#LocalNews
Published - 13 June 2022
၂၀၂၂ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၁၂ ရက်ထက်နောက်ဆုတ်၍ ဇွန် ၁၇ ရက်တွင်သာ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
" ဘာကြောင့်နောက်ဆုတ်လိုက်လဲဆိုတာတော့ မသိရဘူး။ ၁၇ ရက်နေ့ထွက်မယ်လို့ကြားတယ်။ အဲ့ရက်ကတော့ သေချာပါတယ်။ အောင်ချက်ကတော့ မနှစ်ကထက် ဒီနှစ်ပိုများပါတယ်" ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို အွန်လိုင်းမှတဆင့်ကြည့်လိုသူများအနေဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စားမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂ သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 13 June 2022
မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်များနှင့်ပြည်ပမှ သွင်းကုန်များ မြန်ဆန်ချောမွေ့စွာ ကုန်စည်စီးဆင်းနိုင်ရန် ရန်ကုန်မြို့ မြန်မာ့စက်မှုဆိပ်ကမ်းမှ တစ်လလျှင်ကုန်တင်သင်္ဘော အစင်းရေ ၂၅ စင်းမှ ၃၅ စင်းဖြင့် ဝန်ဆောင်မှုပေးနေကြောင်း Myanmar Industrial Port မှသိရသည်။
ပြည်တွင်းမှ အခြေခံထွက်ကုန်ဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ၊ စက်မှုကုန်ချောပစ္စည်းများနှင့် အခြားထွက်ကုန်များကို ရေကြောင်းဖြင့် ပို့ဆောင်ရာ၌ ဆိပ်ကမ်းအဝင်/ အထွက်တွင် ကုန်စည်မြန်ဆန်စွာ ပို့ဆောင်/တင်သွင်းနိုင်ခြင်းဖြင့် နိုင်ငံအတွက်စီးပွားရေးလည်ပတ်မှု ယန္တရားကို အထောက်အကူပြုလျက်ရှိရာ ရေကြောင်းပို့ဆောင်မှုတွင် အရေးပါသော ရန်ကုန်ဆိပ်ကမ်း၌ ဆိပ်ကမ်းငါးခုနှင့် သီလဝါဆိပ်ကမ်းရှိ ဆိပ်ကမ်းနှစ်ခုတို့တွင်ကုန်သင်္ဘောများဖြင့် ရေကြောင်းကုန်သွယ်လျက်ရှိကြောင်း သိရသည်။
MIP ဆိပ်ကမ်းအနေဖြင့် ပြည်တွင်းကြယ်ငါးပွင့်သင်္ဘောလိုင်း အပါအဝင် နိုင်ငံခြားသင်္ဘောလိုင်းခြောက်လိုင်းကို လက်ခံဆောင်ရွက်လျက် ဝန်ထမ်းတစ်ထောင်ကျော်ဖြင့် ဆိပ်ကမ်းကွန်တိန်နာလုပ်ငန်းများကို ၂၄ နာရီဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
MIP မြန်မာ့စက်မှုဆိပ်ကမ်းတွင် Export cargo နှင့် Import cargo နှစ်ပိုင်းဆောင်ရွက်လျက်ရှိရာ Import cargo တွင်မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ လိုအပ်သော အထောက်အထား စာရွက်စာတမ်းဖြင့် ဝင်ခွင့်ပြု၍ အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးပြီးနောက် ကုန်ပစ္စည်းတင်ပို့မှုကို ဆောင်ရွက်ခြင်းဖြစ်သည်။
