Politics

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးကို ဦးတည်သည့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာတစ်ရပ်ကို အမေရိကန်အစိုးရ ထုတ်ပြန်

နိုဝင်ဘာ၃၊၂၀၂၆

အမေရိကန်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာမူဘောင်တစ်ခုကို နိုဝင်ဘာ၂ ရက်က အများပြည်သူသို့ အသိပေးထုတ်ပြန်ခဲ့သည်။ ထိုမဟာဗျူဟာမူဘောင်များငကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်အဖွဲ့က အကောင်အထည်ဖော်ရမည်ဖြစ်သည်။ စာမျက်နှာ (၁၁)မျက်နှာပါ အဆိုပါ်မဟာဗျူဟာမူဘောင်သည် မြန်မာနိုင်ငံနှင့် အမေရိကန်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေး၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ရေး၊ အွန်လိုင်းလိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်ရေးများအပါအဝင်နယ်ပယ်စုံကို အသေးစိတ်ရေးသားထားသည်။ ထိုမဟာဗျူဟာအပြည့်အစုံကို မူရင်း အင်္ဂလိပ်ဘာသာမြန်မာဘာသာသို့ပြန်ဆိုဖော်ပြပေးပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်အဖွဲ့

အများပြည်သူသို့ ထုတ်ပြန်ရန်

အတည်ပြုသည့်ရက် — ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

သံတမန်အဖွဲ့၏ မဟာဗျူဟာမူဘောင်

သံတမန်အဖွဲ့၏ ပန်းတိုင် ၁

မြန်မာနိုင်ငံမှ အစပြုသည့် နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုများမှ အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ပြည်တွင်းကို ကာကွယ်ရန်

◼️ရည်မှန်းချက် ၁.၁ | မိတ်ဖက်များနှင့် ပူးပေါင်းညှိနှိုင်း၍ မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ရာဇဝတ်မှုကွန်ရက်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ဟန့်တားဖြိုခွင်းရန်။

◼️ရည်မှန်းချက် ၁.၂ | မြန်မာအာဏာပိုင်များနှင့် နေရပ်ပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့စဉ် မြန်မာနိုင်ငံသားများ၏ ခွင့်ပြုကာလကျော်လွန်နေထိုင်မှုနှုန်းကို သုညအထိ လျှော့ချရန်။

သံတမန်အဖွဲ့၏ ပန်းတိုင် ၂

အမေရိကန်ပို့ကုန်များအတွက် အခွင့်အလမ်းများ တိုးချဲ့ခြင်းဖြင့် ကုန်သွယ်ရေးလိုငွေကို ဖြေရှင်းရန်

◼️ရည်မှန်းချက် ၂.၁ | တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိသည့် အဓိက စီးပွားရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး သုံးခု ရရှိအောင် ဆောင်ရွက်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နှင့် ကုန်ပစ္စည်းပေးသွင်းသူအဖြစ် နေရာရရှိစေရန်။

◼️ရည်မှန်းချက် ၂.၂ | ရည်ရွယ်ချက်တိကျသော တိုက်တွန်းဆောင်ရွက်မှုများမှတစ်ဆင့် ၂၀၃၀ ပြည့်နှစ်ကုန်တွင် အမေရိကန်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုကို သုံးဆအထိ တိုးမြှင့်ရန်။

သံတမန်အဖွဲ့၏ ပန်းတိုင် ၃

မြန်မာနိုင်ငံ၌ အားလုံးပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်ကို အထောက်အကူပြုသည့် အခြေအနေများ တိုးတက်ဖြစ်ပေါ်လာစေရန်

◼️ရည်မှန်းချက် ၃.၁ | ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်သို့ ဦးတည်နိုင်မည့် လမ်းကြောင်းဖော်ဆောင်ပေးသော တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး ရရှိရန် ကြိုးပမ်းမှုများကို ပံ့ပိုးရန်။

◼️ရည်မှန်းချက် ၃.၂ | အမေရိကန်၏ ဩဇာလွှမ်းမိုးမှု တိုးမြှင့်ရန်နှင့် အခြားဒေသတွင်း အင်အားစုများထက် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုအတွက် အခြေအနေတစ်ရပ် ဖန်တီးရန်အလို့ငှာ ၂၀၃၀ ပြည့်နှစ်ကုန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ပြည်နယ်နှင့် ဒေသအဆင့် အတိုက်အခံအဖွဲ့အစည်းများအကြား သဘောထား ကွဲလွဲမှုများကို လျှော့ချရန်။

သံတမန်အဖွဲ့၏ ပန်းတိုင် ၄

ဒေသတွင်း ဩဇာလွှမ်းမိုးမှု တိုးမြှင့်ရန် အမေရိကန်၏ ထိတွေ့ဆက်ဆံမှုကို တိုးချဲ့ရန်

◼️ရည်မှန်းချက် ၄.၁ | လုပ်ငန်းဆောင်ရွက်သည့်အဆင့်၌ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများကို တိုးချဲ့ခြင်း၊ အမေရိကန်၏ ထိတွေ့ဆက်ဆံမှုက အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့အတွက် မည်သို့အကျိုးဖြစ်ထွန်းစေကြောင်း ပြသသည့် ရည်ရွယ်ချက်တိကျသော အများပြည်သူဆိုင်ရာ သတင်းစကားများ ဖြန့်ဝေခြင်းတို့ဖြင့် မြန်မာနိုင်ငံ၌ အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို အားကောင်းစေရန်။

◼️ရည်မှန်းချက် ၄.၂ | အမေရိကန်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီသည် မိတ်ဖက်များ၏ ထည့်ဝင်ပံ့ပိုးမှုများကို အသုံးချကာ မြန်မာနိုင်ငံ၏ ထိခိုက်လွယ်မှုအရှိဆုံး လူဦးရေအုပ်စုများအနက် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ လူဦးရေ ၃ သန်းထံ ရောက်ရှိစေရန်နှင့် အမေရိကန်က ပံ့ပိုးထားသော အစီအစဉ်များကို ပိုမိုသိရှိမြင်တွေ့လာစေခြင်းဖြင့် အမေရိကန်ပြည်ထောင်စုကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၌ ဦးဆောင်သော အလှူရှင်အဖြစ် ရပ်တည်စေရန်။

သံတမန်အဖွဲ့အကြီးအကဲ၏ ဦးစားပေးလုပ်ငန်းများ

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် စိန်ခေါ်မှုများရှိသော ပတ်ဝန်းကျင်အခြေအနေတစ်ရပ်အတွင်း မြန်မာနိုင်ငံမှ အစပြုသည့် နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုများမှ အမေရိကန်နိုင်ငံသားများကို ကာကွယ်ခြင်း၊ အမေရိကန်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် ဒေသတွင်းတည်ငြိမ်ရေးကို ပံ့ပိုးခြင်းတို့ဖြင့် ထရမ့်အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာပါ ဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အိမ်တံခါးဝ၌ မဟာဗျူဟာအရ အရေးပါသောနေရာတွင် တည်ရှိနေခြင်းနှင့် လက်ရှိကြုံတွေ့နေရဆဲဖြစ်သည့် နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများကြောင့် အမေရိကန်ပြည်ထောင်စုအတွက် အရေးပါသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။

ပထမအချက်အနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းမှုတို့ အပါအဝင် ရာဇဝတ်မှုကွန်ရက်များကို ဟန့်တားဖြိုခွင်းခြင်း၊ အမေရိကန်ပြည်ထောင်စု၌ မြန်မာနိုင်ငံသားများ၏ ခွင့်ပြုကာလကျော်လွန်နေထိုင်မှုနှုန်းကို သုညအထိ လျှော့ချခြင်းတို့ဖြင့် မြန်မာနိုင်ငံမှ အစပြုသည့် နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုများမှ အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ပြည်တွင်းကို ကာကွယ်မည်။ သံတမန်အဖွဲ့သည် ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှုကို အားကောင်းစေမည်ဖြစ်ပြီး နေရပ်ပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ အမေရိကန်၏ အကျိုးစီးပွားများကို ကာကွယ်ရန် အရေးပါသော ဥပဒေစိုးမိုးရေး အရေးယူဆောင်ရွက်မှုများကို ပံ့ပိုးမည်။ မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်နိုင်စွမ်း တိုးမြှင့်ရန် သံရုံးသည် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိရေးကို ကြိုးပမ်းမည်။

ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေးတွင် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေကို ဖြေရှင်းမည်။ ယင်းအတွက် မြန်မာကုမ္ပဏီများနှင့် နေပြည်တော်ရှိ ဆုံးဖြတ်ချက်ချမှတ်သူများထံ အဖွဲ့အစည်းအသီးသီးအကြား ညှိနှိုင်း၍ ထိရောက်စွာ တိုက်တွန်းဆောင်ရွက်ခြင်းနှင့် အမေရိကန်ကုမ္ပဏီများအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေခြင်းတို့ လိုအပ်သည်။ အမေရိကန်ကုမ္ပဏီများအတွက် ပွင့်လင်းမြင်သာပြီး ကြိုတင်ခန့်မှန်းနိုင်သော သွင်းကုန်လိုင်စင်နှင့် နိုင်ငံခြားငွေ ခွဲဝေခွင့်ပြုသည့်စနစ် ရရှိရေးကို တိုက်တွန်းရန် အမေရိကန်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်မည်။ ယင်းကြိုးပမ်းမှုများသည် အမေရိကန်ပြည်ထောင်စုမှ တင်သွင်းမှုကို သုံးဆအထိ တိုးမြှင့်ရန်နှင့် အဓိက စီးပွားရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး သုံးခု ရရှိရန် ရည်ရွယ်သည်။

