#LocalNews
Published - 2 May 2022
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဘုန်းတော်ကြီးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လှူဒါန်းပေးအပ်မှုကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်သံရုံးက မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့မှတစ်ဆင့် ဘုန်းတော်ကြီးကျောင်း (၄၉)ကျောင်း၊ ဘိုးဘွားရိပ်သာ (၁၂)ခု ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ထံ နှာခေါင်းစည်း (၃၆၀,၀၀၀)ခုတို့ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ယခုလို လှူဒါန်းပေးအပ်ခဲ့တာဟာ မြန်မာပြည်သူများ ကပ်ရောဂါအတွက် ကိုယ်ခံအား အတားအဆီးကို မြှင့်တင်ပေးခြင်းဖြစ်ကာ ကပ်ရောဂါကာကွယ်ရေးရလဒ် ခိုင်မာစေရန်ဖြစ်တယ်လို့လည်း တရုတ်သံရုံး၏ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
ymg/kg
#Yangon_Media_Group
Published 2 May 2022
နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်(Samdech Akka Moha Sena Padei Techo HUN SEN ) နှင့် ယနေ့မေလ(၂)ရက် နံနက်ပိုင်းက အွန်လိုင်း Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
အဲသလိုတွေ့ဆုံရာမှာ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ထားမှုတွေကို နကစဥက္ကဋ္ဌက ပြောပြခဲ့ပြီး ဒေသအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုဖြစ်ရပ်တွေဟာ NCA ကိုချိုးဖောက်လျက်ရှိပြီး ကျင့်ဝတ်များကိုလိုက်နာမှုမရှိသည့် EAOတွေထံမှ အရင်းခံ၍ ဖြစ်ပေါ်လျက်ရှိနေတာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီအပြင် လက်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနှင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးဒဏ်ရာရရှိမှုတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေဆောင်ရွက်နေမှဒ၊အာဆီယံမှပေးအပ်မယ့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ဖြန့်ဝေဆောင်ရွက်ပေးသွားမယ့် အခြေအနေတွေ၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတွေ၊ အာဆီယံဘုံသဘော တူညီချက် ၅ ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
ယခုတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်လို့ ကမ္ဘောဒီးယားပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ ခမာတိုင်းမ်ကလည်း အတည်ပြုဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားဘက်က တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အသေးစိတ်သတင်း ယခုထက်ထိမထုတ်ပြန်သေး ကြောင်းနှင့် ယနေ့နှောင်းပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးနိုင်တယ်လို့ ခမာတိုင်းမ်က သတင်း ရေးသားထားပါတယ်။
အဲဒီတွေ့ဆုံပွဲကို နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစက နိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC’s Info/Khmer Time


#LocalNews
Published - 2 May 2022
ကျန်းမာရေးအတွက် အသုံးဝင်ပြီး ခက်ခက်ခဲခဲရှာဖွေရသည့် ရေခဲတောင်ထွက် ရှီးပတီးများကို စျေးနှိမ်ဝယ်ယူမှုများကြောင့် ပူတာအိုဒေသခံတောင်သူများအနေနဲ့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 2 May 2022
ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားခေါင်းခန်းအတွင်းညပ်မိနေသည့် ယာဥ်မောင်းဖြစ်သူကို မီးသတ်တပ်ဖွဲ့က ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည့်ဖြစ်စဥ်တစ်ခု မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဒီကနေ့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ယနေ့ မေ ၂ ရက်၊ မွန်းလွဲပိုင်းအချိန်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဝက်ကြီးအင်းရပ်၊ အနော်ရထာလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁/၀)နှင့် (၁/၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ယာဉ်မောင်းအမျိုးသား(၁)ဦး ညပ်မိနေသဖြင့် ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အသက်ရှင်လျှက် ကယ်ထုတ်ရရှိခဲ့တဲ့ အဆိုပါ အမျိုးသားလူနာကို ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ အမှတ်(၅)အရန်မီးသတ်မှ လူမှုကူညီရေးယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
