ရန်ကုန်၊ စက်တင်ဘာ ၂၈။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် မုန်တိုင်းငယ်အဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဖြတ်ကျော်နိုင်သဖြင့် အနီရောင်အဆင့် သတ်မှတ်ထားကြောင်း မြန်မာစံတော်ချိန် ၁ နာရီတွင် ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၁/၂၀၂၆) တွင် ဖော်ပြထားသည်။
မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ မုန်တိုင်းငယ်၏ ဗဟိုချက်သည် မော်လမြိုင်မြို့၏ တောင်ဘက် ရေမိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်တွင် ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်ခန့် ဖြစ်သည်။ မုန်တိုင်းငယ်သည် မြောက်–အနောက်မြောက်ဘက်သို့ ရွေ့လျားကာ နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ကြားမှ ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့နောက် ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်။
မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် သို့မဟုတ် နေရာကွက်၍ မိုးကြီးနိုင်သည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် မွန်–တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်မှ ၄၀ မိုင်အထိ၊ လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေအထိ ရှိနိုင်သည်။ ရခိုင်ကမ်းရိုးတန်းတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင်အထိနှင့် လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိ ရှိနိုင်ကြောင်း သတိပေးထားသည်။
မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ရုတ်တရက်ရေကြီးခြင်း၊ ရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသနေပြည်သူများ၊ ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများ ကြိုတင်သတိပြုကြရန် ထုတ်ပြန်ချက်တွင် နှိုးဆော်ထားသည်။
ရင်းမြစ် — ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်၊ မြန်မာစံတော်ချိန် ၁၃:၀၀ နာရီ ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၁/၂၀၂၆)။

နေပြည်တော်၊ စက်တင်ဘာ ၂၃
ဒေသအလိုက် လုံခြုံရေးနှင့် တရားမဝင်ကုန်စည်စီးဆင်းမှု တိုက်ဖျက်ရေးအတွက် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်းပြ၍ ပေးအပ်ထားသော အခွင့်အာဏာကို မလျော်ကန် စွာအသုံးချမှုများရှိနေပြီး ယင်းကြောင့် တရားမဝင်ကုန်စည်စီးဆင်းမှုများ ဖြစ်ပေါ်ကာ ပြည်သူ များ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ခံစားနေရသဖြင့် အဆိုပါကိစ္စများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး ဥပဒေချိုးဖောက်မှုများအား ဥပဒေနှင့်အညီ အရေးယူရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်တင်ဘာ ၂၃ ရက်တွင် မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လတ်တလော ပြည်သူများ ရင်ဆိုင်နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဒေသအလိုက် တာဝန်ရှိသူများက လက်တွေ့ကျကျ ဖြေရှင်းရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လိုအပ်ချက်အပေါ်မူတည်၍ စနစ်တကျ တိုးချဲ့ဆောင်ရွက်ရန်လည်း ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ စိုက်ပျိုးမွေးမြူရေးအတွက် ခွင့်ပြုထားသည့် မြေများကို ရည်ရွယ်ချက်နှင့်မညီဘဲ အခြားနည်းလမ်းဖြင့် အသုံးပြုနေမှုများကိုလည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ရန် မှာကြားခဲ့သည်။
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နှမ်း၊ နေကြာ၊ မြေပဲ၊ ပဲပုတ်နှင့် ဆီအုန်းအပါအဝင် ဆီထွက် သီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်ရန်နှင့် ယင်းသို့ ဆောင်ရွက်နိုင်ပါက ပြည်ပမှ စားသုံးဆီနှစ်စဉ်တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ တနင်္သာရီ တိုင်းဒေသကြီး၌ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်ပါက တနင်္သာရီ၊ မွန်နှင့် ကရင်ဒေသတို့၏ စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် အထောက်အကူဖြစ်စေနိုင်ကြောင်းလည်း ဆိုသည်။