တတိယအချက်အနေဖြင့် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး ရရှိရန် ကြိုးပမ်းမှုများကို ပံ့ပိုးခြင်း၊ တိကျခိုင်မာသော သဘောတူညီချက်များ သို့မဟုတ် မူဝါဒအဆိုပြုချက်များ ထွက်ပေါ်လာစေမည့် သက်ဆိုင်သူအစုအဖွဲ့အသီးသီး ပါဝင်သည့် ဆွေးနွေးပွဲ အနည်းဆုံး သုံးကြိမ် ဖြစ်မြောက်စေရန် ကူညီဆောင်ရွက်ခြင်းတို့ဖြင့် မြန်မာနိုင်ငံ၌ သမ္မတထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို တိုးတက်အကောင်အထည်ဖော်မည်။ ယင်းလုပ်ဆောင်မှုများသည် ပြည်နယ်နှင့် ဒေသအဆင့် အတိုက်အခံအဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုများကို လျှော့ချမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ပြင်ဆင်ပေးကာ အခြားဒေသတွင်း အင်အားစုများထက် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုအတွက် အခြေအနေတစ်ရပ် ဖန်တီးပေးမည်။

စတုတ္ထအချက်အနေဖြင့် သံတမန်ရေး၊ စီးပွားရေးနှင့် အများပြည်သူဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို ပိုမိုနက်ရှိုင်းစေခြင်း၊ လုပ်ငန်းဆောင်ရွက်သည့်အဆင့်ရှိ ဆက်ဆံရေးများကို တိုးချဲ့ခြင်းနှင့် အမေရိကန်၏ ထိတွေ့ဆက်ဆံမှုက နှစ်နိုင်ငံစလုံးအတွက် ရရှိစေသည့် အကျိုးကျေးဇူးများကို ပြသသော ရည်ရွယ်ချက်တိကျသည့် သတင်းစကားများ ဖြန့်ဝေခြင်းတို့ဖြင့် အမေရိကန်၏ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို တိုးချဲ့မည်။ အမေရိကန်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီသည် မိတ်ဖက်များကလည်း လိုက်ဖက်ညီစွာ ထည့်ဝင်ပံ့ပိုးလာစေရန် တွန်းအားဖြစ်စေပြီး မြန်မာနိုင်ငံ၏ ထိခိုက်လွယ်မှုအရှိဆုံး လူဦးရေအုပ်စုများအနက် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ လူဦးရေ ၃ သန်းထံ ရောက်ရှိစေရန် ဆောင်ရွက်မည်။ ထို့အပြင် အမေရိကန်က ပံ့ပိုးသော အစီအစဉ်များကို ပိုမိုသိရှိမြင်တွေ့လာစေပြီး အမေရိကန်ပြည်သူများကို ကာကွယ်ရန် မြန်မာနိုင်ငံ၏ ကူးစက်ရောဂါ စောင့်ကြည့်လေ့လာရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး စွမ်းရည်ကို အားကောင်းစေမည်။

ကျွန်ုပ်တို့၏ ချဉ်းကပ်ဆောင်ရွက်ပုံသည် သမ္မတထရမ့်၏ အမေရိကန်ပထမ နိုင်ငံခြားရေးမူဝါဒ၊ အမျိုးသားလုံခြုံရေးမဟာဗျူဟာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်းတို့အပေါ် အခြေခံထားသည်။ အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လုံခြုံရေးတို့အတွက် စည်းလုံးညီညွတ်သော လုပ်ဆောင်မှုများ ဆောင်ရွက်ရန်အလို့ငှာ အာရှလေးနိုင်ငံအဖွဲ့ဖြစ်သည့် Asia Quad — ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု၊ အာရှသုံးနိုင်ငံအဖွဲ့ဖြစ်သည့် Asia Troika — ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု၊ အာဆီယံတို့ အပါအဝင် ဒေသတွင်းမိတ်ဖက်များနှင့် နီးကပ်စွာ ပူးပေါင်းညှိနှိုင်းမည်။ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အမေရိကန်၏ အကျိုးစီးပွားများကို တိုးတက်ဖြစ်ထွန်းစေပြီး ဒေသတွင်းတည်ငြိမ်ရေးကို အားကောင်းစေသည့် ရလဒ်များ ရရှိအောင် ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားသည်။

သံတမန်အဖွဲ့၏ ပန်းတိုင်များနှင့် ရည်မှန်းချက်များ

ပန်းတိုင် ၁

မြန်မာနိုင်ငံမှ အစပြုသည့် နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုများမှ အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ပြည်တွင်းကို ကာကွယ်ရန်

ပန်းတိုင် ၁ ၏ ခြုံငုံဖော်ပြချက် | ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းမှုနှင့် တရားမဝင် လူဝင်ရောက်မှုတို့ အပါအဝင် မြန်မာနိုင်ငံမှ အစပြုသည့် နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုများကို ဟန့်တားဖြိုခွင်းခြင်းဖြင့် အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ပြည်တွင်းကို ကာကွယ်မည်။ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်းနှင့် နယ်စပ်လုံခြုံရေး ပူးပေါင်းညှိနှိုင်းမှုကို မြှင့်တင်ခြင်းတို့မှတစ်ဆင့် သံတမန်အဖွဲ့သည် အမေရိကန်နိုင်ငံသားများအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များကို လျှော့ချပြီး အမေရိကန်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်မည်။ ဤပန်းတိုင်သည် ကျွန်ုပ်တို့၏ နယ်စပ်များ လုံခြုံစေရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများကို တိုက်ရိုက် အကောင်အထည်ဖော်ပေးသည်။

ရည်မှန်းချက် ၁.၁

မိတ်ဖက်များနှင့် ပူးပေါင်းညှိနှိုင်း၍ မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ရာဇဝတ်မှုကွန်ရက်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ဟန့်တားဖြိုခွင်းရန်

ရည်မှန်းချက် ၁.၁ ၏ ခြုံငုံဖော်ပြချက် | ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အွန်လိုင်းလိမ်လည်မှုစခန်းများ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းမှုနှင့် တရားမဝင် လူဝင်ရောက်မှုတို့ အပါအဝင် မြန်မာနိုင်ငံမှ အစပြုသည့် နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုများကို ဟန့်တားဖြိုခွင်းခြင်းဖြင့် အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ပြည်တွင်းကို ကာကွယ်မည်။ မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်နိုင်စွမ်း မြှင့်တင်ပေးမည့် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိရန် သံရုံးက ကြိုးပမ်းမည်။ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်းမှတစ်ဆင့် သံတမန်အဖွဲ့သည် အမေရိကန်နိုင်ငံသားများအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များကို လျှော့ချပြီး အမေရိကန်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်မည်။ ဤပန်းတိုင်သည် ကျွန်ုပ်တို့၏ နယ်စပ်များ လုံခြုံစေရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများကို တိုက်ရိုက် အကောင်အထည်ဖော်ပေးသည်။

ရည်မှန်းချက် ၁.၁ နှင့် ဆက်စပ်ချက်များ |

၁။ NSS: 2.A — အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်သည့်ခေတ် ကုန်ဆုံးသွားပြီ။

၂။ NSS: 1.F — အချုပ်အခြာအာဏာနှင့် လေးစားမှု။

၃။ NSS: 2.B — အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကာကွယ်ခြင်း။

ရည်မှန်းချက် ၁.၁ အတွက် ဦးဆောင်နှင့် ပံ့ပိုးဆောင်ရွက်မည့် ရုံးဌာနများ |

◼️ဦးဆောင် — RSO။

◼️ပံ့ပိုး — ဥပဒေရေးရာသံမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့၊ စစ်သံမှူးရုံး၊ အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ အများပြည်သူဆိုင်ရာ သံတမန်ရေးနှင့် ပြန်ကြားရေးဌာန။

ရည်မှန်းချက် ၁.၂

မြန်မာအာဏာပိုင်များနှင့် နေရပ်ပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့စဉ် မြန်မာနိုင်ငံသားများ၏ ခွင့်ပြုကာလကျော်လွန်နေထိုင်မှုနှုန်းကို သုညအထိ လျှော့ချရန်

