#LocalNews
Published - 4 Feb2022
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း တရားမဝင် မြန်မာလုပ်သားများတင်ဆောင်လာသော ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာသေဆုံးခဲ့သောမြန်မာလုပ်သား၅ဦးကို ယနေ့ တွင် မြန်မာထုံးထမ်းစဉ်လာအတိုင်းသင်္ဂြိုလ်မှုပြုလုပ်ပေးသွားမယ်လို့ အလုပ်သမားသံအရာရှိရုံးကသိရပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၀ရက်နေ့ကကန်ချနဘူရီပြည်နယ်အတွင်း အမှတ် ၃၂၃ လမ်းမကြီး၊ သွန်ဖာဖမ်ခရိုင်မှ တရားမဝင်အလုပ်သမား တင်ဆောင်လာသော ပစ်ကပ်မော်တော်ယာဉ်တစ်စီးမှာ ဆိုင်ရိုခရိုင်သို့ မောင်းနှင်လာစဉ် စစ်ဆေးရေးဂိတ် အခြေအနေအရ သွန်ဖာဖမ်ဘက်သို ပြန်လှည့်ခဲ့ပြီး ဆယ်ဘီး ကားအား နောက်မှ ဝင်တိုက်ကာဟန်ချက်ပျက်တိမ်းမှောက်ခဲ့ရာ အလုပ်သမား ကျား ၄ ဦး၊ မ ၆ ဦးအနက် ၅ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားသံအရာရှိရုံးအနေနဲ့မော်တော်ယာဉ်တွင် လိုက်ပါခဲ့သူများရဲ့ ခရီးဆောင်အိတ် များမှ တစ်ဆင့်အထောက်အထားများ ရရှိခဲ့ပြီး ကန်ချနဘူရီ လူမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်း တွင် ထားရှိသော သေဆုံးသူများရဲ့ရုပ်အလောင်းများကိုပါ စိစစ်ခဲ့ရာ အချို့ကို မည်သူ မည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ရန် ခက်ခဲနေဆဲလို့သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုတွင်ပါဝင်သူများမှာ ဇန်နဝါရီလ ၁၃ရက်နေ့က ပဲခူးမြို့မှ ဘုရားသုံးဆူမြို့နယ်သို့ ရောက်ရှိကာ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊ သွန်ဖာဖမ်ခရိုင်သို့ ဝင်ရောက်လာပြီး တောလမ်းခရီးဖြင့် စိုင်ရိုခရိုင်နယ်စပ်သို့ ရောက်ရှိပြီး ကန်ချနဘူရီပြည်နယ်အတွင်း ဝင်ရောက်စဉ် စစ်ဆေးရေးဂိတ် အား တွေ့၍ လှည့်ပြန်ရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း၊ ယာဉ်မောင်းသူမှာ မူးယစ် ဆေးဝါးသုံးစွဲထားသည်ဟု ယူဆရကြောင်း၊ ပွဲစားများကို လုပ်အားခရရှိပါက ဘတ် ၂၇၀၀၀ ပေးချေရမည်ဖြစ်ပါကြောင်း ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိသူ များထံကသိရပါတယ်။
မော်တော်ယာဉ်တွင် လိုက်ပါခဲ့သူ ၁၀ ဦးအနက် ကျား ၄ ဦးတွင် ၃ ဦးသေဆုံးကာ ၁ ဦး ဆေးရုံ တက်လျှက်ရှိပြီး မ ၆ ဦးတွင် ၃ ဦး ကျန်းမာ၊ ၂ ဦး သေဆုံး၊ ၁ ဦး ဆေးရုံတက်ရောက်လျှက်ရှိပြီး အလုပ်သမားသံအရာရှိရုံးကသေဆုံးသူ၏ မိဘ၊ ဇနီး/ခင်ပွန်း၊ သားသမီးများ လျော်ကြေးရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 4 Feb 2022
ပြည်ပက ပြန်လည်ဝင်ရောက်သူတွေထံက အိုမီခရွန်ရောဂါပိုးသစ်ကို မြန်မာနိုင်ငံသား ၂၈ ဦးဆီက ထပ်မံတွေ့ရှိတယ်လို့ မနေ့က ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်အရသိရပါတယ်။
မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားအပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ရှိထားပါတယ်။
