#WorldPolitics

Published 24 December 2021

 

အဂတိလိုက်စားမှုကြောင့် ထောင်ဒဏ်ပြစ်ဒဏ်ကျခံထားရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပါ့ခ်ဂွန်ဟေးကို လက်ရှိသမ္မတမွန်းဂျယ်အင်းက အမှုကျေအေးပေးလိုက်ပြီဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက သောကြာနေ့က ကြေညာလိုက်ပါတယ်။

 

တောင်ကိုရီးယားခေါင်းဆောင် ပါ့ခ်ဂွန်ဟေးဟာ အရှုပ်တော်ပုံတစ်ခုမှာ ပါဝင်ပတ်သက်မှုကြောင့် အုပ်ချုပ်ရေးရာထူးမှဖယ်ရှားပစ်ဖို့ အခြေခံဉပဒေတရားရုံးက ၂၀၁၇ ခုနှစ်မှာ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ရတဲ့ ဒီမိုကရေစီနည်းလမ်းကျ ပထမဆုံးရွေးကောက်တင်မြှောက်ထားတဲ့ တောင်ကိုရီးယား ခေါင်းဆောင်ဖြစ်ပါတယ်။

 

ထိုအရှုပ်တော်ပုံမှာပါဝင်တဲ့ ဆမ်ဆောင်းအီလက်ထရောနစ်ကုမ္ပဏီခေါင်းဆောင်ဖြစ်သူလည်း ထောင်ဒဏ်ကျခံခဲ့ရပါတယ်။
ပါ့ခ်ဂွန်ဟေးက လူယုံတစ်ဦးနဲ့ ပူးပေါင်းကာ အဓိကလုပ်ငန်းစုများထံမှ ဝမ်ဘီလီယံနဲ့ချီကာ ရယူခဲ့ပြီး သူ့မိသားစုနဲ့ သူပိုင်ဆိုင်တဲ့ ပရဟိတဖောင်ဒေးရှင်းတွေကို ကူညီထောက်ပံ့ခဲ့တယ်ဆိုတဲ့ပြစ်မှုတွေကို တွေ့ရှိခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

 

ဇန်နဝါရီလက တောင်ကိုရီးယားထိပ်တန်းတရားရုံးတစ်ခုက ပါ့ခ်ကို လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ကာ ရာထူးမှဖယ်ရှားခဲ့ပြီး တရားစီရင်ချက်ကို အဆုံးသတ်ခဲ့ပါတယ်။အခုအချိန်မှာတော့ ပထမဆုံးအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ အခွင့်အရေးပေါ်လာပါပြီ။ဒါပေမဲ့ ပါ့ခ်ဂွန်ဟေးမတိုင်ခင် သမ္မတဖြစ်ခဲ့တဲ့ လီမြောင်ဘက်ဟာလည်း အကျင့်ပျက်ခြစားမှုကြောင့် ထောင်ဒဏ်ကျခံနေရပေမယ့် သူ့ကိုတော့ စွပ်စွဲချက်ကျေအေးဖို့ မပြောထားပါဘူး။

 

"သမ္မတဟောင်းပါ့ခ်ဂွန်ဟေးအနေနဲ့ အတိတ်ကပြုခဲ့တာတွေကို ဖြတ်ကျော်ပြီး ပြည်သူတွေရဲ့ စည်းလုံးမှုကို နားလည်သဘောပေါက်ဖို့ အနာဂတ်မှာ ဘဝအသစ်စနိုင်ဖို့ အခွင့်အရေးပေးလိုက်တာဖြစ်ပါတယ်" လို့ တရားစီရင်ရေးဝန်ကြီးက မီဒီယာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။မတ်လသမ္မတရွေးကောက်ပွဲမတိုင်ခင်မှာ ပါ့ခ်ဂွန်ဟေးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အတိုက်အခံပြည်သူ့စွမ်းအားပါတီဝင်များနဲ့ ထောက်ခံသူများက တောင်းဆိုနေကြပါတယ်။

 

မွန်းဂျယ်အင်းဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင် လီဂျယ်မြောင်နဲ့ ပြည်သူ့စွမ်းအားပါတီမှ ရွေးကောက်ပွဲယှဉ်ပြိုင်တဲ့ ယွန်ဆော့ယောလ်တို့ဟာ ထောက်ခံမဲရရှိမှုမှာ သူမသာကိုယ်မသာ ဖြစ်နေပါတယ်။ပါ့ခ်ဂွန်ဟေးဟာ အကျဉ်းကျခံနေရစဉ်မှာ ကျန်းမာရေးပြဿနာများခံစားခဲ့ရပြီး ပုခုံးခွဲစိတ်မှုလည်း ပြုလုပ်ခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

Source: Reuters

#Yangon_Media_Group