#WorldSociety                 

Published - 17 December 2021

အသက် ၉၆ နှစ်အရွယ်ရှိ မလေးရှားဝန်ကြီးချုပ်ဟောင်းဖြစ်သူ မာဟာသီယာမိုဟာမက်ဟာ ဆေးရုံတင်ထားရပြီး ဆေးစစ်ဆေးမှုအစအဆုံး ပြုလုပ်ထားတယ်လို့ အဆိုပါဆေးရုံက ကြာသပတေးနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

"ဝန်ကြီးချုပ်ဟောင်းကို ဆေးစစ်ဆေးမှုအစအဆုံးပြုလုပ်ရမှာဖြစ်ပြီး ဆက်လက်စောင့်ကြည့်လေ့လာသွားရမှာ ဖြစ်ပါတယ်" လို့ နှလုံးရောဂါကုဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မာဟာသီယာကို ဘာကြောင့်ဆေးရုံတင်ရလဲဆိုတဲ့ အကြောင်းအရင်းကို မဖော်ပြထားတဲ့အပြင် သူ့ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကလည်း မှတ်ချက်ပြုပြောကြားခြင်း မရှိခဲ့ပါဘူး။
ဝန်ကြီးချုပ်ဟောင်းကို ဆေးရုံမှာ နောက်ရက်အနည်းငယ်လောက်အထိ စောင့်ကြည့်သွားဖို့ ဆေးရုံက အကြံပြုထားပါတယ်။

မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်တွေထဲမှာ သက်တမ်းအကြာရှည်ဆုံးအုပ်ချုပ်ခဲ့တဲ့ မာဟာသီယာဟာ အရင်ကလည်း နှလုံးရောဂါခံစားခဲ့ရဖူးပါတယ်။နှလုံးသွေးကြောပိတ်ခြင်းကို ခံစားခဲ့ရဖူးပြီး နှလုံးသွေးကြောဖြတ်ဆက်ခွဲစိတ်ခြင်းတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

အသက် ၉၀ ကျော်ဝန်ကြီးချုပ်ဟောင်းဟာ ၂၀၀၃ မတိုင်ခင်အထိ ဝန်ကြီးချုပ်အဖြစ် ၂၂ နှစ်တိုင်အောင် အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။အသက် ၉၂ နှစ်အရောက်မှာ အတိုက်အခံအဖွဲ့ကိုဦးဆောင်ပြီး အရင်သူဦးဆောင်လှုပ်ရှားခဲ့တဲ့ပါတီကို ၂၀၁၈ ခုနှစ်မှာ သမိုင်းတွင်အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ သူဦးဆောင်ရယူပေးခဲ့တဲ့ အစိုးရအဖွဲ့ဟာ အတွင်းပိုင်းပဋိပက္ခတွေကြောင့် ၂ နှစ်အတွင်းမှာပဲ ပြိုလဲပျက်စီးခဲ့ပါတယ်။မလေးရှားနိုင်ငံရေးနဲ့ ပတ်သက်လာရင် မာဟာသီယာက ဩဇာအာဏာသက်ရောက်နေဆဲဖြစ်ပါတယ်။
Source: Reuters