မနေ့ကတွေ့ရှိခဲ့တဲ့ အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူ မြန်မာနိုင်ငံသား ၂၈ ဦးမှာ Relief Flight တွေနဲ့ ဝင်ရောက်လာသူတွေဖြစ်ပြီး စင်ကာပူနိုင်ငံမှ ၁၂ ဦး၊ ယူအေအီးနိုင်ငံမှ ၅ ဦး၊ မလေးရှားနိုင်ငံမှ ၅ ဦး၊ တောင်ကိုရီးယားနိုင်ငံမှ ၄ ဦး၊ အိန္ဒိယနိုင်ငံမှ ၁ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံမှ ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
ယခင် ပြည်ပက ပြန်လည်သူတွေဆီက တွေ့ရှိခဲ့ပေမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ် စက်ရုံတစ်ခုမှာ အိုမီခရွန် ရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးကို စတင်တွေ့ရှိနေပါပြီ။ အဲဒီစက်ရုံမှာပဲ ကိုဗစ်ရောဂါပိုးကိုလည်း လူဦးရေ ၇၀၀ ကျော် အစုလိုက်ဖြစ်ပွားခဲ့ပါသေးတယ်။
ကိုဗစ်ရောဂါပိုးကို တိုင်းဒေသကြီး၊ ပြည်နယ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ ပိုးတွေ့မှုအများဆုံး ဖြစ်နေပြီး ယခုလက်ရှိထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၃၆,၉၀၄ ဦးအထိ ရှိပြီးလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာလည်း မြင့်တတ်လာတာကို တွေ့ရပါတယ်။
ဒါ့ကြောင့် ကိုဗစ်ရောဂါပိုးရော အိုမီခရွန်ရောဂါပိုးပါ ကူးစက်မှု မြင့်တတ်လာတာကို တွေ့ရတဲ့အတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
ymg/ei
#Yangon_Media_Group
#WorldHealth
Published - 4 February 2022
အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ကို အမေရိကန်မှတာဝန်ရှိသူများက စဉ်းစားသုံးသပ်နေကြပါတယ်။ဖိုင်ဇာနဲ့ ဘိုင်အိုတက်ခ်ကုမ္ပဏီတို့ကလည်း သူတို့ရဲ့ကာကွယ်ဆေးတွေ အသိအမှတ်ပြုပေးဖို့လုပ်ငန်းစဉ်တွေကို အင်္ဂါနေ့က စတင်လုပ်ဆောင်နေကြပါပြီ။
အသက် ၅ နှစ်အောက်အရွယ်ကလေးတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့်မရသေးဘဲ ကျန်နေသေးတဲ့ အသက်အရွယ်တွေဖြစ်ပါတယ်။
ထိုးနှံခွင့်ရရှိဖို့ဆုံးဖြတ်ချက်ကို ယခုလအတွင်း သိရှိရဖို့မျှော်လင့်နေကြပါတယ်။
အသက် ၂ နှစ်မှ ၄ နှစ်အရွယ်တွေအတွက် ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေမှာ အဓိကသတ်မှတ်ချက်အတိုင်း ပြည့်မီခြင်းမရှိပေမယ့် အရေးပေါ်အသုံးပြုခွင့်ရရှိဖို့ ကုမ္ပဏီတွေက အချက်အလက်တွေကို တင်ပြခဲ့ပြီဖြစ်ပါတယ်။
ထိုအသက်အရွယ်တွေရဲ့ အရေးပေါ်ပြည်သူ့ကျန်းမာရေးလိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA)ရဲ့ တောင်းဆိုချက်အရ အချက်အလက်တွေကို တင်ပြနေကြတာဖြစ်ပါတယ်။
ကလေးငယ်တွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်မယ့် အစီအစဉ်ပေါ်ပေါက်လာခြင်းက မူကြိုကျောင်းတွေနဲ့ နေ့ကလေးထိန်းစင်တာတွေ ပိတ်ပင်ထားရှိရခြင်းနဲ့ ကွာရန်တင်းဝင်ရခြင်းတို့ကြောင့် အလိုမကျဖြစ်နေတဲ့ ကလေးမိဘတွေကို ကူညီဖြေသိမ့်ပေးနိုင်မှာဖြစ်ပါတယ်။
ဒီအသက်အရွယ်ကလေးတွေမှာ ဘေးကင်းစိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေးရရှိဖို့ ဦးစားပေးဖြစ်ကြောင်း FDA ယာယီကော်မရှင်နာ 'ဂျဲနတ်ဝုဒ်ကော့ခ်'က ပြောလိုက်ပါတယ်။