ရည်မှန်းချက် ၁.၂ ၏ ခြုံငုံဖော်ပြချက် | သံတမန်အဖွဲ့သည် ကောင်စစ်ရေးရာ စိစစ်မှုလုပ်ထုံးလုပ်နည်းများကို မြှင့်တင်ခြင်း၊ အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) နှင့် သတင်းအချက်အလက်မျှဝေမှုကို အားကောင်းစေခြင်း၊ မြန်မာအာဏာပိုင်များနှင့် နေရပ်ပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းတို့ဖြင့် မြန်မာနိုင်ငံမှ ဗီဇာဖြင့် ခွင့်ပြုထားသည့်ကာလ ကျော်လွန်နေထိုင်မှုနှင့် တရားမဝင် လူဝင်ရောက်မှုကို လျှော့ချမည်။ လက်ရှိတွင် မြန်မာနိုင်ငံသားများသည် အမေရိကန်ပြည်ထောင်စု၌ ဗီဇာခွင့်ပြုကာလကျော်လွန်နေထိုင်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ၂၀၂၄ ဘဏ္ဍာနှစ်၌ B-1/B-2 ဗီဇာကိုင်ဆောင်သူများအတွက် ယင်းနှုန်းမှာ ၃၈ ရာခိုင်နှုန်း ဖြစ်သည်။ ယင်းသည် အမေရိကန်နယ်စပ်၏ လုံခြုံခိုင်မာမှုနှင့် လူဝင်မှုကြီးကြပ်ရေးစနစ်ကို အကောင်အထည်ဖော်ရာ၌ တိုက်ရိုက်စိန်ခေါ်မှု ဖြစ်စေသည်။ ရွှေ့ပြောင်းသွားလာမှု စီမံခန့်ခွဲရေးကို တိုးတက်ကောင်းမွန်စေပြီး ပိုမိုယုံကြည်အားထားရသော နေရပ်ပြန်ပို့ရေးမူဘောင်တစ်ရပ် တည်ဆောက်ခြင်းဖြင့် သံတမန်အဖွဲ့သည် အမေရိကန်၏ အချုပ်အခြာအာဏာကို ကာကွယ်မည်ဖြစ်ပြီး ရာဇဝတ်မှုမှတ်တမ်းရှိသည့် မြန်မာနိုင်ငံမှလာသော ရွှေ့ပြောင်းသူများကြောင့် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို လျှော့ချကာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးစနစ်၏ ခိုင်မာမှန်ကန်မှုကို ထိန်းသိမ်းမည်။ ဤရည်မှန်းချက်သည် အမေရိကန်နယ်စပ်များ လုံခြုံစေရေးနှင့် ဥပဒေနှင့်အညီ လူဝင်ရောက်မှုရှိစေရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများကို တိုက်ရိုက် ပံ့ပိုးသည်။

ရည်မှန်းချက် ၁.၂ နှင့် ဆက်စပ်ချက်များ |

၁။ NSS: 2.A — အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်သည့်ခေတ် ကုန်ဆုံးသွားပြီ။

၂။ NSS: 1.F — အချုပ်အခြာအာဏာနှင့် လေးစားမှု။

၃။ NSS: 1.A — အမျိုးသားအကျိုးစီးပွားကို အာရုံစိုက်တိကျစွာ သတ်မှတ်ခြင်း။

ရည်မှန်းချက် ၁.၂ အတွက် ဦးဆောင်နှင့် ပံ့ပိုးဆောင်ရွက်မည့် ရုံးဌာနများ |

◼️ဦးဆောင် — CONS။

◼️ပံ့ပိုး — ဒေသဆိုင်ရာ လုံခြုံရေးအရာရှိ၊ အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့။

ပန်းတိုင် ၂

အမေရိကန်ပို့ကုန်များအတွက် အခွင့်အလမ်းများ တိုးချဲ့ခြင်းဖြင့် ကုန်သွယ်ရေးလိုငွေကို ဖြေရှင်းရန်

ပန်းတိုင် ၂ ၏ ခြုံငုံဖော်ပြချက် | သံတမန်အဖွဲ့သည် အမေရိကန်ပို့ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းများ တိုးချဲ့ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးတွင် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေကို လျှော့ချရန် ဆောင်ရွက်မည်။ မျှတသော ဈေးကွက်ဝင်ရောက်ခွင့်ရရှိရေးကို တိုက်တွန်းခြင်းနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးခြင်းတို့ဖြင့် သံတမန်အဖွဲ့သည် အမေရိကန်ပြည်ထောင်စုကို အဓိက စီးပွားရေးမိတ်ဖက်အဖြစ် နေရာရရှိစေပြီး အပြန်အလှန်အကျိုးရှိသော တိုးတက်မှုကို မြှင့်တင်မည်။ ဤပန်းတိုင်သည် အမေရိကန်၏ စီးပွားရေးအကျိုးစီးပွားများကို တိုးတက်ဖြစ်ထွန်းစေရေးနှင့် ထောက်ပံ့ရေးကွင်းဆက်လုံခြုံမှုကို အားကောင်းစေရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများနှင့် ကိုက်ညီသည်။

ရည်မှန်းချက် ၂.၁

တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိသည့် အဓိက စီးပွားရေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး သုံးခု ရရှိအောင် ဆောင်ရွက်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နှင့် ကုန်ပစ္စည်းပေးသွင်းသူအဖြစ် နေရာရရှိစေရန်

ရည်မှန်းချက် ၂.၁ ၏ ခြုံငုံဖော်ပြချက် | ဤရည်မှန်းချက်သည် အမေရိကန်ကုမ္ပဏီများအတွက် အဓိက စီးပွားရေး သို့မဟုတ် အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက် အနည်းဆုံး သုံးခု ရရှိရန် ကြိုးပမ်းခြင်းဖြင့် အမေရိကန်ပြည်ထောင်စုကို ဦးဆောင်သော ကုန်သွယ်ဖက်တစ်နိုင်ငံအဖြစ် နေရာရရှိစေရန် ရည်ရွယ်သည်။ အဆင့်မြင့်အဆင့်မှ တိုက်တွန်းဆောင်ရွက်မှုနှင့် အဖွဲ့အစည်းအသီးသီးအကြား ပူးပေါင်းညှိနှိုင်းမှုတို့ကို အသုံးချခြင်းဖြင့် သံတမန်အဖွဲ့သည် အမေရိကန်၏ စီးပွားရေးအကျိုးစီးပွားများနှင့် ပို့ကုန်များကို မြှင့်တင်ကာ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးမည်။ ဤရည်မှန်းချက် အောင်မြင်ခြင်းသည် ကုန်သွယ်ရေးကို ပြန်လည်ဟန်ချက်ညီစေရေး၊ အမေရိကန်အလုပ်အကိုင်များ မြှင့်တင်ရေးနှင့် မမျှတသော ကုန်သွယ်ရေးအလေ့အထများကို တန်ပြန်ရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများကို တိုးတက်အကောင်အထည်ဖော်ပေးမည်။

ရည်မှန်းချက် ၂.၁ နှင့် ဆက်စပ်ချက်များ |

၁။ NSS: 2.E.1 — ဟန်ချက်ညီသော ကုန်သွယ်ရေး။

၂။ NSS: 1.H — အမေရိကန်အလုပ်သမားများ၏ အကျိုးစီးပွားကို ဦးစားပေးခြင်း။

၃။ NSS: 3.B.1 — စီးပွားရေးအနာဂတ်ကို အနိုင်ရယူခြင်း။

ရည်မှန်းချက် ၂.၁ အတွက် ဦးဆောင်နှင့် ပံ့ပိုးဆောင်ရွက်မည့် ရုံးဌာနများ |

◼️ဦးဆောင် — POL-ECON။

◼️ပံ့ပိုး — အမေရိကန်နှင့် နိုင်ငံရပ်ခြား ကုန်သွယ်ရေးဝန်ဆောင်မှုဌာန၊ နိုင်ငံရပ်ခြား စိုက်ပျိုးရေးဝန်ဆောင်မှုဌာန။

ရည်မှန်းချက် ၂.၂

ရည်ရွယ်ချက်တိကျသော တိုက်တွန်းဆောင်ရွက်မှုများမှတစ်ဆင့် ၂၀၃၀ ပြည့်နှစ်ကုန်တွင် အမေရိကန်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုကို သုံးဆအထိ တိုးမြှင့်ရန်

ရည်မှန်းချက် ၂.၂ ၏ ခြုံငုံဖော်ပြချက် | မြန်မာနိုင်ငံ၏ နိုင်ငံတော်က စီမံကိန်းချမှတ်သော စီးပွားရေးစနစ်အရ ကုမ္ပဏီများသည် ကုန်ပစ္စည်းတင်သွင်းရန် ခွင့်ပြုချက်များ ရယူရပြီး နိုင်ငံတကာ၌ လွတ်လပ်စွာလဲလှယ်အသုံးပြုနိုင်သော နိုင်ငံခြားငွေ ရှားပါးမှုက လိုင်စင်များ ထုတ်ပေးနိုင်ခြင်းကို အဟန့်အတားဖြစ်စေသဖြင့် အမေရိကန်စီးပွားရေးလုပ်ငန်းများကို အကြီးအကျယ် ထိခိုက်စေကာ သွင်းကုန်များကို ကန့်သတ်ထားသည်။ သံတမန်အဖွဲ့သည် မြန်မာနိုင်ငံ၌ အမေရိကန်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှု သုံးဆတိုးလာစေရန် တိုက်တွန်းဆောင်ရွက်မည်။ မြန်မာအာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံခြင်း၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတားအဆီးများကို ဖြေရှင်းခြင်းတို့ဖြင့် သံတမန်အဖွဲ့သည် အမေရိကန်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ဈေးကွက်ဝင်ရောက်ခွင့်ကို တိုးချဲ့မည်။ ဤရည်မှန်းချက်သည် အမေရိကန်ပို့ကုန်များ မြှင့်တင်ရေး၊ အမေရိကန်အလုပ်အကိုင်များ ဖန်တီးရေးနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် တန်းတူယှဉ်ပြိုင်နိုင်သော အခြေအနေရှိစေရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများကို ပံ့ပိုးသည်။