Import ကဏ္ဍတွင် ကုန်သင်္ဘောမှချသော ကုန်ပစ္စည်းများကို ယာယီစုပုံထားပြီး Export cargo များ စာရွက်စာတမ်းဖြင့် အခွန်အခပေးဆောင်ပြီးနောက် ထုတ်ယူခွင့်ပြုလျက်ရှိပြီး၊ အဆိုပါ ဆိပ်ကမ်းတွင် ကွန်တိန်နာတစ်လုံး တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာမှ ၄ ဒေါ်လာကောက်ခံ၍ ခုနစ်ရက်ထားသိုခွင့်ပြုကာ တစ်နှစ်ကျော် ထားရှိပါက လေလံပစ္စည်းအဖြစ် ဆိပ်ကမ်းအာဏာပိုင်မှ ခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် နှစ်ချီထိန်းသိမ်းထားသော ကွန်တိန်နာများလာပါက ပိုကုန်/သွင်းကုန်ပစ္စည်းများ ကုန်စည်စီးဆင်းမှုတွင် ဆိပ်ကမ်းအတွက် ထိခိုက်စေလျက်ရှိကာ နိုင်ငံတကာ ဆိပ်ကမ်းတို့တွင် မြန်ဆန်စွာ ကုန်ပစ္စည်းထုတ်ယူနိုင်ရန် ဆောင်ရွက်ထားရှိမှုဖြင့် ကုန်သေတ္တာစီးဆင်းမှု မြန်ဆန်လျက်ရှိရာ ရန်ကုန်ဆိပ်ကမ်း အတွင်း၌လည်း လေလံကွန်တိန်နာ ပစ္စည်းများ ရှင်းလင်းနိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန် ဦးစီးဌာနတိုမှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်း၌ ကုန်သေတ္တာတင်ဆိပ်ကမ်းငါးခုတွင် ပြည်ပပို့ကုန်နှင့် ပြည်တွင်းသွင်းကုန်အတွက် ကုန်သေတ္တာ စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပေ ၂၀ နှင့် ပေ ၄၀ ကုန်သေတ္တာ ၂၁၀၀၀၀ ကျော်နှင့် ပေTEU ၂၀ ကုန်သေတ္တာအလုံး ၃၀၇၀၀၀ ကျော်တို့ကို ကိုင်တွယ်လျက် ကုန်တင်သင်္ဘောအစင်း ၂၃၀ ဖြင့် ကုန်တင်/ကုန်ချလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published_13 June 2022
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အထွက် ဟွေ့ယအုစစ်ဆေးရေးဂိတ်တွင် တရားမဝင်မြန်မာများ တင်လာသည့်ယာဉ်တစ်စီးကို ပစ်ခတ်ဖမ်းဆီးရာတွင် လေးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၀ ရက်၊ ည ၁၀ နာရီခန့်အချိန်က ထိုင်းရဲတပ်ဖွဲ့၏ တားဆီးစစ်ဆေးခြင်းကို မခံဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သောကြောင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့စဉ်ယာဉ်မောင်းဖြစ်သူမှာ ခုန်ချထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယာဉ်ပေါ်ပါ တရားမဝင်မြန်မာနိုင်ငံသား ၉ ဦးအနက် ၄ ဦးမှာ သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သောကြောင့် ယခုအခါ ဆေးကုသမှုခံယူနေရကာ ကျန် ၅ ဦးမှာ ထိုင်းနိုင်ငံ မဲဆောက်မြို ဖဝေါရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းသိရသည်။
လက်ရှိတွင် ယာဉ်နံပါတ်ကို ခြေရာခံ၍ လူမှောင်ခိုပြုလုပ်နေသူများအား ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ထွက်ပြေးလွတ်မြောက်သွားသော ယာဉ်မောင်းဖြစ်သူအား ဖမ်းဆီးရမိရန် သဲလွန်စပြီ ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်တွင် ထိုင်းအာဏာပိုင်များက မီဒီယာများကို ပြောကြားထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_group
