#WorldHealth


Published - 24 December 2021

ကိုဗစ်ရောဂါကူးစက်မှု စတုတ္ထလှိုင်းအတွင်း တောင်အာဖရိကမှ အိုမီခရွန်မျိုးဗီဇကွဲ ကူးစက်ခံရသူတွေဟာ အခြားမျိုးဗီဇကွဲတွေထက်စာရင် ဆေးရုံတက်ကုသခံရမှု ၈၀ ရာခိုင်နှုန်းလျော့နည်းကြောင်း အမျိုးသားကူးစက်ရောဂါရှာဖွေရေးတက္ကသိုလ်က လေ့လာဖော်ပြထားပါတယ်။

ဆေးရုံတက်ကုသရတဲ့သူတွေကတော့ ရောဂါဆိုးရွားမှုမှာ အခြားမျိုးဗီဇကွဲတွေနဲ့ သိပ်ပြီးကွာခြားမှုမရှိဘူးလို့ နီကိုးလ်ဝေါလ်တာနဲ့ ချယ်ရိုင်လ်ကိုဟန်တို့ ဦးဆောင်တဲ့အဖွဲ့က ပြောဆိုသွားပါတယ်။

ဧပရယ်လနဲ့ နိုဝင်ဘာလအတွင်း တောင်အာဖရိကမှာ ပျံ့ပွားခဲ့တဲ့ ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုနဲ့ ယှဉ်ရင် အိုမီခရွန်က ရောဂါဆိုးရွားနိုင်ချေ ၇၀ ရာခိုင်နှုန်းလျော့နည်းပါတယ်။

အိုမီခရွန်ကူးစက်မှု အချက်အလက်တွေကို နိုဝင်ဘာလကစပြီး ၂ လအတွင်း စုဆောင်းလေ့လာထားတာ ဖြစ်ပါတယ်။တောင်အာဖရိကနိုင်ငံမှာ နိုဝင်ဘာ ၂၅ ရက်နေ့က စတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန်မျိုးဗီဇကွဲဟာ နိုင်ငံအတွင်း စံချိန်တင်ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အာဖရိကတိုက်ရဲ့ အဖွံ့ဖြိုးဆုံးဖြစ်တဲ့ တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့ ၇ လအတွင်း ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ၄၄ ရာခိုင်နှုန်းရှိပါတယ်။
ဒီလိုဆေးရုံတက်ကုသခံရမှု နည်းပါးတဲ့အကြောင်းအရင်းက အသက်အရွယ်၊ ကျားမ၊ အခြားရောဂါအခံရှိမှု၊ ကာကွယ်ဆေးထိုးထားလို့ ခုခံအားရှိနေမှု စတဲ့ အချက်အလက်များစွာအပေါ်မှာလည်း မူတည်နေပါတယ်။

အိုမီခရွန်ကူးစက်တဲ့သူတွေမှာ ဗိုင်းရပ်စ်ပမာဏ ပိုများတာကိုလည်း တွေ့ရှိထားပါတယ်။ဒယ်လ်တာကူးစက်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အချိန်ကာလအလျောက် ခုခံအားပေါ်ထွက်လာခြင်းနဲ့လည်း သက်ဆိုင်နေတယ်လို့ ယူကေဆေးပညာတက္ကသိုလ်မှ ပရော်ဖက်ဆာပေါလ်ဟန်တာက ဆိုပါတယ်။

"အိုမီခရွန်ကူးစက်တဲ့သူတွေက ဒယ်လ်တာကူးစက်ခံရတဲ့သူတွေလောက် ဆေးရုံတက်ကုသခံရမှု မလိုအပ်ဘူးဆိုတာဟာ ဗိုင်းရပ်စ်သဘာဝကြောင့်လို့ ယူဆလို့မရသလို ပြီးခဲ့တဲ့နှစ်ကထက်စာရင် အခုနိုဝင်ဘာလမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလို့ ခုခံအားကောင်းလာတာ ကြောင့်လို့လည်း သေချာပေါက်ပြောလို့ မရပါဘူး" လို့ ဟန်တာက ပြောသွားပါတယ်။
Source: Bloomberg