#WorldHealth

Published - 23 December 2021

ကိုဗစ်ကာကွယ်ဆေးတွေ ထုတ်လုပ်နေတဲ့ မိုဒါနာကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ် အိုမီခရွန်ကို ပစ်မှတ်ထားကာကွယ်သွားမယ့် booster အားမြှင့်ကာကွယ်ဆေးကို ရက်သတ္တပတ်အနည်းငယ်အတွင်း ဘာပြဿနာမှမရှိဘဲ စတင်ထုတ်လုပ်သွားနိုင်ဖွယ်ရှိကြောင်း အမှုဆောင်ချုပ်စတီဖန်းဘန်ဆယ်က အင်တာဗျူးတစ်ခုမှာ ပြောကြားသွားပါတယ်။

ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲအတွက် ကာကွယ်ဆေးကိုလည်း နောက်နှစ်အစောပိုင်းမှာ စမ်းသပ်ချက်တွေ ပြုလုပ်ဖို့ မျှော်မှန်းထားပြီး အခုလက်ရှိမှာတော့ booster အားမြှင့်ကာကွယ်ဆေးကို ဦးစားပေးထုတ်လုပ်သွားမှာဖြစ်ပါတယ်။

"အိုမီခရွန်ကို ထိရောက်စွာကာကွယ်နိုင်ဖို့ ပြုပြင်ချက်အနည်းငယ်သာ ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဘာပြဿနာမှမရှိစေဖို့ မျှော်လင့်ပါတယ်" လို့ ဒီဇင်ဘာ ၂၁ ရက်နေ့က ဆွစ်ဇာလန်သတင်းစာ TagesAnzeiger နဲ့ အင်တာဗျူးမှာ ဘန်ဆယ်ကပြောကြားသွားပါတယ်။

မိုဒါနာကုမ္ပဏီက booster အားမြှင့်ကာကွယ်ဆေး စတင်ထုတ်လုပ်နိုင်ဖို့ အိုမီခရွန်နဲ့ ပတ်သက်တဲ့ အရေးကြီးအချက်အလက်တွေ ဆက်လက်စောင့်ကြည့်နေကြပြီး နောက် ၁ ပတ် ၂ ပတ်လောက်ကြာဦးမှာ ဖြစ်ပါတယ်။

"အသိအမှတ်ပြုခွင့်ရပြီးရင် ကာကွယ်ဆေးသန်း ၅၀၀ ထုတ်လုပ်နိုင်ဖို့ လအနည်းငယ်လောက်ကြာမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ထက်စာရင် ကျွန်တော်တို့ရဲ့ထုတ်လုပ်နိုင်စွမ်းက အတော်လေးမြင့်တက်လာပါပြီ" လို့ ဘန်ဆယ်ကဆိုပါတယ်။

အသိအမှတ်ပြုပေးမယ့် အဖွဲ့တွေဖြစ်တဲ့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေး၊ ဆွစ်ဇာလန်မှ ဆွစ်မက်ဒစ်တို့လို အဖွဲ့အစည်းတွေအနေနဲ့ နောက်ထပ်လေ့လာတွေ့ရှိချက်တွေ ပြုလုပ်ဦးမယ်ဆိုရင်တော့ အနည်းဆုံး ၃ လလောက် ကြာမှာဖြစ်ပါတယ်။

"အချို့ တာဝန်ရှိသူတွေက လေ့လာစမ်းသပ်ချက်တွေ ပြုလုပ်ချင်ပေမယ့် အချို့ ကတော့ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော့်အမြင်အရ ရောဂါဘယ်လောက်အထိ ဆိုးရွားသလဲဆိုတဲ့အပေါ် များစွာမူတည်နေမယ်ထင်ပါတယ်" လို့  ဘန်ဆယ်က ပြောပါတယ်။

၂၀၂၁ အစောပိုင်းက မိုဒါနာကုမ္ပဏီဟာ ကာကွယ်ဆေးထုတ်လုပ်ရေးနဲ့ ပို့ဆောင်ရေးတို့ မှာ နှောင့်နှေးမှုတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အချိန်နဲ့တပြေးညီ ထုတ်လုပ်တင်ပို့ နေပြီဖြစ်ပါတယ်။
Source: CNA