Published 13 June 2022
(Updated)
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်လာခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လာရောက်ဆွေးနွေးလိုတဲ့ ဆန္ဒရှိပါက ယခင်ဖိတ်ခေါ်ကမ်းလှမ်းချက်တွေအတိုင်း ထပ်မံဖိတ်ခေါ်နေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
အဲသလိုဖိတ်ခေါ်ရာမှာ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တွေနှင့် ရေးထိုးထားခြင်းမရှိတဲ့ အဖွဲ့တွေ အားလုံးပါဝင်တယ်လို့ ပြောပါတယ်။
ဇွန်လ၁၃ရက် ယနေ့ မနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် ရခိုင်လွတ်မြောက်ရေးပါတီ ALP ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ဗိုလ်ချူပ်မှူးကြီးက အဲသလိုပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တိုင်းပြည်၏ ပကတိအနေအထား နှင့် ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိသည်များ စသည် တို့ကို အသေးစိတ်အကြေအလည်ဆွေးနွေး အဖြေရှာဆောင်ရွက်သွားမည့် အခြေအနေတွေကိုလည်း သူကရှင်းပြခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီအပြင်ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများရှိမည်ဖြစ်သော်လည်း ငြိမ်းချမ်းသည့် နည်းလမ်း ဖြင့်သာ ဖြေရှင်းဆောင်ရွက်ရန်လိုသည့် အခြေအနေတွေကို ရခိုင်လွတ်မြောက်ရေးပါတီကို နစက ဥက္ကဋ္ဌက ရှင်းပြခဲ့တယ်လို့လည်းသိရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်ကို ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP အနေနှင့် ထောက်ခံကြိုဆိုပြီး ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေတွေ၊ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေကို တင်ပြခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
ယနေ့ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ခိုင်စိုးမြ နှင့် ခိုင်ပေါ်လင်း တို့ တက်ရောက်ကြတယ်လို့ သိရှိရပါတယ်။
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက်ဧပြီ ၂၂ ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက် မေလ(၂၀)ရက်မှစတင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။



#DailyNews
Published - 13 June 2022
၁။ ပြည်တွင်းခရီးသွားရပ်နားနေချိန် ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားလာ
၂။ FAO ၏ ပရော်ဂျက်မရလိုက်၍ ဆေးခါးကြီးပင်ကို တစ်ပိုင်တစ်နိုင်သာစိုက်ပျိုးနိုင်တော့မည်ဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မက္ကဆီကိုရှိ ကမ္ဘာ့အကြီးမားဆုံးနွားရိုင်းသတ်ကွင်းကြီးမှ ပြိုင်ပွဲများအား ရက်အကန့်အသတ်မရှိဆိုင်းငံ့... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 13 June 2022
