Published: 19 December 2021

ချစ်သူမိန်းကလေးအိပ်ပျော်နေတုန်း သူမရဲ့လက်ဗွေကိုယူ၊သူမရဲ့မျက်ခွံကိုဖွင့်ပြီး သူမရဲ့ဆဲလ်ဖုန်းကိုဖွင့်ကာ ငွေတွေခိုးယူခဲ့ သူကို တရုတ်တရားရုံးတစ်ခုက ထောင်ဒဏ်သုံးနှစ်ခွဲ ချမှတ်ခဲ့ကြောင်း သတင်းတစ်ပုဒ်အရသိရပါတယ်။

ဟွမ်းလို့သိထားတဲ့ အသက်၂၈နှစ်အရွယ်အဲဒီအမျိုးသားဟာ ၂၀၂၀ခုနှစ် ဒီဇင်ဘာလတုန်းက  သူ့ရည်းစားနေမကောင်းတဲ့အတွက် အဲဒီအမျိုးသမီးရဲ့အခန်းကိုသွားခဲ့ကြောင်း သည်တိုင်းမ်က သတင်းရေးသားပါတယ်။

အဲဒီနောက်သူဟာ ဒွန်းလို့ခေါ်တဲ့ အဲဒီအမျိုးသမီးအတွက် ဟင်းချက်ပေးခဲ့ပါတယ်။ပြီးတော့ သူမအိပ်မောကျသွားအောင် အိပ်ငိုက်စေတဲ့ အအေးမိပျောက်စေးကိုပါထည့်တိုက်ခဲ့ပါတယ်။

သူမအိပ်ပျော်သွားတဲ့အခါ ဟွမ်းဟာ ဒွန်းရဲ့လက်ဗွေရာကိုယူပြီး ဟွာဝေးဖုန်းကို လော့ခ်ဖြည်ဖွင့်ခဲ့ပါတယ်လို့ တရားရုံး ထွက်ချက်များအရသိရပါတယ်။

အဲဒီနောက်သူဟာ သူမရဲ့ မျက်ခွံကို အတင်းဖွင့်ပြီး Alipay app အလီပေး အက်ပလီကေးရှင်းကို လော့ခ်ဖြည်ခဲ့ပါတယ်။

အက်ပလီကေးရှင်းပွင့်သွားတဲ့အခါ သူဟာ လျို့ဝှက်ကုတ် password ကိုပြောင်းလိုက်ပြီး ဒွန်းရဲ့ ဒစ်ဂျတယ်လ်ထဲက ယွမ်၁၅၄၀၀၀( အမေရိကန်ဒေါ်လာ၂၄၁၅၅)ကိုထုတ်ယူခဲ့ပါတယ်။ သူ့လောင်ကစားကြွေးတွေဆပ်ဖို့လို့ပြောပါတယ်။

နောက်တစ်နေ့မနက်မှာ ဒွန်ဟာ သူ့အကောင့်ထဲမှာ တစ်ဦးဦးက ငွေထုတ်ထားတာတွေ့လိုက်လို့ ရဲကိုတိုင်တန်းအမှုဖွင့်ခဲ့ ပါတယ်။ အဲဒီအချိန်မှာ ဟွမ်းက အခြားမြို့တစ်မြို့ကိုထွက်ပြေးသွားခဲ့ပါပြီ။ ရဲတွေက သူ့ကို ဒီနှစ်ဧပြီလမှာ တွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။

ဟွမ်းဟာ ထောင်ဒဏ်အပြင် ငွေဒဏ်အဖြစ် ယွမ်နှစ်သောင်း(ဒေါ်လာ၃၁၃၇)ကိုပါချမှတ်ခံခဲ့ရပါတယ်။

ဗီယက်နမ်နယ်စပ်အနီးက နန်နင်းမြို့တောင်ပိုင်းက ခရိုင်တရားရုံးတစ်ခုက ဟွမ်းဟာ အခြားသူတွေရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းကို လျှို့ဝှက်နည်းတွေသုံးပြီးခိုးယူခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်၊

အလီပေးရဲ့ ပြောရေးဆိုခွင့်ရသူက ဒီလိုဖြစ်တောင့်ဖြစ်ခဲ ခိုးယူမှုအတွက် နစ်နာကြေးပေးပါမယ်လို့ ပြောလိုက်ပြီး အသုံးပြုသူတွေအနေနှင့် သူတို့ရဲ့အကောင့်တွေကိုကာကွယ်ရာမှာ လော့ခ်အထပ်ထပ်ပိတ်ထားသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

Source BusinessInsider