Published 12 Oct 2022
တိုရိုတာမော်တော်ကားကုမ္ပဏီက ၁၉လကြာ နှောင့်နှေးခဲ့ပြီးမှ ရန်ကုန်မြို့အနီးက ယင်းရဲ့ တပ်ဆင်စက်ရုံစတင်လည်ပတ်နေပြီလို့ နီကေးအေးရှားက သတင်းရေးသားပါတယ်။
အဆိုပါစက်ရုံဟာ သီလဝါ အထူးစီးပွားရေးဇုန်မှာတည်ရှိပြီး ယခင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စတင်လည်ပတ်ရန် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဩဂုတ်လကုန်ပိုင်းမှာတော့ တိုယိုတာဟာ အထူးစီးပွားရေးဇုန်အာဏာပိုင်တွေထံ စက်ရုံစတင်လည်ပတ်မယ့် အစီအစဉ်ကိုတင်ပြခဲ့ပါတယ်။ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်အရ ဟိုင်းလပ် ပစ်ကပ်ကားတပ်ဆင်ထုတ်လုပ်တဲ့အဆိုပါ စက်ရုံဟာ စက်တင်ဘာမှာ ထုတ်လုပ်မှုကို အရေအတွက် အနည်းငယ်နှင့် စတင်ခဲ့တယ်လို့သိရပါတယ်။ လစဉ် ထုတ်လုပ်မှုဟာ ဒါဇင်အနည်းငယ်ပဲရှိပါသေးတယ်။
အင်္ဂါနေ့မှာတော့ မြန်မာနိုင်ငံက တိုရိုတာ အရောင်းလုပ်ငန်းတွေက ဟိုင်းလတ်ပစ်ကပ် အော်ဒါတွေ စတင်လက်ခံနေပြီလို့ ကြေညာခဲ့ပါတယ်။
နီကေးက ဆက်သွယ်မိတဲ့ အရောင်းလုပ်ငန်းတစ်ခုကတော့ ထုတ်လုပ်တဲ့ အရေအတွက်က ကန့်သတ်ထားတဲ့အတွက် ကားဘယ်အချိန်ရမယ်ဆိုတာ အာမမခံနိုင်ဘူးလို့ပြောပါတယ်။
၂၀၁၉ခုနှစ် မေလမှာကြေညာခဲ့တဲ့ မူလအစီအစဉ်အရ တိုယိုတာဟာ အဆိုပါစက်ရုံအတွက် ဒေါ်လာ ၅၂.၆သန်း ရင်းနှီး မတည်ရန်ရှိပြီး တစ်နှစ်ကို ဟိုင်းလပ်ပစ်ကတ်ကား အစီးရေ ၂၅၀၀ထုတ်လုပ်ဖို့ လျာထားခဲ့ပါတယ်။ တိုယိုတာမြန်မာ ကုမ္ပဏီကို တိုယိုတာက ၈၅ ရာခိုင်နှုန်းနှင့် တိုယိုတာ ဆူရှိုက ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်တာဖြစ်ပါတယ်။
Source: Nikkei_Asia
#Toyota_Myanmar
#Thilawa_SEZ
#Hilux_Pickup
Published 12 Oct 2022
ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဖြစ်သူ ဦးစန်းလွင်ဟာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက် မနက်မှာ နေပြည်တော်မှာ ကွယ်လွန်သွားတယ်လို့သိရှိရပါတယ်။
ဦးစန်းလွင်ဟာ ကွယ်လွန်ချိန်မှာ အသက် (၇၁)နှစ်ရှိပြီးဖြစ်ပြီး နှလုံးသွေးကြောပိတ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ကွယ်လွန်သူနှင့် နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဦးစန်းလွင်ဟာ ၂၀၂၁ခုနှစ် မတ်လ(၄)ရက်နေ့မှာ ဒုတိယရှေ့နေချုပ်အဖြစ်လည်းကောင်း၊အဆိုပါနှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့မှာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရတာဖြစ်ပါတယ်။
-ymg/knl
Published 11 Oct 2022
ပြင်သစ်ရဲ့ ကြီးမားတဲ့ ရေနံကုမ္ပဏီကြီးဖြစ်တဲ့ တိုတယ်လ်စွမ်းအင်ကုမ္ပဏီရဲ့ အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြနေကြတဲ့ အတွက် ပြင်သစ်နိုင်ငံတစ်လွှားက ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီတွေ လက်ကျန်အတော်နည်းနေတဲ့ ပြဿနာနှင့် ရင်ဆိုင်နေကြရပါတယ်။
အစိုးရက စေ့စပ်ညှိနှိုင်းဖို့ပြောနေတဲ့ကြားထဲက တိုတယ်လ်ရဲ့ အလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြနေကြတာဟာ ရက်သတ္တပတ် (၃)ပတ်ရှိပြီဖြစ်ပါတယ်။
ပြင်သစ်ရဲ့ ဓာတ်ဆီဆိုင်တွေရဲ့ ၃၀ရာခိုင်နှုန်းခန့်ဟာ ဆီတွေအကုန်ပြတ်လပ်နေတာ ဒါမှမဟုတ် လောင်စာဆီ တစ်မျိုးမျိုး ပြတ်လတ်နေတာနှင့်ကြုံနေကြရပါတယ်။ အဲဒါကြောင့် ဆိုင်တွေမှာ ဆီလာထည့်တဲ့ ကားတန်းတွေဟာ အရှည်ကြီးဖြစ်နေပြီး ယာဉ်မောင်းတွေဟာ ကြံရာမရဖြစ်နေကြရပါတယ်။