Published 02 May 2022
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မေ(၂)ရက် တနင်္လာနေ့က
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကလေးငယ်(၆)ဦးအပါအဝင် လူ(၈)ဦးသေဆုံးခဲ့ရပါတယ်။
အဲဒီအပြင် နောက်ထပ်လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး အိမ်ခြေပေါင်း ၈၀ လည်း
မီးထဲပါသွားတယ်လို့ မီးသတ်ဌာန အရာရှိတစ်ဦးက ပြောပါတယ်။
ဖိလစ်ပိုင်တက္ကသိုလ်ရဲ့ ပြန့်ကျဲနေတဲ့ ဝင်းထဲက တရားမဝင်ဆောက်လုပ်ထားတဲ့ ပြွတ်သိပ်နေတဲ့ အိမ်ရာတွေထဲက အိမ်တစ်လုံးကို တနင်္လာနေ့ မနက်၅နာရီမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးစွယ်ကျိုးဖို့အတွက် နှစ်နာရီခန့်ကြာအောင် မီးငြိမ်းသတ်ခဲ့ရပြီး သေဆုံးသူတွေဟာ အိမ်ထဲမှာပိတ်မိနေသူတွေဖြစ်တယ်လို့ အကြီးတန်းမီးသတ်အရာရှိ ဂရက်ဘီချေဒါက အေအက်ဖ်ပီကိုပြောပါတယ်။
မီးလောင်ကျွမ်းရတဲ့အကြောင်းရင်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 2 May 2022
ထိုင်းနိုင်ငံချင်းရိုင်ပြည်နယ် မဲ့ဖာလုံမြို့နယ်အတွင်းရှိ တောတွင်းတစ်နေရာတွင် မူးယစ်ဆေးဝါးမှောင်ခိုပြုလုပ်သူ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့ အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၆.၇ သန်း သိမ်းဆည်းရမိကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားများပူးတွဲလှုပ်ရှားမှုကော်မတီမှ သိရသည်။
ဧပြီလ ၁ ရက်နေ့ နံနနက်အစောပိုင်းက ချင်းရိုင်ပြည်နယ်တော၀တွင်းတစ်နေရာတွင် မူးယစ်ဆေးဝါးမှောင်ခိုသမားများနှင့် ထိုင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲများအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံသား ၈ ဦး ပစ်ခတ်ဖမ်းဆီးခံခဲ့ရပြီး အစီရင်ခံစာအရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးအတွင်း စိတ်ကြွဆေးပြား ၆.၇ သန်းကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
"ရွှေတြိဂံဒေသကတော့ မကြာခဏမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေ အပြန်အလှန်တွေပစ်ခတ်မှုတွေဖြစ်ပွားခဲ့တတ်ပါတယ်။
ခုတစ်ကြိမ်ကတော့ ၆ ဒသမ ၇ သန်းကတော့ ပမာဏများတာပေါ့"ဟု မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဌ ဦးမိုးကြိုးက ပြောသည်။
မြန်မာနယ်စပ်မှ ၅ ကီလိုမီတာအကွာ၊ ချင်းရိုင်ခရိုင်၊ မယ်ဖလုံမှာ ထိုင်းတပ်တွေက ကင်းလှည့်နေချိန် လူ ၁၀ ဦးနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး မြန်မာနိုင်ငံသားများဟု ယူဆရသည့်သူများက လက်နက်ကိုင်ဆောင်ထားကာ ကျောပိုးအိတ်များသယ်ဆောင်လာကြရာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် သံသယရှိသဖြင့် တားဆီးရှာဖွေရန် ထိုင်းစစ်တပ်က အမိန့်ပေးခဲ့ပြီးနောက် အပြန်အလှန် စတင်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ၁၀ မိနစ်ကြာမြင့်ခဲ့ကြောင်းသိရသည်။
အခင်းဖြစ်ပွားရာနေရာမှာ အမျိုးသားအလောင်း ၈ လောင်းနှင့်အတူ ကျောပိုးအိတ်အတွင်း ယာဘဆေးပြား ၆.၇ သန်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ygm/hm
#Yangon_Media_Group
#LocalNews
Published - 2 May 2022
