။

 

သူတိုရဲ့ထုတ်ဖော်ထားတဲ့ အချက်အလက်တွေအရ ထပ်မံကူးစက်ခြင်းတွေက ပိုပြီးအဖြစ်များလာတယ်ဆိုတာကို အထူးသတိပေးထားပါတယ်။

 

ကိုလိုရာဒိုပြည်နယ်မှာ ကပ်ရောဂါကာလအတွင်း ထပ်မံကူးစက်သူ ၄၄,၀၀၀ ဦးရှိခဲ့ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုဌာနက မှတ်တမ်းရရှိထားပါတယ်။

 

ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ ထပ်မံကူးစက်ခြင်းမျိုး အများဆုံးတွေ့ရှိရကာ ၃ ပုံ ၁ ပုံကျော်က ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားသူတွေဖြစ်ပြီး ၁၆ ရာခိုင်နှုန်းလောက်ကတော့ အားမြှင့်ကာကွယ်ဆေး(booster)ထိုးပြီးသား လူတွေဖြစ်ပါတယ်။

 

မြောက်ကယ်ရိုလိုင်းနားမှာ မတ်လနှောင်းပိုင်းကတည်းက ထပ်မံကူးစက်မှုမြင့်တက်လာခဲ့ပြီး ဧပြီ ၃၀ ရက်နေ့အထိ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်သူ စုစုပေါင်းရဲ့ ၈ ရာခိုင်နှုန်းက ထပ်မံကူးစက်သူတွေဖြစ်ပါတယ်။

 

အင်ဒီယာနာနဲ့ အိုင်ဒါဟိုတို့မှာလည်း ထပ်မံကူးစက်သူ ၁၂ ရာခိုင်နှုန်းကျော်နဲ့ ၁၈.၅ ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါတယ်။

 

ဝါရှင်တန်မှတင်ပြချက်အရ ထပ်မံကူးစက်သူတွေထဲမှာ ဆေးရုံတက်ကုသရသူတွေလည်း ရှိနေပါတယ်။

 

ထပ်မံကူးစက်မှု အများဆုံးဖြစ်လေ့ရှိသူတွေမှာ အသက် ၁၈ မှ ၃၄ နှစ်အတွင်းဖြစ်ပြီး အသက် ၆၅ နှစ်နဲ့ အထက်လူကြီးတွေကတော့ ဆေးရုံတက်ကုသခံယူရလေ့ရှိပါတယ်။

 

"လူတစ်ယောက်က ရောဂါမကူးစက်အောင် ဘယ်လိုပဲသတိထားပြီးနေနေ ပထမဆုံးအကြိမ် ကိုဗစ်စဖြစ်ပြီဆိုရင် အံ့ဩစရာတော့မဟုတ်တော့ပါဘူး။ ကူးစက်လှိုင်းရောက်လာရင် ကျွန်တော်တို့ဘာမှမတတ်နိုင်ပါဘူး" လို့ ဆန်ဖရန်ဆစ္စကို ကယ်လီဖိုးနီးယားမှ ဥက္ကဌ'ဘော့ဘ်ဝက်ချ်တာ'က ပြောပြသွားပါတယ်။

 

Source: Bloomberg
#Yangon_Media_Group