စိုက်ပျိုးရေးကဏ္ဍတွင် တစ်ဧကအထွက်နှုန်း မြင့်မားရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” အချက်လေးရပ်ကို စနစ်တကျ ဆောင်ရွက်ရန်၊ တောင်သူတစ်ဦးချင်း၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေး စုပေါင်းသမဝါယမစနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန်နှင့် လိုအပ်သည့် စိုက်ပျိုးရေးချေးငွေများ ဖြည့်ဆည်းပေးရန် ပြောကြားခဲ့သည်။ သီးထပ်စွမ်းအား တိုးမြှင့်ရာတွင်လည်း အခြေခံကိန်းဂဏန်းများ မှန်ကန်ရန်နှင့် ရာသီဥတု၊ မြေအနေအထားနှင့် ကိုက်ညီ သည့်သီးနှံများကို အချိန်မီစိုက်ပျိုးရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။
ပညာရေးကဏ္ဍနှင့်ပတ်သက်၍ တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးကို ဦးစားပေးပြီး KG+9 အထိ မသင်မနေရပညာရေးစနစ်ကို ဆက်လက်အကောင်အထည်ဖော်ရန်၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ရေးနှင့် တန်းစဉ်ကူးပြောင်းမှု မြင့်မားလာရေး ဆောင်ရွက်ရန် ဦးမင်းအောင်လှိုင်က မှာကြားခဲ့သည်။ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမလိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ ပညာရေးဒီဂရီကောလိပ်များမှ သင်တန်းဆင်းများကို စနစ်တကျ နေရာချထားရန်နှင့် စာကြည့်တိုက်များအတွက် သုတ၊ ရသ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးရန်လည်း ပြောကြားခဲ့သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုဒေသ၌ ဒေသနှင့် ကိုက်ညီသည့် ဒီဂရီကောလိပ်တစ်ခု ဖွင့်လှစ်ရန်နှင့် ဥပဒေ၊ စီးပွားရေးဘာသာရပ်များအပါအဝင် သင့်လျော်သည့် ဘာသာရပ်များဖြင့် သင်ကြားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနက ဆက်လက် ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်လွန်ကဲမှု၊ မြေအောက်ရေလျော့နည်းမှုနှင့် ရေအရင်းအမြစ်ရှားပါးမှုများ ဖြစ်ပေါ်နိုင်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေများ ကြိုတင် စုဆောင်းထားရန်၊ ရေကို အကျိုးရှိစွာအသုံးပြုရေး အသိပညာပေးရန်နှင့် လိုအပ်ပါက မြစ်ချောင်းများ၌ မြေအောက်တမံများပြုလုပ်ကာ မြေအောက်ရေထိန်းသိမ်းရေး ဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။ မလိုအပ်ဘဲ သစ်ခုတ်ခြင်းများ တားမြစ်ရန်နှင့် သစ်ပင်စိုက်ပျိုးမှု တိုးမြှင့်ရန်လည်း တိုက်တွန်းခဲ့သည်။
ထို့ပြင် ဒေသအလိုက် ခေတ်စနစ်နှင့် လျော်ညီသည့် ဥပဒေများ ပြင်ဆင်ရေးဆွဲရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ အခွန်ရသင့်ရထိုက်မှု မှန်ကန်စွာရရှိရေးနှင့် အခွန်ရှောင်မှု တားဆီးရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရာတွင်လည်း မသမာသည့်နည်းလမ်းဖြင့် နိုင်ငံသားဖြစ်ခွင့်ရယူမှုနှင့် နိုင်ငံသားအယောင်ဆောင် မှုများကို စိစစ်ဖော်ထုတ်၍ သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူရန် ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက ဒေသအလိုက် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံစိုက်ပျိုးရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ရေရှားပါးမှုအတွက် ကြိုတင်ပြင်ဆင်ရေး၊ ယာယီနေရပ်စွန့်ခွာသူများ ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၁
