#WorldHealth

Published-  19 October 2021

အဝလွန်ရောဂါ နှလုံးရောဂါ ဆီးချိုသွေးချို သွေးတိုးရောဂါအစရှိတဲ့ ရောဂါအခံရှိသူလူငယ်လေးတွေ ကိုဗစ်ကာကွယ်ဆေးထိုးသင့်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

လူငယ်တွေအနေနဲ့ ရောဂါကူးစက်ခဲ့ပါက ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှုကို လျှော့ချဖို့အတွက် ကာကွယ်ဆေးထိုးဖို လိုအပ်တာဖြစ်ပါတယ်။

ရောဂါအခံရှိတဲ့လူငယ်တွေဟာ ရောဂါမရှိတဲ့လူငယ်တွေနဲ့ နှိင်းယှဉ်ပါက ကိုဗစ်ရောဂါကြောင့်သေဆုံးမှုနဲ့ ရောဂါပြင်းထန်မှု ပိုဖြစ်နိုင်တယ်လို့ စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် နှလုံးကုသစင်တာမှ အထက်အကြံပေးဖြစ်သူ ပရော်ဖက်ဆာတန်ဟွေချင်းမ်က ဆိုပါတယ်။

"နှလုံးရောဂါအကြောင်းတစ်ခုခုကြောင့် ကာကွယ်ဆေးမထိုးသင့်တာမျိုး မရှိပါဘူး။ နှလုံးရောဂါရှိသူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပါက အန္တရာယ်ရှိနိုင်တာကြောင့် ကာကွယ်ဆေးထိုးသင့်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းကြောင့် နှလုံးကြွက်သားရောင်ရမ်းခြင်း ဖြစ်နိုင်တယ်ဆိုပေမယ့် အလွန်ဖြစ်ခဲပါတယ်။ နှလုံးရောဂါအခံရှိသူအများစုက ရောဂါပြင်းထန်စွာခံစားရမှု လျော့နည်းစေဖို့ ကာကွယ်ဆေး ကို တတ်နိုင်သမျှ အမြန်ဆုံးထိုးနှံသင့်ပါတယ်" လို့ ဆိုပါတယ်။

"အချို့လူငယ်တွေက ရောဂါကူးစက်ရင်တောင် ဘာမှဖြစ်မှာမဟုတ်ဘူးထင်ပြီး ကာကွယ်ဆေးမထိုးချင်တဲ့သူတွေ ရှိပါတယ်။ အချို့ကလည်း ရောဂါအခံရှိတာကြောင့် ကာကွယ်ဆေးထိုးလိုက်လို့ ပိုဆိုးသွားမှာကို စိုးရိမ်နေကြပါတယ်" လို့ စင်္ကာပူအမျိုးသားတက္ကသိုလ်မှ လူမှုကျန်းမာရေးပရော်ဖက်ဆာက ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးအပြည့် မထိုးရသေးတဲ့ အသက် ၂၃ နှစ်အရွယ်လူတစ်ဦးနဲ့ ကာကွယ်ဆေးလုံးဝမထိုးထားတဲ့ အသက် ၃၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသားတို့ဟာ ကိုဗစ်ရောဂါကြောင့် သေဆုံးသွားတယ်လို့ ကြာသပတေးနေ့ညမှာ သတင်းထွက်လာတာကြောင့် ကျွမ်းကျင်သူတွေက ဒီလိုတွေပြောဆိုခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ ၂ ဦးဟာ ရောဂါအခံတွေရှိကြပြီး ပြီးခဲ့တဲ့နှစ် ရောဂါစဖြစ်ကတည်းက စင်္ကာပူရှိ ကိုဗစ်ရောဂါကြောင့်သေဆုံးသူတွေထဲက အသက်အငယ်ဆုံးစာရင်းထဲ ပါဝင်နေပါတယ်။

ကိုဗစ်ရောဂါ အခြေအနေဆိုးသူတွေမှာ နှလုံးရောဂါနဲ့ဆက်စပ်ရောဂါတွေ အများဆုံးတွေ့နေရပါတယ်။ ကိုဗစ်ရောဂါဟာ အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတာဖြစ်ပေမယ့် နှလုံးနဲ့အဆုတ်တိုကိုလည်း ထိခိုက်လာစေတာ ဖြစ်ပါတယ်။

ကိုဗစ်လူနာ ၃ ပုံ ၁ ပုံမှာ ဗိုင်းရပ်စ်ပိုးက နှလုံးကြွက်သားတွေကို တိုက်ရိုက်တိုက်ခိုက်ပြီး နှလုံးကြွက်သားရောင်ရမ်းခြင်းတွေ ဖြစ်စေပါတယ်။

ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့ ကျန်းမာပြီးသားလူတွေက ကိုဗစ်ရောဂါကို ကြောက်စရာမလိုပါဘူး။ ရောဂါအခံတစ်ခုခုရှိရင်တော့ ကာကွယ်ဆေးအပြည့်ထိုးဖို့ အရေးကြီးပြီး လူငယ်တွေသာမက အသက်အရွယ်အားလုံးအတွက်ပါ လိုအပ်နေပါတယ်။

Source Strait Times