စက်သုံးဆီဖူလှုံမှုရှိစေရေးနှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး အပါအဝင် စျေးနှုန်းကြီးမြင့်မှုကို အထူးကြီးကြပ်ဆောင်ရွက်ထိန်းကျောင်းနိုင်ဖို့ ညှိနှိုင်းအစည်းအ ဝေးတစ်ရပ်ကို ဒီကနေ့မှာ နေပြည်တော်ကောင်စီရုံးတွင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်မည့် အစီအမံနှင့်ပတ်သက်လို့လည်း ဒီကနေ့ ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီနှင့် နေပြည်တော်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီသို့ ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန စစ်ဆေးရေးအရာရှိချုပ် ဦးနိုင်ဝင်းထွန်းနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ပမှစက်သုံးဆီတင်သွင်းခြင်း၊ တင်သွင်းလာတဲ့ စက်သုံးဆီများကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းစဉ်များ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် တင်သွင်းလာသည့်စက်သုံးဆီများ အရည်အသွေးပြည့်မီမှု ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက်သွားကြဖို့ကို လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါတယ်။
ထို့အပြင် အရည်အသွေးနှင့် အရေအတွက်ပြည့်မီမှန်ကန်စွာ ဝယ်ယူရရှိနိုင်ရေးတို့အတွက်
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများအပေါ် ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ပိုမိုထိရောက်စွာ ထိန်းကျောင်းနိုင်ရေး စီမံဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း ပြုလုပ်ဖို့ လမ်းညွှန်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်၍ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန စစ်ဆေးရေးအရာရှိချုပ် ဦးနိုင်ဝင်းထွန်းက စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့တယ်လို့ သိပါတယ်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဓါတ်ပုံ - နေပြည်တော်ကောင်စီနယ်မြေ
ymg/kg
#Yangon_Media_Group
#LocalNews
Published_2 May 2022

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးခွန်ထွန်းဦး၏ ရုပ်အလောင်းကို ယနေ့ မေလ ၂ ရက် ညနေ ၅ နာရီက ရေဝေးသုဿာန်တွင် ရှမ်းရိုးရာအတိုင်း မီးသဂြိုဟ်ခဲ့သည်။

၁၉၈၈ ခုနှစ် ၊ အောက်တိုဘာလတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို စတင်တည်ထောင်ခဲ့သည့် ဦးခွန်ထွန်းဦးသည် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က မရမ်းကုန်းမြို့နယ် ၉ မိုင်နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ SNLD ဥက္ကဋ္ဌတာဝန်ကို နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိကွယ်လွန်ချိန်တွင် အသက် (၇၉)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦးသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇာတိမြို့ဖြစ်တဲ့ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အောင်မြင်ခဲ့သူဖြစ်သည်။ လွန်ခဲ့သော ၂၀၀၅ ခုနှစ်က ရှမ်းပြည်နယ်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းသည်ဆိုသည့်အမှုကြောင့် ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခဲ့ရကာ ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူလည်း ဖြစ်သည်။

ymg/mt
#Yangon_Media_Group
#LocalNews
Published-2 May 2022
လတ်တလောမှာ ရာသီဥတုက မိုးရွာလိုက်နေပူလိုက်ဖြစ်နေပြီး အပူချိန်မြင့်တက်မှုတွေ ရှိနေသေးတဲ့အတွက် အပူရှပ်ပြီး သတိလစ်တဲ့လူနာတွေ အပူကြောင့် တက်တဲ့လူနာတွေ၊ ဖျားနာတဲ့လူနာတွေ များနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
#Published - 2 May 2022
လက်ရှိနွေစပါးရိတ်သိမ်းရာသီမှာ စပါးစျေးမြင့်တက်နေပေမယ့် သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်နေတာကြောင့် တောင်သူတွေ အမြတ်ငွေနည်းပါးနေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 May 2022
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ ၂၀၂၀ ပြည့်နှစ် သြဂုတ်လနောက်ပိုင်း ပထမဦးဆုံးအကြိမ် တိုးတက်လာကြောင်း မေ ၂ ရက်မှာ ထုတ်ပြန်တဲ့ S&P Global ရဲ့ ဧပြီလမှာ ကောက်ယူခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာထုတ်လုပ်မှု အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