ဂျပန်နိုင်ငံတွင် တက္ကသိုလ်တက်ရောက်လိုသည့် မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် IUCHI Full Scholarship အိအုချိပညာတော်သင်ဆု လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်၊၊
လျှောက်လွှာများကိုဇွန်လ(၁)ရက်မှ (၂၃)ရက်နေ့ ညနေ(၅)နာရီအတွင်း အိအုချိဖောင်ဒေးရှင်း (IUCHI Foundation) မြန်မာရုံးဖြစ်သည့် မြဂျပန်စာသင်ကျောင်း ၏ E-Mail လိပ်စာဖြစ်သော mya.japan
ပညာသင်ဆုလျှောက်ထားသူအနေဖြင့် အသက်ကန့်သတ်ချက်၂၀၀၂ဇန်နဝါရီ(၁)ရက်မှ၂၀၀၆ ဒီဇင်ဘာ(၃၁)ရက်အတွင်း မွေးဖွားသူဖြစ်ရမည်ဖြစ်သည်၊၊
ပညာရေးကန့်သတ်ချက်အနေဖြင့်၂၀၁၉ မတ်လ (သို့မဟုတ်)၂၀၂၀မတ်လအတွင်း ဂျပန်အထက် တန်းကျောင်းဖြင့်ညီမျှသော အတန်းကျောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်သူဖြစ်ရမည်ဖြစ်ပြီး ၆ ဘာသာရမှတ်(၄၈၀)အထက်ရထားသူ(ရနိုင်ခြေရှိသူ)ဖြစ်ရမည်ဖြစ်ကြောင်းဖော်ပြပါရှိသည်၊၊
ပညာသင်ဆုရပါက အိအုချိဖောင်ဒေးရှင်းက သတ်မှတ်ထားသည့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားခွင့်ရမည်ဖြစ်ပြီး ပညာသင်စရိတ်၊ သွားလာစရိတ်စသည့်အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 13 June 2022
ပြည်တွင်း၌ စက်သုံးဆီစျေးနှုန်းဆက်တိုက်မြင့်တက်နေသော်လည်း ခရီးသည်များ အဆင်မပြေသည့်အတွက် ပုံမှန်နှုန်းထားဖြင့်သာ ယာဥ်လိုင်းများပြေးဆွဲပေးနေကြောင်း တော်ဝင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ သိရသည်။
"ဆီစျေးက ဆက်တိုက်တတ်နေတာ အဆင်မပြေဘူး။ အခက်အခဲတွေတော့ရှိတာပေါ့။ ယာဥ်စီးခကလည်း တိုးမကောက်ချင်ဘူး။ ခရီးသည်တွေကအဆင်မပြေဘူး။ ဆီစျေးထပ်တတ်ရင်တော့ တိုးကောက်သင့်ရင် ကောက်မှာပေါ့။ တခြားယာဥ်လိုင်းတွေတိုးရင်တော့ ကျွန်တော်တို့လည်းတိုးမယ်။ ခရီးက အပြည့်မပါဘူး။ ၂၀ ကျော်လောက်ပဲရှိတယ်"ဟု တော်ဝင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအခြေပြု အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့မှ မြန်မာတစ်နိုင်ငံလုံးသို့ ပြေးဆွဲပေးနေသော ယာဥ်လိုင်းပေါင်း ၃၈၇ လိုင်း ယာဥ်အစီးရေ ၃၇၀၀ ကျော်ဖြင့် နေ့စဥ်ခရီးသည် ၂ သောင်းနီးပါးကို ပို့ဆောင်ပေးနေကြောင်း သိရသည်။
ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည့် စက်သုံးဆီစျေးနှုန်းမှာ ၉၅ တစ်လီတာ ၂၃၇၀ ကျပ်၊ ၉၂ တစ်လီတာ ၂၃၀၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldMilitary
Published 13 June 2022
