#Local_News
Published-31 August 2022
လက်ရှိငွေကြေးဈေးကွက်တွင်များစွာ ဂယက်ထနေပြီး ရင်းနှီးမြှုပ်နှံသူများက ခိုင်မာ၍ ပိုင်ဆိုင်မှုရှိသည့် အိမ်ခြံမြေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံမှု ပိုများလာကြောင်း သိရသည်။
လက်ရှိ ပြည်တွင်းတွင် ငွေကြေး မတည်ငြိမ်မှုသည် အကြီးစားရိုက်ခတ်မှုသဘောဖြစ်နေပြီး ငွေကြေးဖောင်းပွမှုကို အနည်းဆုံး ထိန်းထားနိုင်သည့် အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်လာသော်လည်း အိမ်ခြံမြေဈေးများ အတက်ဘက်သို့ သွားနေကြောင်း သိရသည်။
ယခင်က မိုးရာသီတွင် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးသည့် အချိန်ကာလဖြစ်ပြီး နိုင်ငံရေးအခြေအနေ၊ ငွေကြေးဈေးကွက်ဂယက်များကြောင့် အိမ်ခြံမြေဈေးကွက်မှာ လှုပ်ခတ်လာရခြင်းဖြစ်သည်။
လက်ရှိဈေးကွက်ထဲတွင် သိန်း ၁၀၀၀ နှင့် ၃၀၀၀ ကြား အရောင်းအဝယ်ပိုမိုဖြစ်လျက်ရှိပြီး သိန်း ၁၀၀၀ အောက် တိုက်ခန်းများ ဝယ်လိုအား နှေးနေကြောင်း၊ ပြည်နယ်နှင့် တိုင်းအလိုက်ကြည့်ပါက ရန်ကုန်မြို့တွင် ပိုမိုရင်းနှီးမြှုပ်နှံကြကြောင်းလည်း သိရပါတယ်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_31 August 2022
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ယနေ့ သြဂုတ်လ ၃၁ ရက်က ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တည်ဆောက်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီတစ်ခုတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ခနောက်စိမ်း သန့်စင်စက်ရုံကို အမေရိကန်ဒေါ်လာ ၂ သန်းခန့် ရင်းနှီးမြှုပ်နှံ၍ တစ်နှစ်လျှင် ခနောက်စိမ်းတန်ချိန်(၉၀၀)ခန့် ထုတ်လုပ်နိုင်သော (၄၅)နှစ်သက်တမ်းရှိ ခနောက်စိမ်းသန့်စင်ရုံကို တည်ဆောက်နိုင်ရန်နှင့် စက်ရုံကို မီးခိုးထွက်မှုမရှိသလောက်နည်းပါးသော သန့်စင်သည့်နည်းပညာ အသုံးပြုတည်ဆောက်မည် ဖြစ်ကြောင်း လည်း ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ကြခြင်း ဖြစ်သည်။
စက်ရုံတည်ဆောက်ခြင်းဖြင့်ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မည့်အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ကြရန် နှင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း အဆင့်ဆင့်ရေးဆွဲတင်ပြရန်လည်း အစိုးရအဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_31 August 2022
မဲခေါင်–လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၁၈)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအတွက် အသုံးပြုရန် ဆောက်လုပ်ပြီးစီးခဲ့သည့် မဲခေါင်–လန်ချန်း စီမံကိန်း သတင်း အချက်အလက် ဗဟိုဌာန အဆောက်အဦကို ဩဂုတ်လ (၃၀)ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း(၂၀၁၈)ကို မူလက ၂၀၂၁ ခုနှစ်ထိသာ ဆောင်ရွက်ရန်ဖြစ်သော်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၂ ခုနှစ်အထိ ကာလပြောင်းလဲ ဆောင်ရွက်ခဲ့ရကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုဗစ် -၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲ သက်ရောက်မှုများ၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများနှင့် နိုင်ငံတကာစီးပွားရေး မတည်ငြိမ်မှုများ ကြောင့် စားနပ်ရိက္ခာဖူလုံရေးမှာ အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်လာရာတွင် သတင်းအချက်အလက်ဌာနအနေဖြင့် မဲခေါင်-လန်ချန်းဒေသတွင်းနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် လုံလောက်သည့် အသင်း အချက်အလက် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
မဲခေါင်–လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အနေဖြင့် မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများ အကြား သတင်းအချက်အလက်ဖလှယ်မှု စင်္ကြန်မှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် လယ်ယာကဏ္ဍ ကျေးလက်ကဏ္ဍဆိုင်ရာ စီမံကိန်းအချက် အလက်များ ညွှန်းကိန်းများကို အပြန်အလှန်ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများပါဝင်သော မဲခေါင်- လန်ချန်းနိုင်ငံများအကြား အပြန်အလှန်လေးစားမှု ယုံကြည်မှု တန်းတူညီမျှရှိမှု၊ တစ်ဦးပေါ်တစ်ဦး နားလယ်ပေးနိုင်မှု စသည်တို့အပေါ်အခြေခံသည့် ချစ်ကြည် ရင်းနှီးမှုနှင့် နွေးထွေးသော ဆက်ဆံမှုများကို အခြေပြုပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်း(၃၁)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုနေပြည်တော်၌ ဖွင့်သည့် မဲခေါင်–လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန လုပ်ငန်းမှာ စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_31 August 2022
ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် မတည်ထားသော ငွေကျပ် ၈ ဘီလီယံကို စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းလုပ်ငန်းများ အမြန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းအပြင် မြစိမ်းရောင်စီမံကိန်းပုံဖြင့် ကျေးရွာများ ရွေးချယ်သတ်မှတ်၍ အရင်းမပျောက်မတည်ငွေဖြင့် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းစဉ်များ၊ အတိုးနှုန်းနှင့် ချေးငွေသက်တမ်း သတ်မှတ် ဆောင်ရွက်နိုင်ရေး စသည်တို့ကိုလည်း လုပ်ဆောင်နိုင်ရန် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတိုက စီစဉ်နေကြောင်း သိရသည်။
ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ ဘဏ္ဍာလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သြဂုတ်လ ၃၀ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
Published 31 Aug 2022