ရည်မှန်းချက် ၂.၂ နှင့် ဆက်စပ်ချက်များ |

၁။ NSS: 2.E.1 — ဟန်ချက်ညီသော ကုန်သွယ်ရေး။

၂။ NSS: 1.H — အမေရိကန်အလုပ်သမားများ၏ အကျိုးစီးပွားကို ဦးစားပေးခြင်း။

၃။ NSS: 3.B.1 — စီးပွားရေးအနာဂတ်ကို အနိုင်ရယူခြင်း။

ရည်မှန်းချက် ၂.၂ အတွက် ဦးဆောင်နှင့် ပံ့ပိုးဆောင်ရွက်မည့် ရုံးဌာနများ |

◼️ဦးဆောင် — POL-ECON။

◼️ပံ့ပိုး — အမေရိကန်နှင့် နိုင်ငံရပ်ခြား ကုန်သွယ်ရေးဝန်ဆောင်မှုဌာန၊ နိုင်ငံရပ်ခြား စိုက်ပျိုးရေးဝန်ဆောင်မှုဌာန။

ပန်းတိုင် ၃

မြန်မာနိုင်ငံ၌ အားလုံးပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်ကို အထောက်အကူပြုသည့် အခြေအနေများ တိုးတက်ဖြစ်ပေါ်လာစေရန်

ပန်းတိုင် ၃ ၏ ခြုံငုံဖော်ပြချက် | သံတမန်အဖွဲ့သည် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး ရရှိရန် ကြိုးပမ်းမှုများကို ပံ့ပိုးပြီး မြန်မာနိုင်ငံ၌ သမ္မတထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို တိုးတက်အကောင်အထည်ဖော်မည်။ တွေ့ဆုံဆွေးနွေးမှုများ ဖြစ်မြောက်စေရန် ကူညီခြင်းနှင့် သက်ဆိုင်သူအစုအဖွဲ့အသီးသီး၏ ထိတွေ့ဆက်ဆံမှုကို ပံ့ပိုးခြင်းတို့ဖြင့် သံတမန်အဖွဲ့သည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေခံအုတ်မြစ်ချမှတ်ရာ၌ ကူညီမည်။ ဤပန်းတိုင်သည် တည်ငြိမ်ရေး၊ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု မြှင့်တင်ရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများနှင့် ကိုက်ညီသည်။

ရည်မှန်းချက် ၃.၁

၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်သို့ ဦးတည်နိုင်မည့် လမ်းကြောင်းဖော်ဆောင်ပေးသော တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး ရရှိရန် ကြိုးပမ်းမှုများကို ပံ့ပိုးရန်

ရည်မှန်းချက် ၃.၁ ၏ ခြုံငုံဖော်ပြချက် | ဤရည်မှန်းချက်သည် ၂၀၃၀ ပြည့်နှစ်၊ ဇူလိုင်လ နောက်ဆုံးထား၍ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ဖြင့် မြန်မာနိုင်ငံ၏ ပဋိပက္ခကို အဆုံးသတ်ရန် မြန်မာနှင့် နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို ပံ့ပိုးရန် ရည်ရွယ်သည်။ သံတမန်အဖွဲ့သည် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမည်ဖြစ်ပြီး နည်းပညာအကူအညီ ပေးအပ်ကာ စေ့စပ်ညှိနှိုင်းမှုများ ဖြစ်မြောက်စေရန် နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းညှိနှိုင်းမည်။ ဤရည်မှန်းချက် အောင်မြင်ခြင်းသည် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများကို တိုးတက်အကောင်အထည်ဖော်ပေးမည်။

ရည်မှန်းချက် ၃.၁ နှင့် ဆက်စပ်ချက်များ |

၁။ NSS: 2.D — ငြိမ်းချမ်းရေးမှတစ်ဆင့် ဆက်ဆံရေးအနေအထားများ ပြန်လည်ချိန်ညှိခြင်း။

၂။ NSS: 1.B — အင်အားမှတစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း။

၃။ NSS: 3.B.2 — စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုကို တားဆီးခြင်း။

ရည်မှန်းချက် ၃.၁ အတွက် ဦးဆောင်နှင့် ပံ့ပိုးဆောင်ရွက်မည့် ရုံးဌာနများ |

◼️ဦးဆောင် — POL-ECON။

◼️ပံ့ပိုး — နိုင်ငံခြားအကူအညီဌာန၊ စစ်သံမှူးရုံး။

ရည်မှန်းချက် ၃.၂

အမေရိကန်၏ ဩဇာလွှမ်းမိုးမှု တိုးမြှင့်ရန်နှင့် အခြားဒေသတွင်း အင်အားစုများထက် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုအတွက် အခြေအနေတစ်ရပ် ဖန်တီးရန်အလို့ငှာ ၂၀၃၀ ပြည့်နှစ်ကုန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ပြည်နယ်နှင့် ဒေသအဆင့် အတိုက်အခံအဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုများကို လျှော့ချရန်

ရည်မှန်းချက် ၃.၂ ၏ ခြုံငုံဖော်ပြချက် | သံတမန်အဖွဲ့သည် မြန်မာနိုင်ငံ၌ ဘဏ္ဍာရေး ဖက်ဒရယ် စနစ်နှင့် နယ်မြေနယ်နိမိတ် သတ်မှတ်ရေးတို့ကို တိုးတက်ဖြစ်ထွန်းစေမည့် တိကျခိုင်မာသော သဘောတူညီချက်များ သို့မဟုတ် မူဝါဒအဆိုပြုချက်များ ထွက်ပေါ်လာစေသည့် သက်ဆိုင်သူအစုအဖွဲ့အသီးသီး ပါဝင်သော ဆွေးနွေးပွဲ အနည်းဆုံး သုံးကြိမ် ဖြစ်မြောက်စေရန် ကူညီဆောင်ရွက်မည်။ ယင်းက မြန်မာနိုင်ငံ၏ ပေါများကြွယ်ဝသော မြေရှားသယံဇာတများကို လက်လှမ်းမီရရှိနိုင်မည့် အခွင့်အလမ်းများနှင့် လိမ်လည်မှုစခန်းများကို တိုက်ဖျက်ရန် အခွင့်အလမ်းများ ဖန်တီးပေးမည်။ ဗဟို၊ ပြည်နယ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုများကို လျှော့ချခြင်းဖြင့် သံတမန်အဖွဲ့သည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်သော အုပ်ချုပ်မှုအတွက် အခြေအနေများ ဖန်တီးရာ၌ ကူညီမည်။ ဤရည်မှန်းချက်သည် ကောင်းမွန်သော အုပ်ချုပ်မှု၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဒေသတွင်းတည်ငြိမ်ရေး မြှင့်တင်ရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများကို ပံ့ပိုးသည်။

ရည်မှန်းချက် ၃.၂ နှင့် ဆက်စပ်ချက်များ |

၁။ NSS: 2.D — ငြိမ်းချမ်းရေးမှတစ်ဆင့် ဆက်ဆံရေးအနေအထားများ ပြန်လည်ချိန်ညှိခြင်း။

၂။ NSS: 1.D — လိုက်လျောညီထွေရှိသော လက်တွေ့ဝါဒ။

၃။ NSS: 3.B.1 — စီးပွားရေးအနာဂတ်ကို အနိုင်ရယူခြင်း။

ရည်မှန်းချက် ၃.၂ အတွက် ဦးဆောင်နှင့် ပံ့ပိုးဆောင်ရွက်မည့် ရုံးဌာနများ |

◼️ဦးဆောင် — POL-ECON။

◼️ပံ့ပိုး — နိုင်ငံခြားအကူအညီဌာန၊ စစ်သံမှူးရုံး။

ပန်းတိုင် ၄

ဒေသတွင်း ဩဇာလွှမ်းမိုးမှု တိုးမြှင့်ရန် အမေရိကန်၏ ထိတွေ့ဆက်ဆံမှုကို တိုးချဲ့ရန်

ပန်းတိုင် ၄ ၏ ခြုံငုံဖော်ပြချက် | အမေရိကန်ပြည်ထောင်စုသည် ဒေသတွင်း ဩဇာလွှမ်းမိုးမှု အားကောင်းစေရန်နှင့် အန္တရာယ်ပြုသော အင်အားစုများကို တန်ပြန်ရန် မြန်မာနိုင်ငံ၌ သံတမန်ရေး၊ စီးပွားရေးနှင့် အများပြည်သူဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို တိုးချဲ့မည်။ ဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းစေခြင်းနှင့် အမေရိကန်၏ ဦးဆောင်မှုကို ပိုမိုသိရှိမြင်တွေ့လာစေခြင်းတို့ဖြင့် သံတမန်အဖွဲ့သည် အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံ၏ မဟာဗျူဟာမိတ်ဖက်များအနက် တစ်နိုင်ငံအဖြစ် နေရာရရှိစေပြီး လွတ်လပ်၍ ပွင့်လင်းသော အင်ဒိုပစိဖိတ်ဒေသကို အားဖြည့်ပေးမည်။ ဤပန်းတိုင်သည် ဒေသတွင်း၌ အမေရိကန်၏ အကျိုးစီးပွားများနှင့် တန်ဖိုးများကို တိုးတက်ဖြစ်ထွန်းစေရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများကို ပံ့ပိုးသည်။

