#WorldSociety

Published - 29 November 2021

တစ်ခါတရံမှာ လူသားတွေဟာ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပြီး ဦးနှောက်အနားပေးဖို့ အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ သဘာဝပတ်ဝန်းကျင်နေရာတွေမှာ အနားယူဖို့ လိုအပ်ပါတယ်။တောင်ကိုရီးယားမှာ အဲဒီလိုအနားယူနိုင်အောင် အခကြေးငွေယူဆောင်ပြီး ဝန်ဆောင်မှုပေးနေပါပြီ။

ဆိုးလ်သစ်တောအနီးက လက်ဖက်ရည်ဆိုင်တစ်ခုမှာ လာရောက်တဲ့ဧည့်သည်တွေက အပန်းဖြေဖို့ နေရာအတွက် ကြိုတင်စာရင်းသွင်းပြီး အနားယူလို့ရနေပါပြီ။
Green Lab ဆိုတဲ့ လက်ဖက်ရည်ဆိုင်ဟာ လူ ၁၀ ယောက်သာ နေရာယူနိုင်ပြီး ဆိုင်ထဲမှာဖိနပ်စီးခွင့်မရှိတဲ့အပြင် စကားပြောခွင့်လည်း မရှိပါဘူး။

နိုင်ငံအတွင်း စိတ်ပြေလက်ပျောက်အနားယူနိုင်မယ့် နေရာတွေကို လူအများစိတ်ဝင်စားလာကြကာ ကပ်ရောဂါကာလတလျှောက် ဒီဆိုင်ဟာလည်း ဧည့်သည်မပြတ် ဝန်ဆောင်မှုပေးနေရပါတယ်။ဧည့်သည်တွေဟာ သစ်ပင်တွေ ကောင်းကင်တွေကို ငေးမောရင်း သက်တောင့်သက်သာရှိလှတဲ့ ကုလားထိုင်မှာထိုင်ပြီး အနားယူနိုင်ပါတယ်။

အနားယူရင်း စာဖတ်ခြင်း စာရေးသားခြင်း တရားထိုင်ခြင်းတို့ ပြုလုပ်နိုင်သလို လက်ဖက်ရည်လေးသောက်ရင်း ရှုခင်းငေးမောနေလို့ရပါတယ်။တောင်ကိုရီးယားလူနေမှုဘဝမှာ ဘာမှမလုပ်ဘဲနေနိုင်တဲ့ နေရာမျိုးတွေ့ရဖို့ အလွန်ရှားပါးသွားပြီဖြစ်ကြောင်း Green Lab မှ ဝန်ထမ်းဖြစ်သူ ဘဲ့ဟွန်းကဆိုပါတယ်။

"လူတွေက ဒီလိုစိတ်အပန်းဖြေတဲ့နည်းလမ်းကို စိတ်ဝင်စားလာကြမယ်ထင်ပါတယ်။ ဒီထက်ပိုပြီးလူသိများဖိုကတော့ အချိန်ယူရဦးမှာပါ"လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ကပ်ရောဂါမတိုင်ခင်ကတည်းက ကမ္ဘာပေါ်မှာ အချိန်ပိုအလုပ်ဆင်းရတဲ့ကြာချိန် အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး လူအမြောက်အများဟာ စိတ်ဖိစီးမှုဒဏ်တွေ ခံစားနေရပါတယ်။

၂၀၁၇ ခုနှစ်အတွင်း အချိန်ပိုအလုပ်ဆင်းပြီး ဝန်ထမ်းရာကျော်သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့အပြီးမှာတော့ တောင်ကိုရီးယားအစိုးရက တစ်ပတ်အတွင်းအများဆုံးအလုပ်ချိန်အဖြစ် ၆၈ နာရီကနေ နာရီ ၄၀ အထိလျှော့ချသတ်မှတ်ဖို့ နဲ့ တစ်ပတ်အတွင်း အချိန်ပိုအလုပ်ဆင်းရာမှာ အများဆုံး ၁၂ နာရီအထိသာ သတ်မှတ်ထားရှိဖို့ ဥပဒေထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း တောင်ကိုရီးယားပြည်သူတွေအကြား စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျဆင်းမှုဝေဒနာမြင့်တက်လာခဲ့ပြီး လူ ၁၀၀၀ မှာ ၇၂.၈ ရာခိုင်နှုန်းက စိတ်ဖိစီးမှုခံစားနေရကြောင်း ဒီနှစ်စစ်တမ်းကောက်ယူချက်တွေမှာ တွေ့ရှိရပါတယ်။

"အလုပ်တွေပိပြီး အထီးကျန်နေတဲ့ခံစားမှုကို တပြိုင်နက်တည်းထိန်းချုပ်နိုင်ဖို့ ခက်ခဲပါတယ်။ အိမ်မှာမဟုတ်ဘဲ အေးအေးဆေးဆေးအနားယူလိုရမယ့် နေရာမျိုး လိုအပ်နေကြပါတယ်"လို့ သုတေသီတစ်ဦးက ပြောသွားပါတယ်။

Source: The Independent.