လယ်ယာနှင့် မွေးမြူရေးကဏ္ဍကို ရိုးရာထုတ်လုပ်မှုစနစ်မှ ခေတ်မီ၊ ထိရောက်ပြီး ရေရှည်တည်တံ့သည့် ထုတ်လုပ်မှုစနစ်သို့ ပြောင်းလဲကာ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်းနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်၍ နိုင်ငံ့ထုတ်ကုန်နှင့် ပြည်သူ့ဝင်ငွေ တိုးတက်စေရန် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပသည့် “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန် တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အလုပ်လုပ်ကိုင်သူများအနက် ၅၀ ရာခိုင်နှုန်းကျော်သည် လယ်ယာ၊ သားငါးနှင့် သစ်တောကဏ္ဍတို့တွင် လုပ်ကိုင်နေကြသဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်ရေးသည် အရေးကြီးကြောင်း ပြောသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးထုတ်လုပ်မှုပမာဏ တိုးမြှင့်ရေးအဖြစ်သာ မမြင်သင့်ဘဲ ထုတ်လုပ်မှု၊ ကုန်ကြမ်း၊ ပြုပြင်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်ခုလုံးကို ချိတ်ဆက်စဉ်းစားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
ယင်းသို့ ဆောင်ရွက်နိုင်ပါက တောင်သူများ၏ ဝင်ငွေတိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးတက်လာခြင်းတို့မှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်နှင့် စီးပွားရေးတိုးတက်လာနိုင်မည်ဟု ပြောကြားသည်။
လက်ရှိကာလတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ပြည်သူများ၏ နေ့စဉ်ဘဝအတွက် စိန်ခေါ်မှုဖြစ်နေပြီး ယင်းမှာ ထုတ်လုပ်မှုနှင့် စားသုံးမှု မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားခြင်းတို့နှင့် သက်ဆိုင်နေကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် စားနပ်ရိက္ခာထုတ်လုပ်မှု ပမာဏတိုးမြှင့်ကာ ပြည်တွင်းလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းနိုင်ရေး လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်သမ္မတက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက စုစုပေါင်း ၁၇ ဒသမ ၄ သန်းခန့်ရှိပြီး ပျမ်းမျှအထွက်နှုန်း ၈၅ တင်းခန့်သာရှိကြောင်း၊ ပန်းတိုင်အထွက်နှုန်းအတိုင်း ထုတ်လုပ်နိုင်ပါက လက်ရှိထက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် နိုင်ငံတော်က အားပေးစိုက်ပျိုးနေသည့် သီးနှံကိုးမျိုးကို ဒေသအလိုက် ရာသီဥတုနှင့် မြေအမျိုးအစားအရ သင့်လျော်သည့်နေရာများတွင် တိုးချဲ့စိုက်ပျိုးကာ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ပါက ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံခန့် ပိုမိုရရှိနိုင်မည်ဟု ဆိုသည်။
စားသုံးဆီကဏ္ဍတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီအုန်းကဲ့သို့ ဆီထွက်သီးနှံများကို ဒေသအလိုက် တိုးချဲ့စိုက်ပျိုးရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရန်နှင့် စားအုန်းဆီတင်သွင်းမှုကို အဆင့်လိုက်လျှော့ချနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
ထို့အပြင် ဆန်စပါးမှ ထွက်ရှိသည့် ဖွဲနု၊ ဖွဲကြမ်း၊ ဆန်ကွဲနှင့် စပါးခွံကဲ့သို့ ဘေးထွက်ပစ္စည်းများကို စားသုံးဆီ၊ တိရစ္ဆာန်အစာနှင့် လောင်စာအဖြစ် ပြန်လည်အသုံးချနိုင်ပြီး ထုတ်ကုန်တစ်မျိုးတည်းအပေါ် မူတည်ခြင်းမဟုတ်ဘဲ ဘေးထွက်ပစ္စည်းများကိုပါ တန်ဖိုးဖန်တီးအသုံးချရန် လိုအပ်ကြောင်း ဆိုသည်။
မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍လည်း ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးမွေးမြူရေးတို့တွင် မျိုးကောင်းမျိုးသန့်၊ အစာစရိတ်၊ နည်းပညာနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို မြှင့်တင်ကာ ပြည်တွင်းစားသုံးမှုလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးနှင့် ပိုလျှံထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။
လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် Agro-based Industries များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုပြီး ဆန်၊ ပဲ၊ ဆီထွက်သီးနှံ၊ ဝါ၊ ဝါး၊ ကော်ဖီနှင့် သစ်သီးဝလံများကို ပြုပြင်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ အရည်အသွေးမြှင့်တင်ခြင်းနှင့် အမှတ်တံဆိပ် ဖော်ဆောင်ခြင်းတို့မှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။