ရည်မှန်းချက် ၄.၁

လုပ်ငန်းဆောင်ရွက်သည့်အဆင့်၌ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများကို တိုးချဲ့ခြင်း၊ အမေရိကန်၏ ထိတွေ့ဆက်ဆံမှုက အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့အတွက် မည်သို့အကျိုးဖြစ်ထွန်းစေကြောင်း ပြသသည့် ရည်ရွယ်ချက်တိကျသော အများပြည်သူဆိုင်ရာ သတင်းစကားများ ဖြန့်ဝေခြင်းတို့ဖြင့် မြန်မာနိုင်ငံ၌ အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို အားကောင်းစေရန်

ရည်မှန်းချက် ၄.၁ ၏ ခြုံငုံဖော်ပြချက် | ဤရည်မှန်းချက်သည် လုပ်ငန်းဆောင်ရွက်သည့်အဆင့်၌ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများကို တိုးချဲ့ခြင်းနှင့် ရည်ရွယ်ချက်တိကျသော အများပြည်သူဆိုင်ရာ သတင်းစကားဖြန့်ဝေရေး လှုပ်ရှားမှုများကို အကောင်အထည်ဖော်ခြင်းတို့ဖြင့် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်ချမှတ်သူများအကြား အမေရိကန်ပြည်ထောင်စု၏ အဆင့်အတန်းကို မြှင့်တင်ရန် ရည်ရွယ်သည်။ အဓိကသက်ဆိုင်သူများနှင့် ဆက်ဆံရေးတည်ဆောက်ခြင်း၊ အမေရိကန်၏ တန်ဖိုးများနှင့် အောင်မြင်မှုများကို ပိုမိုကျယ်ပြန့်စွာ သိရှိစေခြင်းတို့ဖြင့် သံတမန်အဖွဲ့သည် ပြိုင်ဘက်ဇာတ်ကြောင်းများကို တန်ပြန်ပြီး အမေရိကန်၏ ဦးဆောင်မှုကို အားဖြည့်ပေးမည်။ ဤရည်မှန်းချက် အောင်မြင်ခြင်းသည် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရေးနှင့် လွတ်လပ်၍ ပွင့်လင်းသော အင်ဒိုပစိဖိတ်ဒေသ မြှင့်တင်ရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများကို တိုးတက်အကောင်အထည်ဖော်ပေးမည်။ အောင်မြင်မှုကို မြန်မာမီဒီယာများ၌ အမေရိကန်၏ လုပ်ဆောင်မှုများအပေါ် အပြုသဘောဆောင်သော ဖော်ပြမှုများ တိုးလာခြင်း၊ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုသို့ ဦးတည်သော လက်တွေ့ကျသည့် အဆင့်များ ဆောင်ရွက်လာခြင်း၊ အခြားဒေသတွင်း အင်အားစုများနှင့် နှိုင်းယှဉ်လျှင် အစိုးရ၊ စီးပွားရေးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ သက်ဆိုင်သူများက အမေရိကန်၏ ထိတွေ့ပါဝင်ဆောင်ရွက်မှုကို တောင်းဆိုလာခြင်းတို့ဖြင့် တိုင်းတာမည်။

ရည်မှန်းချက် ၄.၁ နှင့် ဆက်စပ်ချက်များ |

၁။ NSS: 2.C — ဝန်ထုပ်ဝန်ပိုးကို မျှဝေခြင်းနှင့် လွှဲပြောင်းခြင်း။

၂။ NSS: 1.F — အချုပ်အခြာအာဏာနှင့် လေးစားမှု။

၃။ NSS: 3.B.1 — စီးပွားရေးအနာဂတ်ကို အနိုင်ရယူခြင်း။

ရည်မှန်းချက် ၄.၁ အတွက် ဦးဆောင်နှင့် ပံ့ပိုးဆောင်ရွက်မည့် ရုံးဌာနများ |

◼️ဦးဆောင် — PD။

◼️ပံ့ပိုး — နိုင်ငံရေးနှင့် စီးပွားရေးဌာန၊ နိုင်ငံခြားအကူအညီဌာန။

ရည်မှန်းချက် ၄.၂

အမေရိကန်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီသည် မိတ်ဖက်များ၏ ထည့်ဝင်ပံ့ပိုးမှုများကို အသုံးချကာ မြန်မာနိုင်ငံ၏ ထိခိုက်လွယ်မှုအရှိဆုံး လူဦးရေအုပ်စုများအနက် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ လူဦးရေ ၃ သန်းထံ ရောက်ရှိစေရန်နှင့် အမေရိကန်က ပံ့ပိုးထားသော အစီအစဉ်များကို ပိုမိုသိရှိမြင်တွေ့လာစေခြင်းဖြင့် အမေရိကန်ပြည်ထောင်စုကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၌ ဦးဆောင်သော အလှူရှင်အဖြစ် ရပ်တည်စေရန်

ရည်မှန်းချက် ၄.၂ ၏ ခြုံငုံဖော်ပြချက် | သံတမန်အဖွဲ့သည် မြန်မာနိုင်ငံ၏ ထိခိုက်လွယ်မှုအရှိဆုံး လူဦးရေအုပ်စုများထံ အမေရိကန်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီ ထိရောက်စွာ ပေးပို့ရောက်ရှိစေရန် ဆောင်ရွက်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီအစီအစဉ်များကို ဘေးကင်းလုံခြုံစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အမေရိကန်၏ ဦးဆောင်မှုနှင့် တိုက်တွန်းဆောင်ရွက်မှုကို တိုးမြှင့်မည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်လှမ်းမီပေးပို့နိုင်မှု တိုးချဲ့ရန်နှင့် ဝန်ထုပ်ဝန်ပိုး မျှဝေထမ်းဆောင်မှုကို အားပေးရန် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို အသုံးချခြင်းဖြင့် သံတမန်အဖွဲ့သည် အခြားဒေသတွင်း အင်အားစုများနှင့် နှိုင်းယှဉ်လျှင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၌ ဦးဆောင်သော အလှူရှင်အဖြစ် အမေရိကန်၏ ဂုဏ်သတင်းကို အားဖြည့်ပေးပြီး အကူအညီလက်ခံရရှိသော ရပ်ရွာအသိုင်းအဝိုင်းများအတွင်း မိမိကိုယ်ကို အားကိုးရပ်တည်နိုင်မှုကို မြှင့်တင်မည်။ သံတမန်အဖွဲ့သည် မြန်မာနိုင်ငံ၏ ပေါ်ထွက်လာသော ရောဂါများကို ရှာဖွေဖော်ထုတ်နိုင်စွမ်းနှင့် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းတို့ကိုလည်း အားကောင်းစေပြီး ကူးစက်ရောဂါခြိမ်းခြောက်မှုများကို မူလအစပြုရာနေရာ၌ပင် တားဆီးမည်။ ဤရည်မှန်းချက်သည် အမေရိကန်၏ အကျိုးစီးပွားများကို တိုးတက်ဖြစ်ထွန်းစေရေး၊ အမေရိကန်နိုင်ငံသားများ၏ အသက်အိုးအိမ်ကို ကာကွယ်ရေး၊ တည်ငြိမ်ရေး မြှင့်တင်ရေးနှင့် ရန်ဘက်အလှူရှင်များ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရေးဟူသော အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းများကို ပံ့ပိုးသည်။

ရည်မှန်းချက် ၄.၂ နှင့် ဆက်စပ်ချက်များ |

၁။ NSS: 2.C — ဝန်ထုပ်ဝန်ပိုးကို မျှဝေခြင်းနှင့် လွှဲပြောင်းခြင်း။

၂။ NSS: 2.D — ငြိမ်းချမ်းရေးမှတစ်ဆင့် ဆက်ဆံရေးအနေအထားများ ပြန်လည်ချိန်ညှိခြင်း။

၃။ NSS: 3.B.1 — စီးပွားရေးအနာဂတ်ကို အနိုင်ရယူခြင်း။

ရည်မှန်းချက် ၄.၂ အတွက် ဦးဆောင်နှင့် ပံ့ပိုးဆောင်ရွက်မည့် ရုံးဌာနများ |

◼️ဦးဆောင် — FA။

◼️ပံ့ပိုး — ရောဂါထိန်းချုပ်ရေးဌာနများ၊ အများပြည်သူဆိုင်ရာ သံတမန်ရေးနှင့် ပြန်ကြားရေးဌာန။

ရင်းမြစ် —ICS_U.S._Mission_to_Burma_20260831-Public.pdf၊ အတည်ပြုသည့်ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

ကြားဖြတ်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့လျှင် ဗီတိုအာဏာအပြည့်အဝသုံးမည်ဟုထရမ့်ပြော

#World_News
Published 02 November 2026

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေပါတယ်။

■ ထရမ့်ကတော့ အဲဒီလိုဖြစ်လာခဲ့ရင် သူ့ကိုယ်သူ “Mr. Veto” လို့တောင် ခေါ်ရတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။