ဆော်ဒီအာရေဗျ တရားရုံးတစ်ခုက ဆိုရှယ်မီဒီယာမှာ ပို့စ်တွေတင်တဲ့ အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၄၅ နှစ် ချခဲ့တယ်လို့ လူ့အခွင့်အရေးအုပ်စုတစ်စုက ပြောတဲ့အကြောင်း ရိုက်တာကသတင်းရေးသားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဆော်ဒီအာရေဗျကို လာရောက်လည်ပတ်ပြီးနောက်ပိုင်းမှာ လှုပ်ရှားတက်ကြွသူ အမျိုးသမီးတစ်ဦးတွေကို နှိပ်ကွပ်ရာမှာ ဒါဟာ နောက်ဆုံးနမူနာတစ်ခုဖြစ်တယ်လို့ သူတို့ကပြောပါတယ်။
ဆော်ဒီအထူးရာဇဝတ်တရားရုံးက နိုရာဘင့် ဆာအက်အယ်လ် ကွာတနီဟာ ဆော်ဒီရဲ့ လူမှုအဆောက်အအုံကို ဆုတ်ဖြဲပစ်ဖို့ အင်တာနက်ကိုသုံးခဲ့တယ်လို့ တရားရုံးကပြောပါတယ်။ ပြီးတော့ သူမဟာ ဆိုရှယ်မီဒီယာသုံးပြီး အများပြည်သူဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ဝါရှန်တန်အခြေစိုက် ဒေါင်း DAWN အဖွဲ့အစည်းက တရားရုံးစာရွက်စာတမ်းတွေကို ကိုးကားပြီး သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဆော်ဒီအစိုးရမီဒီယာက ရိုက်တာရဲ့ မေးမြန်းချက်ကို မတုန့်ပြန်ဘူးလို့ သတင်းမှာရေးသားထားပါတယ်။
ဆဲလ်မာ အယ်လ်ရှီဟက်ဆိုတဲ့ ကလေးနှစ်ယောက်မိခင်နှင့် ဗြိတိန်လိဒ်တက္ကသိုလ်ဒေါက်တာဘွဲ့ရ အမျိုးသမီးတစ်ဦးဟာ ကွာတနီမတိုင်ခင်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က သဘောထားကွဲလွဲသူတွေနှင့် လှုပ်ရှားတက်ကြွသူတွေရဲ့ တွစ်တာပို့စ်တွေကို ဖော်လို လုပ်တာ ပြန်ပြီး ဖော်ပြ ရီတွိလုပ်တာတွေလုပ်ခဲ့လို့ ထောင်ဒဏ် ၃၅ နှစ် ကျခံခဲ့ရပါသေးတယ်။
အမေရိကန်လူ့အခွင့်အရေးအုပ်စု DAWN က ကွာတနီဟာ ဘယ်လိုပို့စ်တွေရေးခဲ့တယ်ဆိုတာ သိပ်မသိတဲ့အတွက် သူ့အမှုကို ဆက်လက်လေ့လာစုံစမ်းမှုတွေပြုလုပ်နေတယ်လို့ပြောပါတယ်။
Source: Reuters
#Saudi_Arabia
#Saudi_woman
#Social_media
#World_Energy
Published 31 August 2022
ပြင်သစ်ကုမ္ပဏီ'အန်ဂျီ'က ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom ထံမှ ဓာတ်ငွေ့ဝယ်ယူရာမှာ ဇူလိုင်လအတွက် ငွေအပြည့်ပေးချေဖို့ ပျက်ကွက်ခဲ့တာကြောင့် ဓာတ်ငွေ့ပေးပို့မှု ရပ်ဆိုင်းသွားမယ်လို့ Gazprom က အင်္ဂါနေ့မှာအတည်ပြုကြေညာလိုက်ပါတယ်။
ပေးပို့ထားတဲ့ ဓာတ်ငွေ့များအတွက် ငွေအပြည့်မပေးမချင်း စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဓာတ်ငွေ့တင်ပို့မှုရပ်တန့်သွားမယ်လို့ Gazprom က အန်ဂျီကုမ္ပဏီကို အသိပေးအကြောင်းကြားခဲ့ပါတယ်။
အင်္ဂါနေ့ညနေက ပြင်သစ်ကုမ္ပဏီဘက်ကနေ ငွေပေးချေဖို့ ပျက်ကွက်ခဲ့ပြီးနောက် ရုရှားဥပဒေများအရ ဓာတ်ငွေ့ဆက်လက်မတင်ပို့နိုင်တော့ပါဘူး။
Bloomberg သတင်းဌာနတင်ပိုချက်အရ စာချုပ်ပါအချက်အလက်များအတိုင်း နှစ်ဘက်နိုင်ငံကြား သဘောတူညီမှုမရှိခဲ့ဘဲ ဓာတ်ငွေ့တင်ပို့မှုလျှော့ချသွားမယ်လို့ Gazprom က အသိပေးခဲ့ပြီးဖြစ်ကြောင်း 'အန်ဂျီ'ကုမ္ပဏီက သတိပေးလိုက်ပါတယ်။
သဘောမတူညီရတဲ့ အကြောင်းအရင်းအတိအကျကို မဖော်ပြထားသလို ဓာတ်ငွေ့တင်ပို့မှု ဘယ်လောက်ထိကန့်သတ်လျှော့ချမလဲဆိုတာလည်း အတိအကျမသိရပါဘူး။