ဒေသတစ်ခုချင်းစီ၏ သဘာဝအရင်းအမြစ်၊ ရာသီဥတုနှင့် မြေဆီလွှာဆိုင်ရာ အားသာချက်များကို အခြေခံ၍ One Region One Product (OROP) ပုံစံဖြင့် ဒေသထွက်ကုန်များကို ရွေးချယ်ကာ အရည်အသွေးမြှင့်တင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း၊ အမှတ်တံဆိပ်ဖော်ဆောင်ခြင်းနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်ချိတ်ဆက်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ကြောင်းလည်း ဆိုသည်။

နိုင်ငံတော်သမ္မတက အလုပ်ရုံဆွေးနွေးပွဲမှ အခြေအနေသုံးသပ်ချက်များသာမက ဦးစားပေး ဆောင်ရွက်ရမည့် ကဏ္ဍများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များ၊ နှစ်တိုနှင့် နှစ်လတ်လုပ်ငန်းစီမံချက်များ၊ တာဝန်ယူမည့်အဖွဲ့အစည်းများ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များ၊ ဈေးကွက်နှင့် ပို့ကုန်ချိတ်ဆက်ရေး နည်းလမ်းများ ပါဝင်သည့် လက်တွေ့အကောင်အထည်ဖော်နိုင်သော Action Plan များ ထွက်ပေါ်လာရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အစိုးရ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကကဏ္ဍ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် နည်းပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
အခမ်းအနားသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် အလုပ်ရုံဆွေးနွေးပွဲအထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီးရှိ ညောင်တုန်းကျွန်းတာတွင် တိုးမြစ်ရေတိုက်စားမှုကြောင့် အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့်ရှိ တာကိုယ်ထည် ဩဂုတ် ၂၅ ရက်မှစ၍ ရေတိုက်စားခံခဲ့ရသဖြင့် အရေးပေါ်ကာကွယ်ပြုပြင်မှုများ အမြန်ဆုံးပြီးစီးရေးနှင့် အနာဂတ်ရေမြင့်တက်မှုကို ခံနိုင်ရည်ရှိစေရန် စနစ်တကျ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဩဂုတ် ၂၉ ရက်တွင် သွားရောက်စစ်ဆေး၍ တာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။
ရေတိုက်စားမှုသည် ဧရာဝတီမြစ်မှ ခွဲထွက်သည့် တိုးမြစ်၏ ရေစီးကြောင်းပြောင်းလဲမှုနှင့် မြစ်ကမ်းတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တာခြေ၌ တုတ်တန်းရိုက်၍ သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း၊ မူလတာ၏ ဒုတိယဆင်ခြေလျှောအခြေကို သဲအိတ်ထောက်ခြင်း၊ ယာယီပန်းတာနှင့် ကမ်းရင်းတာဆင်ခြေလျှော တည်ဆောက်ခြင်းအပြင် တိုက်စားမှုကာကွယ်ရန် Geo Textile ခင်းခြင်းတို့ ဆောင်ရွက်နေသည်။
တာဝန်ရှိသူများ၏ တင်ပြချက်အရ တိုးမြစ်၏ ရေနက်စီးကြောင်းသည် မာယူ/ချောင်းဖျား၊ ချောင်းကြီး၊ ဂန်ချောင်းနှင့် ထုံးဝကျေးရွာဘက်သို့ ရွေ့လျားလာသဖြင့် နှစ်စဉ် မြစ်ကမ်းပြိုကျမှုများ ဖြစ်ပေါ်နေသည်။ ဂန်ချောင်းကျေးရွာအနီးတွင် နှစ်စဉ် ကမ်းပါးပေ ၁၅၀ မှ ၂၆၅ ပေခန့်အထိ ပြိုကျခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှစ၍ နှစ်ပေါင်း ၄၀ ကျော်အတွင်း စိုက်ပျိုးမြေများအပါအဝင် မြေဧရိယာ ၁,၀၀၀ ဧကကျော်ခန့် ဆုံးရှုံးခဲ့ကာ မြစ်တစ်ဖက်ကမ်း၌ မြေနုကျွန်း ၈၅၀ ဧကခန့် ပေါ်ထွန်းလာကြောင်း သိရသည်။ ဒေသရေဘေးကာကွယ်ရေးအတွက် ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှ ယခုဘဏ္ဍာနှစ်အထိ ပန်းတာနှင့် ဖြတ်တာ စုစုပေါင်း ၁၂ ခုခန့် တည်ဆောက်ထားသည်။
နိုင်ငံတော်သမ္မတက အလားတူ တာဘောင်ရေတိုက်စားမှုနှင့် ရေကြီးရေလျှံမှုများ လျှော့ချနိုင်ရေးအတွက် မြစ်၊ မြစ်လက်တက်နှင့် ချောင်းများ၏ ရေစီးရေလာ၊ ရေဝင်ရေထွက်နှင့် မြစ်ကြမ်းပြင်အမြင့်အနိမ့်တို့ကို စဉ်ဆက်မပြတ် သုတေသနပြုမှတ်တမ်းတင်၍ လိုအပ်သည့် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းမှုနှင့် နုန်းဆယ်မှုများကို နှစ်စဉ်စီမံချက်ဖြင့် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ ရေလမ်းကြောင်းပိတ်ဆို့သည့် မြေနုကျွန်းများကို စနစ်တကျတူးဖော်ရှင်းလင်းရန်နှင့် ဧရာဝတီမြစ်အပါအဝင် နိုင်ငံတစ်ဝန်း မြစ်ချောင်းများ၌ သောင်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။

ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ထည့်သွင်းတွက်ချက်၍ ရေတိုအရေးပေါ်လုပ်ငန်းများနှင့် ရေရှည်ကာကွယ်ရေးအစီအမံများကို တွဲဖက်ဆောင်ရွက်ရန်၊ အခြားတာရိုးများရှိ ရေတိုက်စားနိုင်သည့် နေရာများကို ကြိုတင်စစ်ဆေးကာကွယ်ရန်နှင့် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းအပါအဝင် လက်ရှိလုပ်ငန်းများကို ရရှိနိုင်သည့် အင်အားစုများဖြင့် အရှိန်မြှင့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် ဒေသခံများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများကို စနစ်တကျ စာရင်းကောက်ယူ၍ လိုအပ်သည့် ကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးနိုင်ရေး ဆောင်ရွက်ရန်လည်း တာဝန်ရှိဌာနများကို မှာကြားခဲ့သည်။ ရန်ကုန်-မအူပင်လမ်းတစ်လျှောက် ရေဆင်းမြောင်းများ ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းရန်နှင့် ရေကျော်သည့် လမ်းပိုင်းများကို မြှင့်တင်ရန်လည်း ညွှန်ကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် တာဘောင်ပြုပြင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လက်ရှိရေတိုက်စားမှုကိုသာ ဖြေရှင်းခြင်းမပြုဘဲ နောင်ရေမြင့်တက်လာပါက ခံနိုင်ရည်ရှိစေရန် ထည့်သွင်းတွက်ချက်၍ ပြန်လည်တည်ဆောက်ရန်၊ လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများ စုစည်းအသုံးပြုကာ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် ပြုပြင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်

နေပြည်တော်၊ ဩဂုတ် ၂၅။ နိုင်ငံ့စီးပွားနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဒေသတွင်းမိတ်ဖက်၊ အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များကို မြန်မာနိုင်ငံ၏ အားသာချက်များနှင့် ပေါင်းစပ်အသုံးချရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဩဂုတ် ၂၅ ရက် နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးတွင် ပြောကြားခဲ့သည်။
ဩဂုတ်လအတွင်း ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များမှတစ်ဆင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကာကွယ်ရေးနှင့် စက်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုင်းခရီးစဉ်အတွင်း နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ဘေးကင်းလုံခြုံရေး၊ အလုပ်သမားအခွင့်အရေးနှင့် ဥပဒေအရ အကာအကွယ်ရရှိရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း လည်းနိုင်ငံတော်သမ္မတက ပြောသည်။
နိုင်ငံ့စီးပွားရေးဆိုင်ရာ စီမံကိန်းများရေးဆွဲရာတွင် မြေပြင်အခြေအနေနှင့် ကိန်းဂဏန်းအချက်အလက် များ မှန်ကန်မှုရှိရန် အရေးကြီးကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပိတ်ဆို့မှုများကြောင့် တိုးတက်မှု နှောင့်နှေးနေသဖြင့် ပြည်ပအကူအညီနှင့် ချေးငွေများကို အဓိကအားမကိုးဘဲ ပြည်တွင်းအရင်း အမြစ်များ ဖြင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။ ပြည်တွင်းကုန်ကြမ်း အခြေခံ ထုတ်လုပ်မှု၊ သွင်းကုန်အစားထိုးထုတ်ကုန်နှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးကို ဦးစားပေးရန်လည်း တိုက်တွန်းခဲ့သည်။
