#Local_News
Published 30 September 2026
■ မော်လမြိုင်မြို့တွင် အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် ထိခိုက်မှုရှိခဲ့သည့် ထားဝယ်ဆိပ်ခံဘောတံတားနှင့် ရွှေမြိုင်ဆိပ်ခံဘောတံတားတို့ကို လက်ရှိအခြေအနေထက် ထပ်မံထိခိုက်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အမြန်ဆုံး ပြန်လည်ပြုပြင်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ညွှန်ကြားထားကြောင်း သိရသည်။
■ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ အဆိုပါဆိပ်ခံဘောတံတားများသို့ သွားရောက်၍ မုန်တိုင်းငယ်အရှိန်ကြောင့် ထိခိုက်ပျက်စီးမှုနှင့်လက်ရှိကြံ့ခိုင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
■ ထို့ပြင် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ နတ်ကျွန်းချောင်းအတွင်း ချောင်းများနှင့် ရေနုတ်မြောင်းများတွင် ပိတ်ဆို့နေသည့် ချုံနွယ်များ၊ အမှိုက်သရိုက်များနှင့် နှုန်းမြေများကို စက်ယန္တရားနှင့် လူအင်အားအသုံးပြု၍ ဖယ်ရှားရှင်းလင်းကာ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
■ ပြည်နယ်ဝန်ကြီးချုပ်က ရေစီးရေလာကောင်းမွန်စေရေးအတွက် အတားအဆီးများကို အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရန်၊ ရေကြီးရေလျှံနိုင်သည့် အနိမ့်ပိုင်းရပ်ကွက်များတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျပြင်ဆင်ထားရန်နှင့် ရေဆိုးထုတ်ပြွန်များ ပိတ်ဆို့မှုမရှိစေရေး အမြဲမပြတ်စစ်ဆေးရန် မှာကြားခဲ့သည်။
■ ဆိပ်ခံဘောတံတားများ ပြန်လည်ပြုပြင်ရေးနှင့် လိုအပ်သည့်လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times