၁၀ ဒီဇင်ဘာ ၂၀၂၃

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် တနင်္လာနေ့မှစကာ မောင်းသူမဲ့ အလိုလိုမောင်းနှင်ပေးသည့် ညကြီးပိုင်းဘတ်စ်ကားများ စတင်ပြေးဆွဲ လျက်ရှိနေပါတယ်။ ဒါဟာ မီဂါမြို့တော်ကြီးမှာ အလိုအလျောက်ယာဉ်များသွားလာမှု တစ်ဆင့်တက်လှမ်းလိုက်တာဖြစ်ပါတယ်။

ရှေ့ပြေးအစီအစဉ်အရ လောလောဆယ်တော့ မောင်းသူမဲ့ဘတ်စ်ကားနှစ်စီးနှင့်စတင်ပြေးဆွဲနေပြီး လမ်းကြောင်းမှာ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၄၀ ရှိပါတယ်။ ဒွန်ဒေးမွန်နှင့် ဟွန်ဒေးတို့လို ဆိုးလ်မြို့တော်ရဲ့ အစည်ကားဆုံးရပ်ကွက်တွေကို ယခုဘတ်စ် လိုင်းက  ၉.၈ ကီလိုမီတာ ခရီးရှိတဲ့လမ်းကြောင်းနှင့် ချိတ်ဆက်ပေးတာဖြစ်ပါတယ်။  အဲဒီဘတ်စ်ကားတွေကို ည ၁၁နာရီခွဲမှ မနက် ၅နာရီ ၁၀မိနစ်အထိပြေးဆွဲနေပြီး ခရီးသည်တွေအားလုံးထိုင်ခုံခါးပတ်ပတ်ပြီးစီးနင်းဖို့လိုအပ်ပါတယ်။ မတ်တပ်ရပ်ခရီးသည်ကိုလည်း ခွင့်မပြုပါဘူး။

ကားစီးရတာညင်သာတယ်လို့ ခရီးသည်တော်တော်များများက သတိပြုပြောဆိုကြပေမယ့် အချို့သော အခြေအနေတွေမှာ အန္တရာယ် တစ်ခုခုဖြစ်မှာကိုတော့ စိတ်ပူနေကြပါတယ်။

“ ရာသီဥတုက ဒီနေ့သာယာတယ်။ အဲဒါကြောင့် သက်သောင့်သက်သာတော့ အတော်ရှိပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ရာသီဥတုအောက်မှာ ဒီဘတ်စ်ကားတွေ ချောချောမွေ့မွေ့မောင်းနိုင်ပါ့မလားဆိုတာတော့စိတ်ပူမိတယ်” လို့ ခရီးသည်တစ်ဦးကပြောပါတယ်။

မောင်းသူမဲ့အလိုအလျောက်မောင်းယာဉ်တစ်စီးမှာ  ဘေးကင်းရှင်းရေးဆိုင်ရာ အရာရှိနှစ်ဦးအနည်းဆုံးလိုက်ပါရပြီး အဲဒီသူတွေဟာ ခရီးသည် တွေဘေးကင်းရှင်းရေးအတွက် ယာဉ်မောင်းနှင်နေမှုကို အမြဲစောင့်ကြည်ကြည့်ရှုရမှာဖြစ်ပြီး အန္တရာယ်မဖြစ်ခင် ကြိုတင်တုန့်ပြန်မှုလုပ်ရမယ် လို့တော့ တောင်ကိုရီးယားနိုင်ငံ မြေယာ၊အခြေခံအဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက စည်းမျဉ်းတွေချမှတ်ထားပါတယ်။

လက်ရှိ ရှေ့ပြေးအစီအစဉ်အရ ညကြီးပိုင်းဘတ်စ်ကားမှာ ခရီးသည်တွေအားလုံးကို အခမဲ့စီးနင်းခွင့်ပြုထားပြီး မြို့အာဏာပိုင်တွေက ဘတ်စ်ကားခပေးစီးနင်းရမယ့်အစီအစဉ်နှင့်လမ်းကြောင်းတွေတိုးချဲ့ဖို့ ကို လာမယ့် နှစ်ပထမခြောက်လတာအတွင်း အကောင်အထည်ဖော်ဖို့ စဉ်းစားနေကြပါတယ်။

Source CCYV