အထူးသဖြင့် ပြန်လည်ဖြည့်တင်းနိုင်သည့် စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ပြီး မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ပြည်ပဈေးကွက် ပြန်လည်တိုးချဲ့ရေး၊ ဝါနှင့် ဝါအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးရေး၊ အရည်အသွေးမြင့် ပဲနှင့် ရာဘာထုတ်လုပ်မှု တိုးမြှင့်ရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကိုလည်း စီးပွားရေးဖွံ့ဖြိုးမှု၏ အခြေခံလိုအပ်ချက်အဖြစ် ထည့်သွင်း ပြောကြားခဲ့ပြီး အတန်းပညာမရှိသူအချိုးသည် ၁၉၇၃ ခုနှစ်တွင် ၅၈ ဒသမ ၁၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းသို့ လျော့ကျလာကြောင်း အစိုးရ၏ သန်းခေါင်စာရင်းကိန်းဂဏန်းများကို သမ္မတက ကိုးကားပြောကြားသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုဆိုင်ရာ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာ အခြေခံအထက်တန်းကျောင်းများ၊ သိပ္ပံများနှင့် တက္ကသိုလ်များ မှတစ်ဆင့် ပညာရှင်များ တိုးမြှင့်မွေးထုတ်ရန်လည်း အလေးထားခဲ့သည်။
ကုန်သွယ်ရေးကဏ္ဍတွင် သွင်းကုန်၊ ပို့ကုန်များ၏ အရည်အသွေးကို စနစ်တကျကြပ်မတ်ရန်၊ ကုန်စည် စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေး မလိုအပ်သည့် စစ်ဆေးရေးဂိတ်များ လျှော့ချရန်နှင့် နိုင်ငံတော် အခွန်ဝင်ငွေ ဆုံးရှုံးစေသည့် တရားမဝင်ကုန်သွယ်မှုများကို တားဆီးရန် တာဝန်ရှိသူများအား ညွှန်ကြားခဲ့ သည်။ အခွန်ထမ်းပြည်သူများထံမှ ရရှိသည့် ဘဏ္ဍာငွေများကိုလည်း နိုင်ငံအတွက် အမှန်တကယ် လိုအပ်သည့် ကဏ္ဍများ၌ ထိရောက်အကျိုးရှိစွာ အသုံးပြုရန် ပြောကြားခဲ့သည်။
မိုးရာသီရေကြီးရေလျှံမှုနှင့်ပတ်သက်၍ မြစ်ချောင်းများတိမ်ကောမှုနှင့် ရေနုတ်မြောင်းပိတ်ဆို့မှုများကို ဖြေရှင်းရန် မြစ်ချောင်းပြုပြင်ထိန်းသိမ်းခြင်း၊ သဲနုန်းဆယ်ယူခြင်းနှင့် ရေနုတ်မြောင်းများ သန့်ရှင်းရေး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး အုပ်ချုပ်ရေး၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ပညာရေးကဏ္ဍတွင် နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်း ၅ သောင်းခန့်အနက် စံကိုက်ကျောင်း ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ပြောကြားကာ မြေဧရိယာနှင့် အခြေခံအဆောက်အအုံ သတ်မှတ်ချက် ပြည့်မီနိုင်သည့် ကျောင်းများကို ဦးစားပေးအဆင့်အလိုက် စံကိုက်ကျောင်းများအဖြစ် အဆင့်မြှင့်တင်ရန် နှင့် ကျောင်းလုံခြုံရေး၊ သန့်ရှင်းသာယာရေး၊ အားကစားနှင့် သင်ကြားရေးပတ်ဝန်းကျင် တိုးတက်ကောင်း မွန်ရေးကို ဆောင်ရွက်ရန် မှာကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ပူးပေါင်းအကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတက တိုက် တွန်းခဲ့ပြီး နိုင်ငံ့စီးပွားတိုးတက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အဓိက လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

မင့်စ်၊ ဩဂုတ် ၂၁။ မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှအာရုံခံစောင့်ကြည့်နိုင်သည့် အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေး၊ ဘယ်လာရုစ် Development Bank နှင့် ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်တို့အပါအဝင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ကိုးခုကို ဩဂုတ် ၂၁ ရက်က မင့်စ်မြို့၌ နှစ်နိုင်ငံသမ္မတများရှေ့မှောက်တွင် လဲလှယ်ခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်များ လဲလှယ်မှုကို မင့်စ်မြို့ သမ္မတနန်းတော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဦးဆောင်သည့် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံသည် မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှအာရုံခံစောင့်ကြည့်နိုင်သည့် အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေးဆိုင်ရာ ရည်ရွယ်သည့်မှတ်တမ်းလွှာအပြင် မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာကိုလည်း လဲလှယ်ခဲ့ကြသည်။
စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍတွင် မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် JSC “Development Bank of the Republic of Belarus” တို့အကြား ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို လဲလှယ်ခဲ့သည်။