ရုရှားဟာ ဓာတ်ငွေ့တင်ပို့မှုကို လက်ကိုင်တုတ်အဖြစ် အသုံးချနေတာဖြစ်ကြောင်း ပြင်သစ်စွမ်းအင်ဝန်ကြီး'အက်ဂ်ညက်ပန်ညာရူနာရှာ'က အင်္ဂါနေ့က စွပ်စွဲလိုက်ပါတယ်။
ဓာတ်ငွေ့ရရှိမှု လုံးဝရပ်တန့်သွားနိုင်တဲ့ အဆိုးဆုံးအခြေအနေများအတွက် ပြင်သစ်အနေနဲ့ ပြင်ဆင်ထားရမှာဖြစ်ကြောင်း Gazprom ဘက်က မကြေညာခင်ကတည်းက ဝန်ကြီးက သတိပေးခဲ့ပါတယ်။
တိုင်းပြည်အတွက် ဓာတ်ငွေ့အခြေခံလိုအပ်ချက်များနဲ့ ပြည့်မီအောင် ထိန်းသိမ်းထားရမှာဖြစ်ပြီး Gazprom မှ ဓာတ်ငွေ့တင်ပို့မှုလျှော့ချခြင်းကြောင့် သက်ရောက်လာနိုင်တဲ့ စီးပွားရေးနဲ့ လက်တွေ့အခြေအနေများကို ထိရောက်စွာလျှော့ချနိုင်ဖို့ ပြင်ဆင်ရမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ဥရောပတိုက်အတွက် အဓိကဓာတ်ငွေ့ထောက်ပံ့တဲ့ ရုရှားနိုင်ငံက တင်ပို့မှုလျှော့ချနိုင်လာတဲ့ အခြေအနေတွေကြား ဓာတ်ငွေ့သိုလှောင်ထားနိုင်ရန် ဥရောပသမဂ္ဂအစိုးရများ ကြိုးပမ်းနေကြပါတယ်။
လုပ်ငန်းလည်ပတ်နိုင်မယ့် ကွန်ပရက်ဆာတစ်ခုတည်းရှိတဲ့ နော့ဒ်စထရင်းမ်(၁)ပိုက်လိုင်းကို ပြုပြင်ထိန်းသိမ်းရန်အတွက် ဩဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့အထိ ရပ်နားထားမယ်လို့ Gazprom က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
'အန်ဂျီ'ကုမ္ပဏီမှ အမှုဆောင်ဒုဥက္ကဌ'ကလဲဝေးဆန်း'က ပြင်သစ်မှာ ဓာတ်ငွေ့သိုလှောင်မှု ၉၀ ရာခိုင်နှုန်းရှိနေပြီး ဆောင်းရာသီအတွက် လုံလောက်မှုရှိတယ်လို့ တနင်္လာနေ့မှာ အသိပေးခဲ့ပါတယ်။
Source: RT
#Yangon_Media_Group
#Local_News
Published _ 31 August 2022
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်မည့် မြန်မာလုပ်သား ၂၂၀ ဦးဟာ ဩဂုတ်လ ၃၀ ရက်နှင့် ၃၁ ရက်မှာ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။
ဩဂုတ်လ ၃၀ ရက်မှာ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၁၁ ဦးဟာ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဩဂုတ်လ ၃၁ ရက်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားသစ် ၂၉ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၅၂ ဦးနှင့် ကုန်ထုတ်လုပ်သားသစ် ၂၈ဦး၊ စုစုပေါင်း ၁၀၉ဦးဟာ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။
ရောက်ရှိလာသည့် မြန်မာလုပ်သားတွေကို အလုပ်သမားသံအရာရှိမှ ကြိုဆိုပြီး အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်တာများ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားအစိုးရအနေနှင့် မြန်မာလုပ်သားများကို တရားဝင်ပြန်လက်ခံနေ ပြီး ယခုဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦးကို တရားဝင်ဝင်ခွင့်ပြုခဲ့သည်။
#ymg/NN
#Yangon_Media_Group
#World_Health
Published 31 August 2022
ဘက်တီးရီးယားပိုးကူးစက်ဝင်ရောက်တဲ့အခါ ကျွန်ုပ်တို့ဟာ ပိုးသတ်ဆေးသောက်သုံးလေ့ရှိကြပါတယ်။