လက်ရှိအချိန်မှာ အိုမီခရွန်ကူးစက်မှုတွေ မြင့်တက်နေတဲ့အတွက် အသိအမှတ်ပြုထောက်ခံချက်တောင်းဆိုဖို့ FDA က မှာကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြင်ပမှ ကျွမ်းကျင်အကြံပေးပုဂ္ဂိုလ်များအဖွဲ့က ကာကွယ်ဆေးထိုးနှံရေးခွင့်ပြုချက်ပေးဖို့အကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ ခွင့်ပြုပေးလိုက်တယ်ဆိုရင် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ (CDC)က ကာကွယ်ဆေးတွေကို ဘယ်လိုထိုးနှံရမလဲဆိုတဲ့အကြောင်း လက်မှတ်ရေးထိုးပေးဖို့ လိုအပ်ပါတယ်။
အဲဒီနောက်တစ်ပတ်အတွင်းမှာ FDA ရဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ အစည်းအဝေးပွဲတွေ ပြုလုပ်သွားမှာပါ။ဖိုင်ဇာနဲ့ ဘိုင်အိုတက်ခ်တို့ ရဲ့ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံရမယ့်အစီအစဉ်မှာ ပထမ ၂ ကြိမ်ထိုးနှံဖို့ကို ခွင့်ပြုချက်ပေးဖို့ FDA ကို တောင်းဆိုထားပါတယ်။
ပထမ ၂ ကြိမ်ကိုခွင့်ပြုလိုက်ပါက ကလေးမိဘတွေအနေနဲ့ သူတို့ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်တော့မှာဖြစ်ပြီး တတိယအကြိမ်ထိုးနှံဖို့ ခွင့်ပြုချက်ကို ဆက်လက်စောင့်ဆိုင်းသွားရမှာဖြစ်ကြောင်း ဖိုင်ဇာကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် 'အယ်လ်ဘတ်ဘိုလာ'က ပြောကြားခဲ့ပါတယ်။
ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကိုဗစ်ကာကွယ်ဆေးတွေက အသက် ၁၂ နှစ်နဲ့အထက်မှာ ဆေးပမာဏ ၃၀ မိုက်ခရိုဂရမ်၊ အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းမှာ ၁၀ မိုက်ခရိုဂရမ်ထိုးပေးနေပြီး အသက် ၅ နှစ်အောက်တွေမှာတော့ ၃ မိုက်ခရိုဂရမ်ထိုးပေးဖို့ စမ်းသပ်နေတာဖြစ်ပါတယ်။
၃ မိုက်ခရိုဂရမ် ကာကွယ်ဆေးထုတ်လုပ်ဖို့ ပစ္စည်းတွေအလုံအလောက်ရရှိပြီး FDA အသိအမှတ်ပြုပေးဖို့ မျှော်လင့်နေကြောင်း ကုမ္ပဏီတွေက ပြောကြားလိုက်ပါတယ်။
Source: Reuters
#LocalNews
Published - 4 Feb 2022
ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ မေဓာဝီဈေးလမ်းတွင် ယ နေ့( ဖေ ဖော်ဝါရီ ၄ ရက်)၊ နံနက်အစောပိုင်း ၃ နာရီခွဲအချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"မနက်အစောကြီး လောင်တာပါ။ ဈေးလမ်းမှာလောင်တာတာပါ။ ဈေးလမ်းမှာရှိတဲ့ ဆိုင်ခန်း အချို့နဲ့ လူနေအိမ် ၂ လုံး လောက် မီး လောင်ပျက်ဆီးသွားတာ တွေ့ရပါတယ်။ ကံ ကောင်းတာက ဒီဘက်ဈေးကြီးကို မီးမကူးခဲ့ဘူးပေါ့။ အချိန်မီငြှိမ်းနိုင်ခဲ့လို့ တော်သေးတယ် ပြောရပါမယ်။"လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ မေဓာဝီဈေးလမ်းမီး လောင်မှုကို level-1ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် ၃ နာရီ၊ ၄၆ မိနစ် အချိန်ခန့်မှာ မီးငြိမ်းခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ယင်းမီးလောင်မှုကြောင့် မေဓာဝီဈေးလမ်းရှိ လူနေအိမ် ၂ လုံးနှင့် ဆိုင်ခန်းအချို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ဘူးလို့ သိရပါတယ်။