စစ်အေးကာလပြီးဆုံးပြီးနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် လာမယ့်နှစ်များအတွင်း တစ်ကမ္ဘာလုံးရှိ နျူကလီးယားလက်နက်အင်အား ပိုမိုကြီးထွားလာမယ်လို့ ခန့်မှန်းရပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း နျူကလီးယားလက်နက်အသုံးပြုလာနိုင်တဲ့ အန္တရာယ်အများဆုံးဖြစ်နေကြောင်း ပဋိပက္ခနှင့်လက်နက်ဆိုင်ရာပညာရှင်များ အဖွဲ့အစည်းက တနင်္လာနေ့ကပြောကြားခဲ့ပါတယ်။
ရုရှားတို့ ယူကရိန်းကိုကျူးကျော်ခြင်းနဲ့ ယူကရိန်းအားအနောက်နိုင်ငံက ထောက်ပံ့ကူညီခြင်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က နျူကလီးယားလက်နက်ပိုင်နိုင်ငံ ၉ နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (SIPRI)က လေ့လာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ဇန်နဝါရီလမှ ၂၀၂၂ ဇန်နဝါရီလအတွင်း နျူကလီးယားလက်နက်အရေအတွက် အနည်းငယ်လျော့ကျခဲ့ပေမယ့် နျူကလီးယားအင်အားကြီးနိုင်ငံများက မြန်မြန်ဆန်ဆန်အလေးထားမဆောင်ရွက်ဘူးဆိုရင် ဆယ်စုနှစ်များအတွင်းပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးမှာ နျူကလီးယားထိပ်ဖူး အရေအတွက် များပြားလာနိုင်တယ်လို့ SIPRI က ဆိုပါတယ်။
"နျူကလီးယားလက်နက်ပိုင်နိုင်ငံတွေအားလုံးက သူတိုရဲ့နျူကလီးယားလက်နက်များကို အဆင့်မြှင့်တင်နေကြပြီး စစ်ရေးဗျူဟာတွေမှာ နျူကလီးယားလက်နက်အရေးပါပုံကို တိုးမြှင့်ဆောင်ရွက်နေကြပါတယ်"လို့ SIPRI လက်နက်ကြီးပပျောက်ရေး ညွှန်ကြားရေးမှူး'ဝီလ်ဖရက်ဒ်ဝမ်'က ၂၀၂၂ နှစ်ချုပ်စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။
ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က အထူးစစ်ဆင်ရေးဆောင်ရွက်ချက်ဖြင့် ယူကရိန်းကိုစတင်ကျူးကျော်ပြီး ၃ ရက်အကြာမှာ ရုရှားနျူကလီးယားတပ်များကို အထူးတပ်လှန့်ထားခိုင်းခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ဆောင်ရွက်ချက်တွေကို ဝင်ရှုပ်ရဲတဲ့နိုင်ငံတွေအနေနဲ့ သမိုင်းမှာမကြုံဖူးတဲ့ နောက်ဆက်တွဲအန္တရာယ်တွေကြုံလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
ရုရှားနိုင်ငံက နျူကလီးယားလက်နက်အင်အားအများဆုံး ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပြီး နျူကလီးယားထိပ်ဖူး စုစုပေါင်း ၅,၉၇၇ ပိုင်ဆိုင်ထားကာ အမေရိကန်နိုင်ငံထက် ၅၅၀ ပိုများနေပါတယ်။
ထိုနှစ်နိုင်ငံရဲ့ပိုင်ဆိုင်မှုက တစ်ကမ္ဘာလုံးရှိ နျူကလီးယားထိပ်ဖူးပေါင်း ၉၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပြီး တရုတ်နိုင်ငံကလည်း ဒုံးကျည်အသစ် ၃၀၀ ကျော် တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၂၁ ဇန်နဝါရီလက တစ်ကမ္ဘာလုံးက နျူကလီးယားထိပ်ဖူးပေါင်း ၁၃,၀၈၀ ရှိရာမှ ၂၀၂၂ ဇန်နဝါရီလမှာ ၁၂,၇၀၅ အထိ လျော့နည်းခဲ့ပါတယ်။
