#WorldHealth
Published - 24 December 2021

သြစတြေးလျသိပ္ပံပညာရှင်များ ထုတ်လုပ်လိုက်တဲ့ လက်ထိပ်မှသွေးဖောက်ယူတဲ့ စစ်ဆေးနည်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကိုဗစ်ရောဂါခုခံအားကို မိနစ် ၂၀ အတွင်း အတိအကျ တိုင်းတာရရှိနိုင်မှာဖြစ်ပါတယ်။

ဘားနက်တက္ကသိုလ်နဲ့ ပီတာဒိုဟာတီတက္ကသိုလ်တို့က ဖန်တီးလိုက်တဲ့ အဆိုပါစစ်ဆေးနည်းဟာ ကိုဗစ်ခုခံအားကို တိုင်းတာနိုင်တဲ့ ပထမဆုံး POC test အမျိုးအစားဖြစ်ပါတယ်။

တခြား POC test တွေက SARS-CoV-2 antibody ပမာဏကို တိုင်းတာနိုင်ပြီး ရောဂါပိုးတွေကိုချေဖျက်ပေးမယ့် antibody ပမာဏကို သိရှိဖို့ အသုံးပြုနိုင်ပေမယ့် သူတို့ရဲ့ စစ်ဆေးနည်းကတော့ ကိုဗစ်ရောဂါပိုးကို ချေဖျက်ပေးမယ့် antibody ခုခံအားကိုပါ တိုင်းတာပေးနိုင်ကြောင်း သုတေသီတွေက ရှင်းပြသွားပါတယ်။

အဆိုပါစစ်ဆေးနည်းက အိုမီခရွန်ကဲ့သို့ မျိုးဗီဇကွဲတွေကို ကာကွယ်နိုင်မယ့် antibody ခုခံအားရှိလား မရှိလားဆိုတာကိုလည်း စမ်းသပ်လို့ရမှာဖြစ်ကြောင်း EBioMedicine ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲက ဒယ်လ်တာမျိုးဗီဇကွဲထက် အဆ ၄၀ လောက် ခုခံအားကို ရှောင်ရှားသွားနိုင်တာကြောင့် အရင်က antibody အလုံအလောက်ရှိနေတဲ့ သူတွေက အခုအခါ ခုခံအားမလုံလောက်တော့ပါဘူး။

POC test စမ်းသပ်ခြင်းဖြင့် booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ လိုအပ်သလားဆိုတာကို မြန်မြန်ဆန်ဆန် သိရှိရမှာဖြစ်တယ်လို့ ဘားနက်တက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာဒေးဗစ်အန်ဒါဆန်က ဆိုပါတယ်။

"ဒီစစ်ဆေးနည်းရဲ့ အားသာချက်က POC test လုပ်မယ်ဆိုရင် လက်ထိပ်သွေးဖောက်ပြီး စစ်ဆေးလို့ရပါတယ်" လို့ ဒေါက်တာအန်ဒါဆန်က ပြောပါတယ်။

"နောက်ထပ်အားသာချက်ကတော့ မျိုးဗီဇကွဲအမျိုးမျိုးနဲ့ အလွယ်တကူအစားထိုးပြီး စစ်ဆေးလို့ရတာဖြစ်ပါတယ်။ အိုမီခရွန်ကို မစမ်းသပ်ရသေးပေမယ့် စမ်းသပ်ပြီးသားမျိုးဗီဇကွဲတွေ နေရာမှာ အစားထိုးအသုံးပြုလိုက်ရုံပါပဲ" လို ဆိုပါတယ်။

လူတစ်ဦးချင်းဆီရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ အခြေအနေတွေနဲ့ ကိုယ်ခံအားတုန့်ပြန်မှုတွေကို သိရှိနိုင်ပြီး ပြည်ဝင်ခွင့်ပြန်လည်ဖွင့်ပေးရာမှာ အထောက်အပံ့ပေးနိုင်မယ့် စစ်ဆေးနည်းလည်း ဖြစ်ပါတယ်။

ရောဂါဆိုးရွားနေတဲ့ နေရာတွေနဲ့ စမ်းသပ်စစ်ဆေးဖို့ အခက်အခဲရှိတဲ့ နေရာတွေမှာလည်း အလွယ်တကူအသုံးပြုနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
အခုအချိန်မှာ ရှေ့ပြေးစမ်းသပ်ချက်များပြုလုပ်နေပြီး နိုင်ငံတကာဈေးကွက်မှာ ထုတ်လုပ်ဖြန့်ဖြူးဖို့ လက်တွဲသွားနိုင်မယ့် အဖွဲအစည်းတွေကို မျှော်လင့်နေပါတယ်။

တက္ကသိုလ်နှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုက အချိန်တိုအတွင်း အကျိုးသက်ရောက်မှုရှိကြောင်း ဘားနက်ရောဂါရှာဖွေရေးမှ ဒါရိုက်တာဂျန်နီဖာဘန်းစ်က ဆိုပါတယ်။

"နည်းပညာထုတ်လုပ်မှုတွေကနေ ကျန်းမာရေးကဏ္ဍမှာ အသုံးချသွားဖို့ မျှော်လင့်ထားပြီး ထုတ်လုပ်ရောင်းချဖို့အတွက် လက်တွဲနိုင်မယ့်အဖွဲ့အစည်းကို ရှာဖွေသွားမှာ ဖြစ်ပါတယ်" လို့ ဂျန်နီဖာက ပြောကြားသွားပါတယ်။
Source: The Straits Times