ဓါတ်ပုံ - ကြည့်မြင်တိုင်ဟစ်တိုင်-လူမှုကူညီ ရေးအသင်း။
ymg/kg
#Yangon_Media_Group
#WorldHealth
Published - 4 February 2022
ကိုဗစ်ရောဂါကို အနိုင်ယူလိုက်ပြီလား ဒါမှမဟုတ် ကူးစက်မှုထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေကို လက်လျှော့လိုက်ရတော့မှာလားဆိုတာကို ဆုံးဖြတ်ဖို့ စောသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ အကြီးအမှူးတစ်ယောက်က အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။
"ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါကို အောင်နိုင်ပြီလား ဒါမှမဟုတ် အရှုံးပေးရတော့မှာလား ဆိုတာကို ဆုံးဖြတ်ဖို့ စောပါသေးတယ်"လို့ WHO အထွေထွေညွှန်ကြားရေးမှူး 'တက်ဒရိုစ်အက်ဒနွမ်ဂက်ဘရီယဲဆပ်စ်'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ဒီဗိုင်းရပ်စ်က အန္တရာယ်များပြီး ကျွန်တော်တို့မျက်စိရှေ့မှာတင် ဆက်လက်ဆင့်ကဲပြောင်းလဲနေပါတယ်"
အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုတွေ စံချိန်တင်များပြားနေပေမယ့် ဒိန်းမတ်နိုင်ငံဟာ ကိုဗစ်ထိန်းချုပ်ကန့်သတ်ချက်အားလုံးကို ဖြေလျှော့လိုက်တဲ့ ပထမဆုံး ဥရောပသမဂ္ဂနိုင်ငံဖြစ်လာခဲ့ပြီး အခြားနိုင်ငံတွေမှာလည်း ထိုကဲ့သို့ ထိန်းချုပ်ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့ စဉ်းစားနေကြပါတယ်။
"ကိုဗစ်ကာကွယ်ဆေးအကြောင်းတွေ၊ အိုမီခရွန်ကကူးစက်မြန်ပြီး ရောဂါမပြင်းထန်တဲ့အကြောင်းတွေ၊ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့အကြောင်းတွေကို ကြားနေရတာ စိုးရိမ်ပူပန်နေရပါတယ်" လို့ 'တက်ဒရိုစ်'က ပြောပါတယ်။
"အမှန်အတိုင်းသိရဖို့ကလည်း မဝေးပါဘူး။ ကိုဗစ်ရောဂါတွေ ပိုမိုကူးစက်လာတဲ့အခါ သေဆုံးမှုတွေ ပိုများလာနိုင်ပါတယ်"လွန်ခဲ့တဲ့ ၁၀ ပတ်ခန့်က တောင်အာဖရိကမှာ အိုမီခရွန်မျိုးဗီဇကွဲစတင်တွေ့ရှိတဲ့ အချိန်ကစပြီး ကိုဗစ်ရောဂါကူးစက်မှုပေါင်း သန်း ၉၀ နီးပါးရှိခဲ့ကာ ၂၀၂၀ တစ်နှစ်လုံးထက် ပိုများခဲ့ပါတယ်။
လက်ရှိကိုဗစ်မျိုးဗီဇကွဲအသစ်က ရောဂါပြင်းထန်မှု ပိုနည်းပါးပေမယ့် ကမ္ဘာ့နေရာအများစုမှာ အသက်သေဆုံးမှုတွေမြင့်တက်လာတာကို စတင်တွေ့ရှိလာရပါပြီ။
ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်အောင် ဆက်လက်ကြိုးပမ်းဖို့က အလွန်အရေးကြီးကြောင်း 'တက်ဒရိုစ်'က ပြောကြားလိုက်ပါတယ်။"လော့ဒေါင်းချဖို့ ကျွန်တော်တို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ တိုင်းပြည်တွေအနေနဲ့ ကာကွယ်ဆေးတစ်ခုတည်းကို အားမကိုးဘဲ အသုံးချလိုရသမျှအရာတွေနဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်"
အိုမီခရွန်ရဲ့ မျိုးနွယ်ခွဲအသစ် BA.2 အပါအဝင် နောက်ထပ်ပေါ်ထွက်လာတဲ့ မျိုးဗီဇကွဲတွေကို အဆက်မပြတ်လေ့လာနေဖို့ လိုအပ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