နျူကလီးယားထိပ်ဖူး ၃,၇၃၂ ခုကို ဒုံးကျည်တွေနဲ့ လေယာဉ်တွေမှာ တပ်ဆင်ထားပြီး ထိပ်ဖူး ၂,၀၀၀ နီးပါးက ရုရှားနဲ့အမေရိကန်တို့ ပိုင်ဆိုင်ထားတာဖြစ်ကာ အဆင်သင့်အနေအထားမှာ ရှိနေပါတယ်။
လူသားမျိုးနွယ်နဲ့ ကမ္ဘာလောကကြီးကြုံတွေ့နေရတဲ့ ဘုံပြဿနာအခက်အခဲတွေကို နိုင်ငံတကာများမှ ပူးပေါင်းပြီးဖြေရှင်းရမယ့်အချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားဆက်ဆံရေးက ပိုမိုဆိုးရွားလာနေပါတယ်"လို့ SIPRI ဘုတ်အဖွဲ့ဥက္ကဌနဲ့ ဆွီဒင်ဝန်ကြီးချုပ်ဟောင်း'စတီဖင်လော့ဖ်ဗန်'က ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#LocalNews
Published _ 13 June 2022
ပုဇွန်တောင်မြို့နယ်အတွင်း အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးများနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးအပါအဝင် ဗို့အားကောင်းမွန်ရေးအတွက် ဟောင်းနွမ်း Analog မီတာများကို Digital Smart မီတာများဖြင့် အစားထိုးလဲလှယ်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်၊၊
ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းခြင်းနှင့် AMl စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ ပြုလုပ်နေလျှက်ရှိပြီး မြို့နယ်အတွင်း အများပြည်သူ အသုံးပြုနေသည့် ဟောင်းနွမ်း Analog မီတာ အလုံး ၁၆၀၀၀ ကျော်ကို Digital Smart မီတာအသစ်များဖြင့် အစားထိုးလဲ လှယ်ပေးနေကြောင်း သိရသည်။
ထိုသို့လဲလှယ်ရာတွင် မီးသုံးစွဲသူ ပြည်သူများအနေဖြင့် မည်သည့်ငွေကြေးမှကျခံ ရန်မလိုဘဲ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းယင်းမှ သိရသည်။
လက်ရှိတွင် ပုစွန်တောင်မြို့နယ်အတွင်းရှိ အမှတ်၂၊ ၅၊ ၇ ၊ ၈ ရပ်ကွက်များကို ဆောင်ရွက်ပေးပြီး ကျန်ရှိသည့် ရပ်ကွက်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည့်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်၊၊
ymg/NN
#Yangon_Media_Group
#WorldTechnology
Published 13 June 2022
အဆင့်မြင့်လာတဲ့ နည်းပညာတွေက လူသားနဲ့စက်ရုပ်ကြားကွာဟချက်ကို ကျဉ်းမြောင်းလာစေပါတယ်။
အခုဆိုရင် သိပ္ပံပညာရှင်တွေက နောက်တဆင့်တက်လှမ်းဖို့ကြိုးစားနေပြီး လူသားတွေလိုအသားအရည်မျိုးကို စက်ရုပ်တွေအတွက် ဖန်တီးလာကြပါပြီ။
Matter ဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြထားရာမှာ လူသားတွေရဲ့အသားအရည်ကဲ့သို့ထင်မှတ်ရစေတဲ့ အရေပြားတစ်ရှူးတွေကို စက်ရုပ်တွေအတွက် တီထွင်ထားပုံကို ဖော်ပြခဲ့ကြပါတယ်။
"သက်ရှိအရေပြားတစ်ရှူးတွေကို စက်ရုပ်တွေမှာအပေါ်ကနေအုပ်ပြီး အသုံးပြုဖို့ပြထားပါတယ်၊ စက်ရုပ်တွေကို လူသားတွေနဲ့ပိုပြီးတူလာအောင် ပြုလုပ်နိုင်တဲ့အလားအလာရှိနေပါတယ်" လို့ တိုကျိုတက္ကသိုလ်မှ အင်ဂျင်နီယာ'ရှိဂျီတာကူချီ'က ပြောပြပါတယ်။