ထို့ပြင် တရားမနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးရေး သဘောတူစာချုပ်၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန်အကူအညီပေးရေး သဘောတူညီချက်တို့လည်း ပါဝင်သည်။
နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် The Belarusian Institute of Strategic Research (BISR) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် ဘယ်လာရုစ်နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် အသံလွှင့်ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များလည်း လဲလှယ်ခဲ့ကြသည်။
ယင်းမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဦးဆောင်သည့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို ဆက်လက်အကောင်အထည်ဖော်ရေးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ မွေးမြူရေး၊ စက်မှုနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အာကာသနည်းပညာ၊ ပညာရေးနှင့် လူငယ်၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိုလည်း နှစ်ဖက်အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
သဘောတူညီချက်များ လဲလှယ်ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့က နှစ်နိုင်ငံ ပူးတွဲကြေညာချက်များကို မီဒီယာများသို့ ပြောကြားခဲ့ကြသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
မင်စ်ခ်၊ ဩဂုတ် ၂၁။ ဘယ်လာရုစ်၏ စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် အတွေ့အကြုံများကို မြန်မာနိုင်ငံသို့ မျှဝေပေးသွားမည်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အာကာသနည်းပညာအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဩဂုတ် ၂၁ ရက်က မင်စ်ခ်မြို့ သမ္မတနန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတ၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီးနောက် သမ္မတနှစ်ဦး သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော်နေသည့် လုပ်ငန်းများကို ပိုမိုကူညီပေးသွားမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝအတွက် လိုအပ်ချက်များရှိပါက တတ်နိုင်သမျှ ကူညီဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် ဘယ်လာရုစ်၏ စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် အတွေ့အကြုံများကို မြန်မာနိုင်ငံအတွက် မျှဝေပေးသွားမည်ဟု ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယခုခရီးစဉ်သည် ဘယ်လာရုစ်နိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး အစိုးရတာဝန်ရှိသူများနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်ဖြစ်ကြောင်း ဆိုသည်။
ဘယ်လာရုစ်ဘက်က မြန်မာနိုင်ငံနှင့် စီးပွားရေး၊ နည်းပညာနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကန့်သတ်ချက်မထားရှိကြောင်း ယခင်က ပြောကြားထားသဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လာရုစ်နှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရရှိမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးနှင့် နည်းပညာကဏ္ဍများအပြင် ကာကွယ်ရေးနှင့် လုံခြုံရေး၊ အာကာသနည်းပညာတို့တွင် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်တိုးမြှင့်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို သံရုံးအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့မှုအပါအဝင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု၊ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ခေါင်းဆောင်နှစ်ဦး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတက ယခင်ဆွေးနွေးထားသည့် ကိစ္စရပ်များကို ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့သည် ဩဂုတ် ၂၀ ရက် ညနေပိုင်းကလည်း ဘယ်လာရုစ်သမ္မတအိမ်တော်၌ အလွတ်သဘောတွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


Page 1 of 82