#WorldNews
Published- 19 October 2021
အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့က ကိုဗစ်ရောဂါကာလအတွင်းမှာပင် နှစ်နိုင်ငံအကြား ခရီးသွားလာရေးစင်္ကြံ တစ်ခုတည်ထောင်ရန် စတင်စီစဉ်နေကြပြီဖြစ်ကြောင်း ထိုနှစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက အောက်တိုဘာ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဒီနှစ်ဇန်နဝါရီလမှ ဩဂုတ်လအထိ ဒီနှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်ရေးက အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးချုပ်ရက်နိုမာဆူဒီက ကောက်နုတ်ဖော်ပြသွားပါတယ်။
မနှစ်တုန်းက ဒီလိုကာလအပိုင်းအခြားမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံရှိခဲ့တာကြောင့် မနှစ်ကနဲ့ယှဉ်ရင် ဒီနှစ်မှာ ၄၄ ရာခိုင်နှုန်းပိုများလာတာဖြစ်ပါတယ်။
"စီးပွားရေးလုပ်ငန်းရှင်တွေ ထိန်းညှိလုပ်ကိုင်စေပြီး နှစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ဆက်လက်အရှိန်မြှင့်တိုးတက်လာဖို့အတွက် နိုင်ငံကူးသွားလာရေးဟာ အရေးကြီးကိစ္စဖြစ်နေပါတယ်။ အဲဒါကြောင့် ကျွန်မတို့နှစ်နိုင်ငံစလုံးက မရှိမဖြစ်စီးပွားရေးလုပ်ငန်းတွေအတွက် နိုင်ငံကူးသန်းသွားလာရေးအစီအစဉ်ဖြစ်တဲ့ ခရီးသွားစင်္ကြံတစ်ခု သဘောတူညီချက်ကို လုပ်ဆောင်သွားဖို့ သဘောတူထားကြပါတယ်" လို့ မာဆူဒီကဆိုပါတယ်။
မကြာခင်မှာ လုပ်ဆောင်တော့မယ့် အာဆီယံကူးသန်းသွားလာရေးအစီအစဉ်အတွက်လည်း အထောက်အကူဖြစ်စေမှာ ဖြစ်တယ်လို့ဆိုပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အက်ဗ်ဒူလာက ဂျကာတာမြို့တော်ကို ၄ ရက်ခရီးလာရောက်နေတာဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခြင်းခံရအပြီး အင်ဒိုနီးရှားရဲ့မြို့တော်ကို ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပါတယ်။
သွားလာခွင့်တွေမပေးခင်မှာ အစီအစဉ်တွေတိတိကျကျထားရှိဖို လိုအပ်တယ်လို့ မစ္စတာဆိုင်ဖူဒင်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။
"ဥပမာအနေနဲ့ တာဝန်ရှိသူတွေအတွက် သွားလာရေးကို ဦးစားပေးသင့်တာမျိုး၊ ပြီးတော့ သတ်မှတ်ထားတဲ့လမ်းကြောင်းနေရာတွေကပဲ သွားလာခွင့်ပြုတာမျိုး လုပ်သင့်တယ်" လို့ မစ္စတာဆိုင်ဖူဒင်က ဆိုပါတယ်။ နှစ်နိုင်ငံအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာကို အပြန်အလှန်အသိအမှတ်ပြုဖို့လည်း သဘောတူထားပြီဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အက်ပ်လီကေးရှင်းတစ်ခုဖြင့် စစ်ဆေးသွားမှာဖြစ်ပါတယ်။
Source CNA