အရေပြားဖန်တီးဖို့အတွက် အသားအရည်အဖြစ်ဖွဲစည်းရာမှာ အဓိကဖြစ်တဲ့ ကော်လာဂျင်နဲ့ အမျှင်ဆဲလ်တွေ ပေါင်းစပ်ပါဝင်တဲ့အရည်ထဲကို စက်ရုပ်လက်ချောင်းထည့်လိုက်ရပါတယ်။
သက်ရှိဆဲလ်တွေကိုအသုံးပြုခြင်းက စက်ရုပ်တွေမှာ တကယ့်အသားအရည်ရဲ့ ဇီဝလုပ်ဆောင်ချက်များအတိုင်း ရရှိစေမှာဖြစ်ပါတယ်။
ဒီနည်းပညာနဲ့ပတ်သက်ပြီး သုတေသနအဖွဲ့က အသုံးဝင်ပုံအမျိုးမျိုးကို စိတ်ကူးထားကာ ပိုမိုပေါ့ပါးသွက်လက်တဲ့ ခြေတုလက်တုများဖန်တီးခြင်း၊ အလှကုန်ပစ္စည်းများနဲ့ အရေပြားအတွက်ဆေးဝါးများထုတ်လုပ်ခြင်းတို့မှာ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။
အရေပြားက ၁.၅ မီလီမီတာအထူရှိပြီး လူ့ခန္ဓာကိုယ်ရဲ့အပေါ်ဆုံးအလွှာတွေဖြစ်တဲ့ epidermis နဲ့ dermis အလွှာတို့ဖြင့်သာ တည်ဆောက်ထားပါတယ်။
"တကယ့်အသားအရည်နဲ့ ချွတ်စွတ်တူတာတော့ မဟုတ်ပါဘူး၊ အသားအရည်အင်္ဂါရပ်တွေဖြစ်တဲ့ အာရုံခံဆဲလ်များ၊ မွေးညင်းပေါက်များ၊ လက်သည်းခြေသည်းများ၊ ချွေးပေါက်များ ပါဝင်မှာတော့မဟုတ်ပါဘူး၊ ဒါပေမဲ့လည်း စက်ရုပ်လှုပ်ရှားတဲ့အခါ အရေပြားကျုံခြင်း ဆန့်ခြင်း အရေးကြောင်းပေါ်ခြင်းများဖြစ်ပေါ်နိုင်တာကြောင့် ဆီလီကွန်ထက်တော့ အများကြီးပိုပြီး သဘာဝကျမှာဖြစ်ပါတယ်" လို့ 'တာကူချီ'ကဆိုပါတယ်။
လက်ရှိမှာတော့ စက်ရုပ်အသားအရည်ပြုလုပ်ရာမှာ ဆီလီကွန်ကိုအဓိကထားပြီး အသုံးပြုနေကြပါတယ်။
စက်ရုပ်တွေကို လူသားတွေနဲ့ ပို့ပြီးတူလာအောင် ပညာရှင်တွေကကြိုးစားဖန်တီးနေကြပေမယ့် စက်ရုပ်ကိုယ်ထည်လိုမျိုး မညီညာတဲ့မျက်နှာပြင်တွေမှာ လိုက်လျောညီထွေရှိမယ့် တကယ့်အသားအရည်မျိုးကိုတော့ မတီထွင်နိုင်ခဲ့ကြပါဘူး။
"၃ ဘက်မြင်စက်ရုပ်ရဲ့အသွင်အပြင်အတိုင်း ပုံသွင်းနိုင်ဖို့အတွက် အရေပြားတွေကိုကျွမ်းကျင်စွာဖြတ်တောက်နိုင်တဲ့ လက်မှုစွမ်းရည်ရှိဖို့လိုပါတယ်၊ စက်ရုပ်ပေါ်က အရေပြားတွေကို တိုက်ရိုက်ပုံသွင်းတဲ့နည်းလမ်းဖြင့် စက်ရုပ်လက်ချောင်းတစ်ချောင်းမှာ ချောမွေ့တဲ့မျက်နှာပြင်ကိုရရှိလာပါတယ်"လို့ 'တာကူချီ'က Insider ကိုပြောကြားခဲ့ပါတယ်။
ဒီတစ်ရှူးတွေ ဘယ်လောက်ကြာကြာခံနိုင်သလဲသိရှိဖို့နဲ့ အရေပြားလုပ်ဆောင်ချက်တွေထည့်သွင်းနိုင်ဖို့အကြောင်းများကို 'တာကူချီ'နဲ့အဖွဲ့က ဆက်လက်လေ့လာသွားဖို့စီစဉ်နေပါတယ်။
Source: Insider
#Yangon_Media_Group
#LocalNews
Published _ 13 June 2022
အရည်အသွေးပြည့်ဝသော ပရိဘောဂကုန်ချောများထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
"အရည်အသွေးပြည့်ဝတဲ့ ပရိဘောဂကုန်ချောများ ထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်ကိုလည်း တင်ပို့နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်" ဟုပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။