■ New York Post သတင်းဌာနရဲ့ Pod Force One Podcast အစီအစဉ်အတွက် အင်တာဗျူးမှာ ထရမ့်က အခုလို ပြောခဲ့တာပါ။

■ “ကျွန်တော်ကတော့ Mr. Veto ဖြစ်လာတော့မယ်ထင်တယ်။ အဲဒီနောက် တစ်ချိန်ချိန်မှာတော့ သဘောတူညီချက်တွေ ရယူနိုင်ပါလိမ့်မယ်” လို့ ထရမ့်က ဆိုပါတယ်။

■ ဒီမိုကရက်တွေ အသာစီးရပြီး လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်သွားခဲ့ရင် သူဟာ ပထမတစ်လ၊ နှစ်လလောက်အတွင်း ဒီမိုကရက်တွေ အတည်ပြုတဲ့ ဥပဒေကြမ်းတွေကို ဗီတိုအာဏာသုံးပြီး ပယ်ချသွားနိုင်တယ်လို့လည်း ပြောထားပါတယ်။ နောက်ပိုင်းမှာတော့ နှစ်ဖက်ညှိနှိုင်းပြီး သဘောတူညီမှုရယူဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

■ အိမ်ဖြူတော် တာဝန်ရှိသူနှစ်ယောက်ရဲ့ ပြောကြားချက်အရ ထရမ့်အစိုးရဟာ ဒီမိုကရက်တွေ လွှတ်တော်ကို ထိန်းချုပ်လာနိုင်တဲ့ အခြေအနေအတွက်လပေါင်းများစွာကြိုတင်ပြင်ဆင်ထားပါတယ်။

■ အိမ်ဖြူတော်ရှေ့နေချုပ် ဝီလ် ရှာ့ဖ်နဲ့ သူ့အဖွဲ့ဟာလည်း ကွန်ဂရက်ရဲ့ ခွင့်ပြုချက်မလိုဘဲ သမ္မတအနေနဲ့ ဘယ်လိုလုပ်ပိုင်ခွင့်တွေကို အသုံးပြုနိုင်သလဲ၊ အာဏာကို ဘယ်အတိုင်းအတာအထိ အသုံးချနိုင်သလဲ၊ အဲဒီဆုံးဖြတ်ချက်တွေကို တရားရုံးမှာ ဘယ်လိုကာကွယ်မလဲဆိုတာတွေကို လေ့လာပြင်ဆင်နေတယ်လို့ သိရပါတယ်။

■ ထရမ့်ဟာ အရင်ကတည်းက သမ္မတရဲ့ အုပ်ချုပ်ရေးအာဏာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့သူဖြစ်ပါတယ်။

■ ကုန်သွယ်ခွန်တွေ တိုးမြှင့်ကောက်ခံတာ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ထိန်းချုပ်ရေးတွေ တင်းကျပ်တာ၊ ဖက်ဒရယ်အစိုးရဝန်ထမ်းအင်အား လျှော့ချတာတွေအပြင် ကွန်ဂရက်ရဲ့ ခွင့်ပြုချက်အသစ်မရဘဲ အီရန်နဲ့စစ်ပွဲအပါအဝင် နိုင်ငံခြားရေးမူဝါဒတွေကို အကောင်အထည်ဖော်ခဲ့တာတွေလည်း ရှိပါတယ်။

■ ဒါပေမဲ့ ဒီမိုကရက်တွေ လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ရင် ထရမ့်အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ဖြစ်လာနိုင်ပါတယ်။

■ အောက်လွှတ်တော် ဒီမိုကရက်အမတ်ကြီးတွေနဲ့ ကော်မတီတာဝန်ရှိသူတွေဟာ ထရမ့်အနေနဲ့ သမ္မတရာထူးနဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး သူ့ကိုယ်သူ၊ သူ့ရဲ့ မဟာမိတ်တွေနဲ့ အလှူရှင်တွေ အကျိုးအမြတ်ရအောင် လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

■ အဲဒီအတွက် ထရမ့်ဟာ ဥပဒေကြမ်းတွေကို ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပေမဲ့ လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ ရှောင်လွှဲဖို့ ခက်ခဲလာနိုင်တဲ့ အခြေအနေရှိနေပါတယ်။

Source-Wion

အခြားနိုင်ငံများထက် ဒရုန်းနည်းပညာကဏ္ဍအသာစီးရရန်  ကင်ဂျုံအွန်းတိုက်တွန်း

#World_News
Published 30 October 2026

■ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ဒရုန်းနည်းပညာကဏ္ဍမှာ နိုင်ငံအနေနဲ့ “အပြတ်အသတ် အသာစီးရရှိရေး” ကို ရည်မှန်းကြိုးပမ်းဖို့ တိုက်တွန်းလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက အောက်တိုဘာ ၃၀ ရက်နေ့မှာဖော်ပြပါတယ်။

■ ကင်ဂျုံအွန်းဟာ မောင်းသူမဲ့လေယာဉ်နည်းပညာပြပွဲနဲ့ လက်နက်စမ်းသပ်ပစ်ခတ်မှုကို တက်ရောက်ကြည့်ရှုရင်း အခုလိုပြောကြားခဲ့တာပါ။

■ အဲဒီနောက် ပြုလုပ်ခဲ့တဲ့ စစ်ရေးပြပစ်ခတ်မှုမှာတော့ အသေခံတိုက်ခိုက်ရေး ဒရုန်းတွေ၊ နည်းဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ၊ ဘက်စုံသုံးဒရုန်းတွေနဲ့ ၆၀၀ မီလီမီတာ အရွယ်အစားရှိ ဒုံးပျံအမြောက်စနစ် တပ်ရင်းတစ်ရင်းတို့ ပါဝင်ခဲ့တယ်လို့ KCNA က ဆိုပါတယ်။

■ တစ်ဖက်မှာလည်း တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေအပါအဝင် ဒုံးကျည်နဲ့ ပစ်ခတ်ရေးပစ္စည်း ၁၀ ခုခန့် ပစ်လွှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

■ ကင်ဂျုံအွန်းကတော့ ခေတ်သစ်စစ်ပွဲတွေရဲ့ ပုံစံဟာ ပြောင်းလဲလာနေတဲ့အတွက် ဒရုန်းနည်းပညာမှာ အသာစီးရရှိဖို့ ကြိုးပမ်းခြင်းဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် ရွေးချယ်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

■ ဒါ့အပြင် မောင်းသူမဲ့လက်နက်စနစ်တွေမှာ အဆင့်မြင့် AI နည်းပညာကို အသုံးပြုနိုင်ရေးဟာ ခေတ်မီစစ်တပ်တစ်ရပ် တည်ဆောက်ရာမှာ ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

■ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဒရုန်းနဲ့ AI နည်းပညာတွေကို စစ်တပ်မှာ ပိုမိုအသုံးချနိုင်ရေးအတွက် အရင်ကလည်း အကြိမ်ကြိမ် တိုက်တွန်းခဲ့ဖူးပါတယ်။

Source-Reuters

Health

အပူလှိုင်းမုန်တိုင်းများခေတ် - အကြီးမားဆုံးမုန်တိုင်းကြီး

ဧရာမ ‘အပူလှိုင်းမုန်တိုင်းကြီးများ’ က ကမ္ဘာမြေကို ပူပြင်းလောင်ကျွမ်းစေလျက်ရှိသည်။ ဤသည်မှာ သမိုင်းတစ်လျှောက် စံချိန်တင် အကြီးမားဆုံး အပူလှိုင်းမုန်တိုင်းကြီးအကြောင်း ဖြစ်သည်။

၂၀ အောက်တိုဘာ၊၂၀၂၆-

ရိုက်တာ (Reuters) သတင်းဌာန၏ လေ့လာဆန်းစစ်ချက်အရ ယခင်က သီးခြားဖြစ်ပေါ်လေ့ရှိသော သာမန် "အပူလှိုင်း (Heat waves)" များသည် ယခုအခါ ကမ္ဘာ့မျက်နှာပြင် ကျယ်ပြန့်စွာကို လပေါင်းများစွာ သို့မဟုတ် နှစ်ချီ၍ ဖုံးလွှမ်းနိုင်သည့် ဧရာမ "အပူလှိုင်းမုန်တိုင်းများ (Heat storms)" အဖြစ် အသွင်ကူးပြောင်းလာပြီဖြစ်ကြောင်းဖော်ပြထားသည်။