ထိုသို့ တိုးတက်လာခြင်းရဲ့ အဓိကတွေ့ရှိချက်များမှာ အော်ဒါသစ်များ ထပ်မံတိုးလာ၍ ထုတ်လုပ်မှု မြင့်တက်လာခြင်း၊ အလုပ်နေရာဖန်တီးမှုမှာလည်း ဧပြီလတွင် စစ်တမ်းရဲ့ အမြင့်ဆုံးအညွှန်းကိန်းသို့ ရောက်ရှိလာခဲ့ပါတယ်။ ဈေးနှုန်းများမြင့်တက်မှုနဲ့ ကုန်ကြမ်းရှားပါးမှုတွေကတော့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဧပြီလအတွင်း ထုတ်လုပ်မှုရော မှာယူမှုအသစ်များပါ ပြန်လည်တိုးတက်လာချိန်မှာ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် ဒုတိယသုံးလပတ်အစတွင် လုပ်ငန်းလည်ပတ်မှု အခြေအနေများမှာ ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း ပထမဦးဆုံးအကြိမ် တိုးတက်မှုရှိလာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဧပြီလ စစ်တမ်းအရ အလုပ်သမားဦးရေ အမြောက်အမြားတိုးလာကြောင်း ဖော်ပြထားပြီး အလုပ်နေရာဖန်တီးမှုနှုန်းမှာ စစ်တမ်းကောက်ယူခဲ့တဲ့ကာလအတွင်း အမြင့်ဆုံးနှုန်းဖြင့် တိုးတက်လာခဲ့ပါတယ်။

S&P Global က မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုလုပ်ကိုင်နိုင်စွမ်းမှာ မတ်လတွင် ၄၇.၁ ရှိခဲ့ရာမှ ဧပြီလတွင် ၅၀.၄ သို့ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကုန်စည်ထုတ်လုပ်ရေးကဏ္ဍရဲ့ အခြေအနေမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ နောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် တိုးတက်လာကြောင်းကို ညွှန်ပြနေပါတယ်။
အဆိုပါစစ်တမ်းတွင် ပါဝင်ဖြေကြားသူတို့၏အဆိုအရ ဝယ်ယူသူများဘက်မှ ဝယ်လိုအားတိုးလာမှုက ကုန်ထုတ်လုပ်ရေးကဏ္ဍ ပြန်လည်နာလန်ထူလာရေးကို တွန်းအားဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါတယ်။
မေ ၂ ရက်တွင် ထွက်ရှိလာတဲ့ စစ်တမ်းရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global မှ စီးပွားရေးပညာရှင် Maryam Baluch က "ကုန်ထုတ်လုပ်မှုကဏ္ဍဟာ ဧပြီလမတိုင်မီအထိ အချိန်အတော်ကြာ ကျဆင်းခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် တိုးတက်ထုတ်လုပ်မှုကို မှတ်တမ်းတင်နိုင်ခဲ့တယ်" လို့ဆိုပါတယ်။
ပို့ဆောင်ခများနှင့် လောင်စာဈေးနှုန်းများ မြင့်တက်နေမှုအပြင် ကုန်ကြမ်းရှားပါးမှုကြောင့် ဒုတိယသုံးလပတ်၏ အစပိုင်းတွင် သွင်းကုန်ဈေးနှုန်းများ ထိုးတက်သွားခဲ့ပြီး ကုမ္ပဏီများက မြင့်တက်လာတဲ့ ကုန်ကျစရိတ်များကိုကာမိစေဖို့ ၎င်းတို့ရဲ့စက်ရုံရောင်းဈေးများကို တဟုန်ထိုး မြှင့်တင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းရှားပါးမှုများနှင့် လျှပ်စစ်ဓာတ်အား မမှန်မှုကဲ့သို့သော အကြောင်းအရာများက စိန်ခေါ်မှုများနဲ့ အဟန့်အတားများ ဖြစ်တယ်လို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_2 May 2022
ဂျပန်နိုင်ငံတိုကျိုတွင် မြောက်ဦးယူနက်စကိုဝင်နိုင်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေကြေးဖြည့်စွမ်း ကူညီနိုင်ရန် Arakan Fc က ကြီးမှူး၍ ဘောလုံးပြိုင်ပွဲနှင့် ရိုးရာကျင်ပွဲတစ်ခုကို မေလ ၁ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ရည်ရွယ်ချက်ကတော့ မြောက်ဦးယူနက်စကိုဝင်ဖို့ ရန်ပုံငွေရရှိချင်တာ အဓိကဖြစ်ပါတယ်။ ပြီးတော့ ဂျပန်နိုင်ငံမှာရှိတဲ့ ရခိုင်လူမျိုးတွေကိုလည်း စည်းစည်းရုံးရုံး ဖြစ်အောင်ဆိုတဲ့ သဘောဖြစ်ပါတယ်၊ အဲဒီနေ့က အလှူငွေတွေ ထည့်ကြတယ်၊ အသင်းဝင်ကြေး ကောက်တာတွေလုပ်တယ်။နောက်ပြီးတော့ အားကစားအင်္ကျီရောင်းတာနဲ့ ထမင်းဗူးအစားအသောက်တွေရောင်းတာတွေလည်း လုပ်ခဲ့ပါတယ်"ဟု Arakan Fc အသင်း ဖြစ်မြောက်ရေး တာဝန်ခံကိုညီညီအောင်က ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ဘောလုံးအသင်း ၁၃ သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမဆုရရှိသည့်အသင်းကို ဆုကြေးငွေ ကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ၆ သိန်းကျပ် ချီးမြှင့်ခဲ့ကာ ရိုးရာကျင်ပွဲတွင်လည်း ပထမဆုရရှိသည့်သူကို ငွေကျပ် ၂သိန်း၊ ဒုတိယဆုကို ကျပ် ၁ သိန်းစီဖြင့် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1774 of 1914