အယ်လ်ကိုဟောပုံမှန်သောက်သုံးလေ့ရှိသူတွေက ပိုးသတ်ဆေးသောက်ရတဲ့ အချိန်မျိုးမှာ တွဲဖက်သောက်သုံးသင့်သလားဆိုတာကို သိပ်ပြီး မသဲကွဲကြပါဘူး။
ဒါကြောင့် ပိုးသတ်ဆေးသောက်ရတဲ့ ရက်တွေမှာ အရက်သေစာနဲ့ပတ်သက်ပြီး သိထားသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆေးသောက်တဲ့အခါ ဆေးဘူးထဲကပါတဲ့ အညွှန်းစာရွက်ကိုကြည့်ပြီး အသေးစိတ်များကို လေ့လာသင့်ပါတယ်။
သာမန်ပိုးသတ်ဆေးတွေသောက်တဲ့အခါ များသောအားဖြင့်တော့ အယ်လ်ကိုဟောအနည်းငယ်မျှ သောက်သုံးခြင်းက ပြဿနာမဖြစ်စေနိုင်ဘူးလို့ NHS က အဆိုပြုထားပါတယ်။
ဒါပေမဲ့ နေလို့ထိုင်လို့မကောင်းတဲ့အခါမျိုးမှာတော့ အရက်သေစာရှောင်ရှားတာ အကောင်းဆုံးပါပဲ။
အရက်က ပိုးသတ်ဆေးထိရောက်မှု လျော့နည်းအောင် ပြုလုပ်နိုင်တယ်လို့ ကျွမ်းကျင်သူအချို့က ဆိုပါတယ်။
အရက်ကြောင့် အားအင်ကုန်ခမ်းသလို ဝေဒနာသက်သာဖို့ ကြာတတ်ပါတယ်။
ဝေဒနာကြောင့် မူးဝေမှိန်းမောတဲ့ကြားက အရက်သောက်တဲ့အခါ ပိုဆိုးသွားတတ်ပါတယ်။
မက်ထရိုနီဒဇိုးလ်၊ တိုင်နီဒဇိုးလ် သောက်တဲ့အခါမှာ အရက်ရှောင်ရှားသင့်ပါတယ်။
ထိုဆေးတွေနဲ့ အယ်လ်ကိုဟောပေါင်းစပ်မိတဲ့အခါ ပြင်းထန်လက္ခဏာများ တုံ့ပြန်ဖြစ်ပေါ်လာကာ အသက်ရှူကြပ်ခြင်း၊ ခေါင်းကိုက်ခဲခြင်း၊ ရင်ဘတ်နာခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ မူးဝေအော့အန်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။
ကိုထရိုင်မောက်ဇာဇိုးလ်၊ လိုင်ဇိုလစ်ဒ်၊ ဒေါက်စီဆိုက်ကလင်း၊ အရစ်သရိုမိုင်ဆင်တို့ဟာလည်း အရက်နဲ့တွေ့တဲ့အခါ တစ်ခါတရံလက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။
မက်ထရိုနီဒဇိုးလ်သောက်ပြီး ၂၄ နာရီအကြာအထိ အယ်လ်ကိုဟောရှောင်ကြဉ်သင့်ပြီး တိုင်နီဒဇိုးလ်သောက်ပြီး ၇၂ နာရီကြာသည်အထိ အယ်လ်ကိုဟော ရှောင်ရှားသင့်ပါတယ်။
ထိုဆေး ၂ မျိုးသောက်ထားချိန် အရက်သေစာသောက်ခြင်းဖြင့် ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်သံမမှန်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောပြထားပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published - 31 August 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာဓါတ်ဆီစျေးဆက်လက်မြင့်တက်နေပြီး ဒီဇယ်စျေးအနည်းငယ် ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
ယနေ့(သြဂုတ် 31) ရက် စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာကို ၂၅၇၀ ကျပ်၊ 95 တစ်လီတာကို ၂၆၇၀ ကျပ်၊ 97 တစ်လီတာကို ၃၂၄၅ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၃၃၀ ကျပ်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့(သြဂုတ် ၃၀) စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာကို ၂၄၉၅ ကျပ်၊ 95 တစ်လီတာကို ၂၆၃၅ ကျပ်၊ 97 တစ်လီတာကို ၃၂၅၅ ကျပ်၊