အပူလှိုင်းမုန်တိုင်း (Heat Storm) သတ်မှတ်ချက်နှင့် စိုးရိမ်ဖွယ် ကိန်းဂဏန်းများ

  • သတ်မှတ်ချက် - သမိုင်းဝင် အမြင့်ဆုံးအပူချိန်၏ ထိပ်ဆုံး ၁၀ ရာခိုင်နှုန်းအတွင်း ၅ ရက်ဆက်တိုက် ရောက်ရှိနေခြင်းကို "အပူလှိုင်း" ဟု သတ်မှတ်ပြီး၊ ယင်းအပူလှိုင်းသည် ကမ္ဘာ့မျက်နှာပြင်၏ ၁ ရာခိုင်နှုန်း (ကနေဒါနိုင်ငံ၏ ထက်ဝက်ခန့်) ကို ဖုံးလွှမ်းသွားပါက "အပူလှိုင်းမုန်တိုင်း" ဟု ခေါ်ဆိုသည်။
  • ၁၈ နှစ်ကြာ အဆက်မပြတ်တိုက်ခတ်နေမှု - ၂၀၀၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ လွန်ခဲ့သော ၁၈ နှစ် (ရက်ပေါင်း ၆၆၈၁ ရက်) အတွင်း ကမ္ဘာပေါ်တွင် နေ့စဉ် အနည်းဆုံး အပူလှိုင်းမုန်တိုင်းတစ်ခု (သို့မဟုတ် တစ်ခုထက်ပို၍) အဆက်မပြတ် တိုက်ခတ်နေခဲ့သည်။ ယင်းအထဲတွင် ကမ္ဘာ့မျက်နှာပြင်၏ ၁၀ ရာခိုင်နှုန်းကျော်ကို ဖုံးလွှမ်းသည့် ဧရာမမုန်တိုင်းကြီး ၅၆ ခု ပါဝင်သည်။
  • တိုးပွားလာသောနှုန်းထား - ၁၉၆၀ ပြည့်လွန်နှစ်များက တစ်နှစ်လျှင် အပူလှိုင်းမုန်တိုင်း ၅ ခုခန့်သာရှိခဲ့သော်လည်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ ၃၀ ရာခိုင်နှုန်းကျော် တိုးလာမှုနှင့် အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်များကြောင့် ယခုဆယ်စုနှစ်တွင် တစ်နှစ်လျှင် ပျမ်းမျှ ၁၀၂ ခုအထိ တိုးလာသည်။ အပူလှိုင်းမုန်တိုင်းများသည် ယခင်က ပုံမှန်ထက်ပူသောရက်များ၏ ၃ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုအခါ ၄၃ ရာခိုင်နှုန်းအထိ နေရာယူလာသည်။
  • အအေးလှိုင်းများ ပျောက်ကွယ်လာခြင်း - ၁၉၆၀ ပြည့်လွန်နှစ်များနှင့် နှိုင်းယှဉ်ပါက ဆောင်းရာသီ၏ အအေးလှိုင်း (Cold snaps) ဧရိယာများသည် ၈၀ ရာခိုင်နှုန်းနီးပါး လျော့ကျသွားသည်။ သို့သော် မြောက်ကမ္ဘာလုံးခြမ်းရှိ အပူလှိုင်းများက အအေးဓာတ်ကို တွန်းထုတ်လိုက်သဖြင့် (Polar vortex) အမေရိကန်နှင့် ကနေဒါတို့တွင် မကြုံစဖူး ပြင်းထန်သော အအေးဒဏ်ကို ရုတ်တရက် ကြုံတွေ့ရတတ်သည်။
  •  

Heat Storm Vera ၏ ကမ္ဘာလုံးဆိုင်ရာ အဖျက်စွမ်းအား (၂၀၂၃ ဇူလိုင် - ၂၀၂၄ ဇူလိုင်)

ရက်ပေါင်း ၃၆၇ ရက်ကြာ တိုက်ခတ်ခဲ့ပြီး ကမ္ဘာ့မျက်နှာပြင် ၈၅ ရာခိုင်နှုန်းအထိ ဖုံးလွှမ်းခဲ့သော ဆိုးရွားသည့် မုန်တိုင်းကြီးဖြစ်သည်။ အီရန်နိုင်ငံ Lut သဲကန္တာရတွင် ၅၃.၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကမ္ဘာတစ်ဝန်း အောက်ပါ ဘေးအန္တရာယ်များကို ဆက်တိုက်ဖြစ်ပေါ်စေခဲ့သည် -

  • ဥရောပနှင့် ဂရိ - ဥရောပတွင် တစ်ပတ်အတွင်း လူပေါင်း ၁၀,၀၀၀ ကျော် အပူဒဏ်ကြောင့် သေဆုံးခဲ့ပြီး ရထားလမ်းများ ကွေးကောက်ပျက်စီးခဲ့သည်။ ဂရိနိုင်ငံ Dadia သစ်တောတွင် သမိုင်းတစ်လျှောက် အကြီးဆုံး တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဖြတ်သန်းသွားလာနေသည့် ရွှေ့ပြောင်းနေထိုင်သူများ မီးလောင်သေဆုံးခဲ့သည်။
  • လစ်ဗျား - အပူလှိုင်းမုန်တိုင်းကြောင့် မြေထဲပင်လယ်တွင် ဆိုင်ကလုန်းမုန်တိုင်း အားကောင်းလာပြီး Derna မြို့ရှိ ဆည်များကျိုးပေါက်ကာ ရပ်ကွက်များ ရေစီးနှင့်အတူ မျောပါပျက်စီးခဲ့သည်။
  • ဆော်ဒီအာရေးဗီးယား - ဟာ့ဂ်ျ (Hajj) ဘုရားဖူးရာသီအတွင်း အပူချိန် ၅၁.၈ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့သဖြင့် ဘုရားဖူး ၁၃၀၀ ကျော် လမ်းမများပေါ်တွင် သေဆုံးခဲ့သည်။
  • အမေရိကန် (လူဝီစီယားနား) - ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး မီးခိုးငွေ့များကြောင့် အဝေးပြေးလမ်းမပေါ်တွင် ကားစီးရေ ၁၅၈ စီး ဆင့်ကဲတိုက်မိကာ ၇ ဦးသေဆုံးခဲ့သည်။
  • အခြားသောသက်ရောက်မှုများ - ဖိလစ်ပိုင်တွင် ကျောင်းသားများ သွေးလျှံမူးမေ့လဲကျခြင်း၊ ဘရာဇီးတွင် ရေအပူချိန် ၄၁ ဒီဂရီအထိရှိလာသဖြင့် Amazon လင်းပိုင် ၂၀၀ ကျော်သေဆုံးခြင်း၊ စပိန်တွင် သံလွင်ဆီများရှားပါးလာသဖြင့် ဒေါ်လာ ၅ သိန်းကျော်တန်ဖိုးရှိ သံလွင်ဆီများ ခိုးယူခံရခြင်း၊ အိုင်ဗရီကို့စ်တွင် ကိုကိုးအထွက်နှုန်း ထက်ဝက်ကျဆင်းပြီး တောင်သူများ ဘဝပျက်စီးခြင်း၊ အမေရိကန် တက္ကဆက်ပြည်နယ်တွင် ကျောင်းသားဘောလုံးကစားသမားများ ဦးနှောက်နှင့် ကျောက်ကပ်ထိခိုက်ခြင်းများ ဖြစ်ပွားခဲ့သည်။

စံချိန်သစ်တင်ခဲ့သည့် Heat Storm Raimundo (၂၀၂၆)

Heat Storm Vera သည် ၎င်း၏သက်တမ်းတစ်လျှောက် ကမ္ဘာ့မျက်နှာပြင်၏ ၈၅ ရာခိုင်နှုန်းနီးပါးကို ဖြတ်သန်းခဲ့ပြီး စံချိန်တင်ခဲ့သည့်အပြင်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ၎င်း၏အမြင့်ဆုံးအခြေအနေ၌ ကမ္ဘာ့မျက်နှာပြင်၏ ၃၁.၃ ရာခိုင်နှုန်းအထိ ဖုံးလွှမ်းနိုင်ခဲ့ကာ အကြီးမားဆုံးစံချိန်ကို တင်နိုင်ခဲ့သည်။ သို့သော် ယခုနှစ် (၂၀၂၆) နွေရာသီတွင် ထိုစံချိန်များကို Heat Storm Raimundo က ချိုးဖျက်သွားခဲ့သည်။

Heat Storm Raimundo အပူလှိုင်းမုန်တိုင်းကြီးသည် ဥရောပတစ်ခွင်ကို အလွန်အမင်း ပူပြင်းစေခဲ့ပြီး စပိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် ဧရာမ တောမီးလောင်ကျွမ်းမှုကြီးများကို ဖြစ်ပေါ်စေခဲ့သည်။ ဩဂုတ်လ ၂၈ ရက်နေ့တွင် Raimundo သည် ကမ္ဘာ့မျက်နှာပြင်၏ ၃၃.၈ ရာခိုင်နှုန်းအထိ ကျယ်ပြန့်စွာ ဖုံးလွှမ်းနိုင်ခဲ့ပြီး Vera ၏ အမြင့်ဆုံးလွှမ်းခြုံနိုင်မှုစံချိန်ကို ကျော်လွန်သွားခဲ့သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ဖြစ်ပေါ်ခဲ့သော ဤမုန်တိုင်းသည် လက်ရှိအချိန်အထိ ကမ္ဘာ့မျက်နှာပြင်၏ ၇၅ ရာခိုင်နှုန်းနီးပါး (လေးပုံ သုံးပုံခန့်) ကို ထိတွေ့ဖြတ်သန်းခဲ့ပြီးဖြစ်သည်။

