#WorldPolitics

Published-  29 November 2021

ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ မင်းသားကြီး နိုရိုဒွန်ရာနာရစ်ဟာ အသက် ၇၇ နှစ်အရွယ်၌ ပြင်သစ်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ နိုရိုဒွန်ရာနာရစ်ဟာ လက်ရှိဘုရင်မင်းမြတ်နဲ့ အဖေတူညီအစ်ကိုတွေဖြစ်ပြီး တချိန်ကနိုင်ငံရေးပြိုင်ဘက်ဖြစ်ခဲ့တဲ့ နောက်ပိုင်းနှစ်တွေမှာ ဝန်ကြီးချုပ်ဟန်ဆန်ရဲ့ လွှမ်းမိုးမှုအောက်မှာသာ အချိန်တွေကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်က နိုရိုဒွန်ရာနာရစ်ရဲ့ နိုင်ငံရေးတော်ဝင်ပါတီဟာ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပေမယ့် ညွန့်ပေါင်းမဟာမိတ်ဟန်ဆန်က ၁၉၉၇ ခုနှစ်မှာ အာဏာသိမ်းပိုက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ အာဏာပိုင်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။

"ရာနာရစ်လို ဂုဏ်ကျက်သရေရှိပြီး တိုင်းပြည် လူမျိုး ဘာသာရေးအပေါ် သစ္စာစောင့်သိတဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲမိပါတယ်"လို့ ဟန်ဆန်က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ကမ္ဘောဒီးယားတော်ဝင်မျိုးနွယ်ဝင်တွေထဲမှာ နိုရိုဒွန်ရာနာရစ်ဟာ နိုင်ငံရေးအလှုပ်ရှားဆုံးလူဖြစ်ပါတယ်။ အာဏာသိမ်းခံရပြီး နောက်ပိုင်းနှစ်တွေမှာလည်း လွတ်လပ်ငြိမ်းချမ်းရေးရဖို့ရည်ရွယ်ချက်နဲ့ အမျိုးသားညီညွတ်ရေးပါတီမှာ ဦးဆောင်လှုပ်ရှားခဲ့ပြီး ရွေးကောက်ပွဲတွေ ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာ သစ္စာဖောက်မှုနဲ့ စွပ်စွဲခံရလို့ ထောင်နန်းစံခဲ့ရတဲ့ဦးဆောင်သူတစ်ဦးရဲ့ တခြားပါတီကို ဖျက်သိမ်းဖို့ပါဝင်ကူညီခဲ့တာကြောင့် ကမ္ဘောဒီးယားအတိုက်အခံအဖွဲ့တွေ အားနည်းစိတ်ပျက်ခဲ့ရပါတယ်။အဲဒီအချိန်ကစပြီး အတိုက်အခံပါတီတွေ အားနည်းဘေးထွက်ခဲ့ရကာ အခုဆိုရင် ဟန်ဆန်က တစ်ပါတီတည်း ကြီးစိုးနေခဲ့ပါတယ်။

နိုရိုဒွန်ရာနာရစ်ရဲ့ အဖေတူညီအစ်ကိုဖြစ်တဲ့ ဘုရင်နိုရိုဒွန်ဆီဟာမိုနီဟာ သူတို့ရဲ့ဖခင်ဖြစ်သူ ဘုရင်နိုရိုဒွန်ဆီဟာနော့ ၂၀၀၄ ခုနှစ်က ထီးနန်းစွန့်လွှတ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားထီးနန်းကို ဆက်ခံခဲ့ပါတယ်။

ဆီဟာနော့ဟာ ၂၀၁၂ ခုနှစ်က ဘေဂျင်းမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကမ္ဘောဒီးယားက နိုင်ငံရေးလေ့လာသုံးသပ်ရေးသမား လောင်မုံဟေးက ရာနာရစ်က သူ့အဖေလောက် နိုင်ငံရေးမကျွမ်းကျင်ဘူးလို့ ဆိုခဲ့ပါတယ်။ ရာနာရစ်ဟာ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်တွေ ရခဲ့ပေမယ့် အနိုင်ရဖို့တော့ ဘယ်တော့ကမှ မနီးစပ်ခဲ့ပါဘူး။

Source: Reuters