ဒီဇယ်နှင့်ပရီမီယံဒီဇယ်တစ်လီတာကို ၃၃၃၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်း ဖြင့်ရောင်းချပေး နေကြောင်းစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_31 August 2022
ငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၃၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းရန် MNA က အရောင်းကိုယ်စားလှယ်များအားအကြောင်းကြားထားကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ် ဟု သတ်မှတ်ထားသော်လည်း နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ကမူ တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ဖြင့်ပေးသွင်းရန် အကြောင်းကြားခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာတွင် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် အရောင်းကိုယ်စားလှယ်များ၏ လေယာဉ်လက်မှတ် ရောင်းချမှုများအတွက် USD Deposit ပေးသွင်းခြင်းကို Exchange Rate 1 USD @ 3000 MMK ဖြင့် ညီမျှသော ကျပ်ငွေကို ငွေသား (သို့မဟုတ်) Mobile & I Banking ဖြင့် အောက်ပါ ဘဏ်စာရင်းများသို့ ဩဂုတ်လ (၃၀) ရက်နေ့ ညနေ (၄)နာရီမှစတင်၍ ပေးသွင်းရမည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။
ယင်းအပြင် ဘဏ်စာရင်းများနှင့် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုရှိပါက ထပ်မံအသိပေး အကြောင်းကြားပါမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 31 August 2022
မြေပဲစားသုံးတဲ့အခါ ဗိုက်ပြည့်ဝနေစေပြီး အစာထပ်မစားချင်တော့တာကြောင့် ကယ်လိုရီအဝင်နည်းကာ ကိုယ်အလေးချိန်ကျစေကြောင်း အများအပြား လေ့လာတွေ့ရှိထားပါတယ်။
အဟာရတန်ဖိုးဘယ်လောက်ပဲဖြစ်ဖြစ် အဆီစားမိခြင်းက ဗိုက်ပြည့်ဝစေတာလားဆိုတာကို နောက်ထပ်လေ့လာခဲ့ကြပါတယ်။
အဲဒီနောက် အာလူးချောင်းကြော်ရဲ့ သက်ရောက်မှုကို လေ့လာခဲ့ပါတယ်။
အဆီများစွာပါဝင်ပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အာလူးချောင်းကြော်တွေကို ဗာဒံစေ့နဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
ဗာဒံစေ့တွေက ပရိုတိန်း၊ ဗိုက်တာမင်၊ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကောင်းကျိုးပြုအဆီ ၆၀ ရာခိုင်နှုန်း ပိုမိုပါဝင်ပါတယ်။
အာလူးချောင်းကြော် ၃၀၀ ကယ်လိုရီ သို့မဟုတ် ဗာဒံစေ့ ၃၀၀ ကယ်လိုရီကို စမ်းသပ်မယ့်လူတွေအား စားသုံးစေခဲ့ပါတယ်။
သူတို့ရဲ့ ကိုယ်အလေးချိန်၊ အဆီပါဝင်မှုရာခိုင်နှုန်း၊ ဆီးချိုအဖြေများကို မှတ်တမ်းတင်ထားပါတယ်။
ရက် ၃၀ ကြာပြီးနောက် ကိုယ်အလေးချိန်ကွာခြားခြင်းမရှိသလို ဆီးချိုတိုးလာခြင်းလည်း မရှိပါဘူး။
"လှော်ထားတဲ့ဗာဒံစေ့တွေက ကယ်လိုရီများတယ်လို့ လူအများကထင်ကြပေမယ့် တကယ်တော့မဟုတ်ပါဘူး၊ လှော်ထားတဲ့ဗာဒံစေ့ပဲဖြစ်ဖြစ် မလှော်ထားတာပဲဖြစ်ဖြစ် ဗာဒံစေ့ ၁၀၀ ဂရမ်တိုင်းမှာ ၅၈၀ မှ ၆၂၀ ကယ်လိုရီပါဝင်ပါတယ်"လို့ ဒေါက်တာ'မိုင်ယာရိုစ်မန်'က ရှင်းပြပါတယ်။
