၁၄ ဧပြီ၊၂၀၂၆

လူအတော်များများက ကျန်းမာရေးအတွက် နေ့စဉ် အားဆေး (Multivitamins) တွေ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့သော ရောဂါကုသတဲ့ ဆေးဝါးတွေနဲ့ အားဆေးတွေကို တွဲသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆေးဝါးတွေနဲ့ လမ်းကြောင်းတူတူ ဖြတ်သန်းရတာမို့ ဆေးအာနိသင်ကို ပြောင်းလဲသွားစေနိုင်လို့ သတိထားဖို့ လိုပါတယ်။

လည်ပင်းကျိတ် (သိုင်းရွိုက်) ဆေးတွေနဲ့ အရိုးပွရောဂါဆေးတွေဟာ အားဆေးတွေနဲ့ သိပ်မတည့်ပါဘူး။ အားဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေက အဲဒီဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို မနက် အစာမစားခင် ဗိုက်ဟာနေချိန်မှာ အရင်သောက်တာ အကောင်းဆုံးဖြစ်ပြီး၊ အားဆေးသောက်မယ်ဆိုရင် ဆေးသောက်ပြီး အနည်းဆုံး ၂ နာရီကနေ ၄ နာရီလောက် ခြားပြီးမှ သောက်သင့်ပါတယ်။

ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေ သောက်တဲ့အခါမှာလည်း အားဆေးနဲ့ အနည်းဆုံး ၂ နာရီလောက် ခြားသောက်ရပါမယ်။ မဟုတ်ရင် အားဆေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းသွားပြီး ပိုးသတ်ဆေးက အပြည့်အဝ အာနိသင် မပြနိုင်တော့ပါဘူး။ သွေးကျဲဆေး (Warfarin) သောက်နေတဲ့သူတွေဆိုရင်လည်း အားဆေးထဲမှာပါတတ်တဲ့ ဗီတာမင် ကေ (Vitamin K) ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် ကေ ပါတဲ့ အားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်၊ သောက်လိုက် မလုပ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

ဆီးသွားစေတဲ့ဆေး (Diuretics) နဲ့ အစာအိမ်ဆေးတွေ သောက်နေရင်လည်း သတိထားရပါမယ်။ သွေးတိုးကျဖို့ပေးတဲ့ ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကို အပြောင်းအလဲဖြစ်စေလို့ အားဆေးတွေနဲ့ တွဲသောက်ရင် ကယ်လ်ဆီယမ်ဓာတ်တွေ အရမ်းများသွားတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အစာအိမ်လေနာဆေး (PPIs) တွေက အစာအိမ်အက်ဆစ်ကို လျှော့ချပေးတာမို့ အားဆေးထဲက ဗီတာမင် B12 နဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူဖို့ ခက်ခဲသွားစေပါတယ်။

အချုပ်ပြောရရင်တော့ ပညာရှင်တွေက အားဆေးဆိုတာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးဖို့ပဲဖြစ်ပြီး အစားအစာအစစ်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သဘာဝအစားအစာတွေကိုပဲ မျှတအောင် စားသုံးပေးဖို့ပါ။ တကယ်လို့ သင်က ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိတယ်ဆိုရင်တော့ အားဆေးတွေ မသောက်ခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးတာ အလုံခြုံဆုံးပါပဲ။