"ဗိုင်းရပ်စ်က ဆက်လက်ဆင့်ကဲပြောင်းလဲနေတာဖြစ်တဲ့အတွက် နိုင်ငံအသီးသီးမှာ စမ်းသပ်စစ်ဆေးခြင်းတွေ၊ စောင့်ကြည့်လေ့လာခြင်းတွေ၊ မျိုးရိုးစမ်းသပ်ထုတ်ဖော်ခြင်းတွေ အဆက်မပြတ်ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဗိုင်းရပ်စ်က ဘယ်လိုဘယ်ပုံဆိုတာကို မသိဘဲနဲ့ တိုက်ဖျက်လို့မရပါဘူး" လို့ ပြောကြားသွားခဲ့ပါတယ်။
Source: France24
#LocalNews
Published - 3 Feb 2022
AA အဖွဲ့ဝင် ရှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတယ်လို့ ထွက်ပေါ်နေတဲ့ သတင်းက မမှန်ဘူးလို့ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က YMG ကို ပြောပါတယ်။
#Yangon_Media_Group
Published 3 Feb 2022
ဘရာဇီးနိုင်ငံ ၊ဆာပိုလိုမြို့ရဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ မာဂျင်နယ်လ်တိုင်တီလမ်းမကြီးဟာ မြေအောက်ရထားလမ်း ဖောက်လုပ်ရာတွင် မတော်တဆမှုတစ်ခုကြောင့် ကျွံကျသွားခဲ့ကပါတယ်။
အဲသလိုလမ်းမကြီးပေါ်က နိုင်လွံကတ္တရာတွေအပြုံလိုက်ကျွံကျခဲ့တဲ့အတွက် လမ်းမကြီးဘေးအစပ်မှာ ဧရာမချိုင့်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်သွားလာမှုတွေ အခက်အခဲဖြစ်ပေါ်နေပါတယ်။
Source AFP
#LocalNews
Published - 3 Feb 2022
ထိုင်းနိုင်ငံအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP International (PTTEPI) က မုတ္တမကမ်းလွန်လုပ်ကွက် M-3 တွင် အောင်သင်္ခဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း နှင့် အကဲဖြတ်ရှာဖွေ တူးဖော်ခြင်းလုပ်ငန်းများ ထပ်မံဆောင်ရွက်မည်ဖြစ်၍ ကနဦးအနေဖြင့် EIA လေ့လာမှု ရေကြောင်းအခြေခံစစ်တမ်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ပြုလုပ်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အစိုးရပိုင် ရေနံကုမ္ပဏီ PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်နေသော မုတ္တမကမ်းလွန်လုပ်ကွက် M-9 နှင့် M-3 လုပ်ကွက်များတွင် ဘူမိဗေဒစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက် မှ မေလ ၂၅ ရက်အထိ ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်းလုပ်ငန်းတည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက်များကို လိုက်နာရန် ငါးလုပ်ငန်းဦးစီးဌာနမှအသိပေးထားခြင်း ဖြစ်ကြောင်း၊သင်္ဘောကြီးငယ်များ၊ ကုန်းတင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ် သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ရန် အသိပေးကြေညာထားကြောင်း သိရသည်။
မုတ္တမကမ်းလွန် ရေတိမ်ပိုင်းလုပ်ကွက်ကို PTTEP International (PTTEPI) နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့က အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ PTTEPI က ရှယ်ယာ ၈၀ ရာခိုင်နှုန်း၊ MOGE က ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပါဝင်ထားကြောင်း သိရသည်။
ymg/mt
photo-PTTEP
#Yangon_Media_Group
Page 1460 of 1464