Vera နှင့် Raimundo အပူလှိုင်းမုန်တိုင်းကြီး နှစ်ခုစလုံးသည် အရည်ပျော်နေသော နီပေါရေခဲမြစ်ပေါ်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ဖုံးလွှမ်းတိုက်ခတ်ခဲ့ကြသည်။ ဩဂုတ်လ ၂၆ ရက်နေ့တွင် အဆိုပါရေခဲမြစ်ကြီး ပြိုကျပျက်စီးခဲ့ပြီး၊ ဆိုးရွားပြင်းထန်သော ရုတ်တရက် ရေကြီးရေလျှံမှုများနှင့် ရွှံ့နွံများပြိုကျမှု (နီပေါနိုင်ငံ၊ Devighat ဒေသ) တို့ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ကနဦး လေ့လာတွေ့ရှိချက်များအရ အပူချိန်မြင့်တက်လာမှုများသည် ရေခဲမြစ်နှင့် ၎င်း၏အောက်ခံကျောက်လွှာများကို အားနည်းကာ ပြိုကျစေရန် အဓိက တွန်းအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါရေခဲမြစ်ကြီး မပြိုကျမီအချိန်အထိ ၎င်းဧရိယာသည် ယခုဆယ်စုနှစ်အတွင်း အချိန်၏ ၅၈ ရာခိုင်နှုန်းခန့်ကို အပူလှိုင်း သို့မဟုတ် အပူလှိုင်းမုန်တိုင်းများအောက်တွင် ဖြတ်သန်းခဲ့ရသည်။ (၁၉၆၀ ပြည့်လွန်နှစ်များက ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။) ပိုမိုဆိုးရွားသည့်အချက်မှာ ရေခဲမြစ်ကြီး မပြိုကျမီ ခြောက်ရက်တိတိ အဆိုပါနေရာကို Heat Storm Raimundo က အပြည့်အဝ ဖုံးလွှမ်းထားခဲ့ခြင်းဖြစ်သည်။

Raimundo ၏ အဖျက်စွမ်းအားသည် ယခုအချိန်အထိ ပြီးဆုံးမသွားသေးပေ။ မုန်တိုင်းသက်တမ်းမှာ ရက်ပေါင်း ၂၃၅ ရက်ရှိနေပြီဖြစ်ကာ ကမ္ဘာကြီးကို ဆက်လက် အပူလောင်မြိုက်နေဆဲဖြစ်သည်။

(Source: ရိုက်တာသတင်းဌာနက သုတေသနပြုရေးသားထားသည့် Giant ‘heat storms’ are scorching the Earth. This is the story of the biggest one on record.ဆောင်းပါးကို ကောက်နှုတ်ဖော်ပြပေးပါသည်။)

စပါးကြီးမြွေသွေးထဲက မော်လီကျူးကနေ အဝလွန်သူတွေအတွက် ဝိတ်ကျဆေးအသစ် ပေါ်ထွက်လာနိုင်

၁၄ ဧပြီ၊၂၀၂၆

စပါးကြီးမြွေတွေဟာ သမင်လို အကောင်ကြီးမျိုးကို တစ်ထိုင်တည်း မျိုချပြီးရင် လနဲ့ချီပြီး ဘာမှထပ်မစားဘဲ နေနိုင်ကြတဲ့ ထူးခြားတဲ့ အလေ့အထရှိပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက မြွေတွေရဲ့ ဒီလိုထူးခြားတဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အဓိကကျတဲ့ မော်လီကျူးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဒါဟာ အဝလွန်သူတွေအတွက် ဆေးဝါးအသစ်တွေ ထုတ်လုပ်ရာမှာ လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မြွေတွေ အစာစားပြီးချိန်မှာ သူတို့ရဲ့ သွေးထဲမှာ အဆပေါင်း ၁၀၀၀ လောက်အထိ မြင့်တက်လာတတ်တဲ့ pTOS လို့ခေါ်တဲ့ မော်လီကျူးတစ်ခုကို အဝလွန်နေတဲ့ ကြွက်တွေကို စမ်းသပ်တိုက်ကြည့်ခဲ့ပါတယ်။ အဲဒီအခါ ကြွက်တွေဟာ အစားအသောက်ကို သိပ်မစားတော့ဘဲ ကိုယ်အလေးချိန် အမြန်ကျသွားတာကို အံ့ဩဖွယ် တွေ့ရှိခဲ့ရပါတယ်။ ဒီမော်လီကျူးဟာ Wegovy လို နာမည်ကြီး ဝိတ်ကျဆေးတွေနဲ့ ဆင်တူတဲ့ အာနိသင်မျိုး ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။

လက်ရှိသုံးနေတဲ့ Wegovy လို ဆေးတွေက အစာအိမ်ထဲကနေ အစာဆင်းတာကို နှေးစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်နေသလို ခံစားရစေပေမယ့် ပျို့အန်တာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိတဲ့ pTOS မော်လီကျူးကတော့ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲ၊ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း (Hypothalamus) ကို တိုက်ရိုက် သွားရောက်သက်ရောက်စေတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့က မြွေတွေမှ မဟုတ်တာ" လို့ တွေးစရာရှိပေမယ့်၊ ဒီမော်လီကျူးက လူတွေရဲ့ ဆီးထဲမှာလည်း နည်းနည်းပါးပါး ပါဝင်နေတတ်တဲ့ သဘာဝဓာတ်တစ်ခု ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း သဘာဝအတိုင်း ရှိနေပြီးသားဖြစ်တဲ့အတွက် အနာဂတ်မှာ ဆေးအဖြစ်ထုတ်လုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုမိုဘေးကင်းလုံခြုံမှု ရှိနိုင်တယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

ဒီရှာဖွေတွေ့ရှိမှုကို လူတွေမှာ လက်တွေ့ဆေးအဖြစ် အသုံးပြုနိုင်ဖို့အတွက်တော့ ထပ်ပြီး သုတေသနတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ သဘာဝတရားကြီးထဲမှာ ဒီလို အလွန်အမင်း ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိတဲ့ တိရစ္ဆာန်တွေဆီကနေ လူသားတွေ ကျန်းမာရေးအတွက် အကျိုးရှိမယ့်အရာတွေ အများကြီး သင်ယူနိုင်တယ်ဆိုတာကို ဒီလေ့လာမှုက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။  Source: The Guardian

ဗိုက်တာမင်အားဆေးတွေနှင့်တွဲမသုံးသင့်သည့်ဆေးမျာ

၁၄ ဧပြီ၊၂၀၂၆

လူအတော်များများက ကျန်းမာရေးအတွက် နေ့စဉ် အားဆေး (Multivitamins) တွေ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့သော ရောဂါကုသတဲ့ ဆေးဝါးတွေနဲ့ အားဆေးတွေကို တွဲသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆေးဝါးတွေနဲ့ လမ်းကြောင်းတူတူ ဖြတ်သန်းရတာမို့ ဆေးအာနိသင်ကို ပြောင်းလဲသွားစေနိုင်လို့ သတိထားဖို့ လိုပါတယ်။

လည်ပင်းကျိတ် (သိုင်းရွိုက်) ဆေးတွေနဲ့ အရိုးပွရောဂါဆေးတွေဟာ အားဆေးတွေနဲ့ သိပ်မတည့်ပါဘူး။ အားဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေက အဲဒီဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို မနက် အစာမစားခင် ဗိုက်ဟာနေချိန်မှာ အရင်သောက်တာ အကောင်းဆုံးဖြစ်ပြီး၊ အားဆေးသောက်မယ်ဆိုရင် ဆေးသောက်ပြီး အနည်းဆုံး ၂ နာရီကနေ ၄ နာရီလောက် ခြားပြီးမှ သောက်သင့်ပါတယ်။

ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေ သောက်တဲ့အခါမှာလည်း အားဆေးနဲ့ အနည်းဆုံး ၂ နာရီလောက် ခြားသောက်ရပါမယ်။ မဟုတ်ရင် အားဆေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းသွားပြီး ပိုးသတ်ဆေးက အပြည့်အဝ အာနိသင် မပြနိုင်တော့ပါဘူး။ သွေးကျဲဆေး (Warfarin) သောက်နေတဲ့သူတွေဆိုရင်လည်း အားဆေးထဲမှာပါတတ်တဲ့ ဗီတာမင် ကေ (Vitamin K) ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် ကေ ပါတဲ့ အားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်၊ သောက်လိုက် မလုပ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

ဆီးသွားစေတဲ့ဆေး (Diuretics) နဲ့ အစာအိမ်ဆေးတွေ သောက်နေရင်လည်း သတိထားရပါမယ်။ သွေးတိုးကျဖို့ပေးတဲ့ ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကို အပြောင်းအလဲဖြစ်စေလို့ အားဆေးတွေနဲ့ တွဲသောက်ရင် ကယ်လ်ဆီယမ်ဓာတ်တွေ အရမ်းများသွားတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အစာအိမ်လေနာဆေး (PPIs) တွေက အစာအိမ်အက်ဆစ်ကို လျှော့ချပေးတာမို့ အားဆေးထဲက ဗီတာမင် B12 နဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူဖို့ ခက်ခဲသွားစေပါတယ်။

အချုပ်ပြောရရင်တော့ ပညာရှင်တွေက အားဆေးဆိုတာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးဖို့ပဲဖြစ်ပြီး အစားအစာအစစ်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သဘာဝအစားအစာတွေကိုပဲ မျှတအောင် စားသုံးပေးဖို့ပါ။ တကယ်လို့ သင်က ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိတယ်ဆိုရင်တော့ အားဆေးတွေ မသောက်ခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးတာ အလုံခြုံဆုံးပါပဲ။

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.