"အဟာရတန်ဖိုးအရကြည့်ရင် ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေ ကွာခြားမှုမရှိပါဘူး၊ ဖက်တီးအက်ဆစ်နဲ့ ပရိုတိန်းတွေလည်း မကွာခြားကြပါဘူး" လို့ ပြောပြပါတယ်။
တစ်ခုတည်းသောကွာခြားချက်က ဆားပါဝင်မှုပမာဏပါပဲ။
ဗာဒံစေ့လှော် ၁၀၀ ဂရမ်မှာ ဆိုဒီယမ် ၁၀၀ မီလီဂရမ်ပါဝင်ပြီး ဒီဆားပမာဏက လက်ဘက်ရည်ဇွန်းတစ်ဇွန်းရဲ့ ၁၀ ပုံ ၁ ပုံထက်တောင် နည်းပါးပါသေးတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published-31 Aug 2022
စစ်အေးတိုက်ပွဲကို သွေးထွက်သံယိုမှုမရှိ အဆုံးသတ်နိုင်ခဲ့ပေမယ့် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတာကို ဟန့်တားနိုင်စွမ်း မရှိခဲ့တဲ့ မီခေးလ်ဂေါ်ဘာချော့ဗ်ဟာ အသက်၉၁နှစ်အရွယ် မှာ အင်္ဂါနေ့က ကွယ်လွန်ခဲ့တယ်လို့ မော်စကိုက ဆေးရုံအရာရှိ တွေကပြောပါတယ်။
ဆိုဗီယက်ရဲ့ နောက်ဆုံးသမ္မတဖြစ်ခဲ့တဲ့ ဂေါ်ဘာချော့ဗ်ဟာ အမေရိကန်ပြည်ထောင်စုနှင့် လက်နက်ယှဉ်ပြိုင်မှုလျော့ချနိုင်ခဲ့ပြီး အနောက်နိုင်ငံတွေနှင့် မိတ်ဖက်လုပ်ကာ ဒုတိယကမ္ဘာစစ်ကတည်းက ဥရောပကိုပိုင်းခြားခဲ့တဲ့ သံမဏိလိုက်ကာကြီးကို ဖယ်ရှားနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးတော့ ဂျာမနီပြန်လည်ပေါင်းစည်းရေးကိုလည်း ဆောင်ကြဉ်းနိုင်ခဲ့သူပါ။
ဒါပေမယ့် သူ့ရဲ့ပြည်တွင်းပြုပြင်ပြောင်းလဲမှုဟာ သမ္မတပူတင်က “နှစ်ဆယ်ရာစုရဲ့ အကြီးကျယ်ဆုံး နိုင်ငံရေး ကပ်ဘေးကြီး” လို့ ဆိုခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးကို ချိနဲ့သွားစေပြီး ပြိုလဲပျက်စီးသွားစေခဲ့ပါတယ်။
“မီးခေးလ်ဂေါ်ဘာချော့ဗ်ဟာ ပြင်းထန်ပြီး နာတာရှည်ဖြစ်နေတဲ့ရောဂါတစ်ခုနှင့် ကွယ်လွန်သွားပါတယ်” လို့ ရုရှား ဗဟိုဆေးရုံကြီးက ပြောပါတယ်။
ပူတင်က သူ့ရဲ့ အနက်ရှိုက်ဆုံးဝမ်းနည်းကြေကွဲမှုကို ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့က အင်တာဖက်သတင်းဌာနကိုပြောပါတယ်။ မနက်ဖန်မှာ သူ့မိသားစုနှင့်မိတ်ဆွေများထံ ဝမ်းနည်းကြောင်း သတင်းစကား တယ်လီဂရမ်နှင့်ပါးပါလိမ့်မယ်” လို့ သူကပြောပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေက သူ့သေဆုံးမှုအတွက် ချက်ခြင်းပဲ သူ့ကိုသတိတရစကားတွေပြောဆိုခဲ့ကြပါတယ်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယင်က ၁၉၉၀ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ ဂေါ်ဘာချော့ဗ်ဟာ လွတ်လပ်တဲ့ ဥရောပကို လမ်းဖွင့်ပေးခဲ့သူလို့ ချီးကျူးလိုက်ပါတယ်။
ဆိုဗီယက်လူ့အဖွဲ့အစည်းကို ဖွင့်ပေးလိုက်တဲ့ မမောမပမ်းနိုင်တဲ့ ကတိကဝတ်တွေဟာ ယခုတိုင် ကျွန်တော်တို့အားလုံး အတွက် နမူနာတစ်ခုဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ကပြောပါတယ်။
ယခုအထိတော့ အမေရိကန်နှင့်အိမ်ဖြူတော်ထံက ဘာတစ်ခုမှတုန့်ပြန်မှုမရှိသေးပါဘူး။
Source Reuters
#Mikhail_Gorbachev
#Mikhail_Gorbachev_died
#Soviet_Union




Page 1485 of 1847