#Local_News
Published 01 October 2026

■ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ ယူရီးယားမြေဩဇာ တန်ချိန် ၁၄၂,၀၀၀ နှင့် ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန်ချိန် ၅၇၀,၅၈၄ အတွက် ထောက်ခံချက်များပေးထားကြောင်း သိရသည်။

■ အဆိုပါအချက်ကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရခြင်းဖြစ်သည်။

■ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တောင်သူများအဆင်ပြေစေရန် ဓာတ်မြေဩဇာများ စုပေါင်းဝယ်ယူ၊ စုပေါင်းဖြန့်ဖြူးနိုင်ရေးအတွက် သမဝါယမစနစ် Consortium ပုံစံဖြင့် အမြတ်မယူဘဲ ဆောင်ရွက်နေကြောင်း ပြောကြားသည်။

■ ထို့ပြင် ဓာတ်မြေဩဇာများအတွက် ရည်ညွှန်းဈေးနှုန်းကို လစဉ်ပုံမှန်ထုတ်ပြန်ပေးနေပြီး အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးနှင့် ဓာတ်မြေဩဇာများကို သိုလှောင်ကာ ဈေးကစားမှုမရှိစေရေးအတွက် မြို့နယ်အလိုက် အရောင်းဆိုင်များကို စစ်ဆေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

■ ကော်မတီ၏ ရည်ရွယ်ချက်နှင့်အညီ ဓာတ်မြေဩဇာများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်ဝရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် တောင်သူများလက်ဝယ်အရောက် တိုက်ရိုက်ဝယ်ယူအသုံးပြုနိုင်ရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအပါအဝင် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားသည်။

■ အစည်းအဝေးတွင် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ထောက်ခံချက်ပေးထားသည့် တန်ချိန်များကို မှတ်တမ်းတင်နိုင်ရေးအတွက် ရှင်းလင်းတင်ပြသည်။

■ ထို့နောက် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဓာတ်မြေဩဇာများ ဝယ်ယူ၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

■ ဆက်လက်၍ ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times