မဟာဗျူဟာမြောက် ဓာတ်သတ္တုတွင်းထွက်များ၊ အဆင့်မြင့် နည်းပညာသုံး ဓာတ်သတ္တုတွင်းထွက်များနှင့် ပတ်သက်၍ အလားအလာရှိသော သတ္တုဖြစ်ထွန်းမှုများကို ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေး၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးစတဲ့ လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် နည်းပညာနှင့်စမ်းသပ်တိုင်းတာရေးပစ္စည်းများ ပိုမိုအဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ Sima ပရိဘောဂထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်စဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စိုက်ခင်းများမှ ထွက်ရှိလာသော ကျွန်းပင်ကျပ်တိုင်များကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ တန်ဖိုးမြှင့် သစ်အချောထည်တံခါးနှင့် ကျည်းဘောင်များ ထုတ်လုပ်နေကြောင်းလည်း အဆိုပါဌာနမှ တဆင့် သိရသည်၊၊
ymg/NN
#Yangon_Media_Group
#LocalNews
Published _13 June 2022
စက်သုံးဆီဈေးများ ဆက်လက် မြင့်တက်နေသောကြောင့် ရပ်နားရန်စီစဉ်ခဲ့သည့် ရန်ကုန်-ပဲခူး ယာဉ်လိုင်းအနေဖြင့် ခရီးသည်များ၏ တောင်းဆိုမှုများကြောင့် ဇွန်လ ၁၁ ရက်မှစပြီး ပြေးဆွဲပေးနေလျှက်ရှိကြောင်း Yangon - Bago Smart City Bus Line By Daewoo Bus ရဲ့ တာဝန်ရှိသူက YMG သို့ ပြောသည်။
"ခရီးသည်တွေက တောင်းဆိုကြပါတယ်။ ဒီယာဥ်လိုင်းက သူတို့အတွက် အတော်အဆင်ပြေလို့ မရပ်နားဖို့ တောင်းဆိုလာကြတော့ ကျွန်တော်တို့လည်း ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်နည်းလမ်းတွေတင်ပြပြီး လက်ရှိပြေးဆွဲနေပါတယ်။ အဓိကကတော့ ကားခတိုးကောက်ပြီး ဆက်ဆွဲပေးနေပါတယ်။ ရန်ကုန်ကနေ ပဲခူးအရောက် ၃၀၀၀ ကျပ် သတ်မှတ်ထားတယ်။ ပဲခူး ကနေ ရန်ကုန်ပြန်ရင်တော့ လမ်းခရီးပေါ်မူတည်ပြီး ၂၀၀၀ သို့မဟုတ် ၁၀၀၀ ကောက်ပါတယ်" ဟု Daewoo bus ရဲ့ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်-ပဲခူး ယာဉ်လိုင်း စတင်ပြေးဆွဲပြီး ငါးလအကြာမှာ စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေသဖြင့် အဆိုပါ ယာဉ်လိုင်း ပြေးဆွဲမှုကို ဇွန်လ ၁၀ ရက်မှစ၍ ခေတ္တရပ်နားမည်ဟု စီစဉ်ထားပြီး ယခုအခါ ခရီးသည်များရဲ့ တောင်းဆိုမှုများကြောင့် ယာဉ်လိုင်းအား ဇွန်လ ၁၁ ရက်မှစ၍ လုံး၀မရပ်နားဘဲ ပြန်လည်ပြေးဆွဲသွားမည်ကြောင်း သိရသည်၊၊
ရန်ကုန်-ပဲခူးယာဉ်လိုင်းတွင် ခရီးစဉ် ငါး ကြောင်းဖြင့် ခရီးသည် တစ်ဦးလျှင် ခရီးစဉ် စ/ဆုံး အတွက် ယာဉ်စီးခ ၃၀၀၀ ကျပ် သတ်မှတ်ထားကြောင်းလည်း အဆိုပါ ယာဥ်လိုင်းမှ သိရသည်။
ymg/NN
#Yangon_Media_Group
Page 1745 of 1956