လစာကိစ္စနှင့်ဆက်စပ်ပြီး ဆန္ဒပြနေကြသူတွေကို အလုပ်ပြန်ဆင်းကြဖို့ လစာကိစ္စဆွေးနွေးမယ်လို့ ကုမ္ပဏီက တနင်္ဂနွေနေ့က သဘောတူခဲ့လို့ ဆန္ဒပြတာတွေရပ်သွားနိုင်တယ်လို့တော့ မျှော်လင့်နေကြပါတယ်။
လောင်စာဆီဈေးနှုန်းတွေနှင့်ငွေကြေးဖောင်းပွမှုတွေမြင့်တက်နေတာကြောင့် ပြင်သစ်အိမ်ထောင်စုတွေ ဝယ်လိုအားတွေဆုတ်ယုတ်နေချိန်မှာ ယခု ဓာတ်ဆီအကျပ်အတည်းထပ်မံပေါ်ပေါက်နေတာဖြစ်ပါတယ်။
Source AFP
#France_Petrol_Crisis
#France_Energy_Crisis
#TotalEnergies_Strikes
Published 11 Oct 2022
ငြိမ်းချမ်းရေးဆွေးနွေးရာတွင် နိုင်ငံရေးအရဖြစ်ပေါ်နေတဲ့ သဘောထားကွဲလွဲမှုတွေကို ဘယ်လိုကန့်သတ်ချက်မှ မထားရှိဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဖိတ်ခေါ်တာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲတို့ ယနေ့ အောက်တိုဘာ (၁၁)ရက်နေ့တွင် နေပြည်တော်မှာ တွေ့ဆုံခဲ့ရာမှာ နစကဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အကြေအလည်ဆွေးနွေးပါမယ်။ ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး အမြင်ကျယ်ကျယ် ဖြင့် လေးလေးနက်နက်ဆွေးနွေးပေးစေချင်ပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ဆက်ပြောပါတယ်။
အဲဒီနောက် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် အဖွဲ့ဝင်တွေက ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ မည်သည့်ကန့်သတ်ချက်မှမထားရှိဘဲ လွတ်လပ်စွာဆွေးနွေးရမှာဖြစ်လို့ အားရကျေးဇူးတင်ကြောင်းနှင့် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် သဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးအရသာ ဆွေးနွေးဖြေရှင်းရေးကိုလည်း ရပ်တည်လျက်ရှိတဲ့ အခြေအနေတွေကို သဘောထားအမြင်ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ချူပ်ကြီးမြထွန်းဦး၊ဒုတိယဗိုလ်ချူပ်ကြီးမိုးမြင့်ထွန်း၊ဒုတိယဗိုလ်ချူပ်ကြီးရာပြည့်၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နှင့် ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်း တို့တက်ရောက်ခဲ့ကြပါတယ်။
မွန်ပြည်သစ်ပါတီ(NMSP)ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် နစက ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမးရေးဆွေးနွေးမှုကော်မတီတို့နှင့် ဆက်လက်ဆွေးနွေးကြမယ်လို့ သတင်းရရှိပါတယ်။
Ymg/knl
#Peace_Talk_Myanmar
#Myanmar
#NMSP_SAC
Published 11 Oct 2022
ဂျပန်နိုင်ငံမှာ စတားလင့်ခ် Starlink အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို စတင်နေပြီလို့ အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်ရဲ့ စပေ့ရှ်အိတ်စ် SpaceXကုမ္ပဏီကကြေညာပါတယ်။
စတားလင့်ခ်ဟာ ဂျပန်နိုင်ငံရဲ့ တောင်ထူထပ်တဲ့ဒေသတွေနှင့် အင်တာနက် မရတစ်ချက် ရတစ်ချက်ဖြစ်နေပြီး ဆက်သွယ်ရခက်ခဲတဲ့ ကျွန်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်။
စပေ့ရှ်အိတ်စ်က ယင်းရဲ့ တွစ်တာစာမျက်နှာကနေ ကြေညာတာဖြစ်ပါတယ်။ တရားဝင်ဝက်ဆိုက်မှာပါတဲ့ အချက်အလက်တွေအရ စပေ့ရှ်အိတ်စ်အင်တာနက်ရဲ့ လစဉ်ကြေးဟာ ၈၄ ဒေါ်လာ ( ၁၂၃၀၀ ယန်း)ဖြစ်ပါတယ်။ အဲဒီအပြင် ဟာ့ဒ်ဝဲကုန်ကျစရိတ်ကလည်း ယန်းငွေ ၇၃၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။
စတားလင့်ခ်ဟာ ဂြိုဟ်တုကနေတစ်ဆင့် မြန်နှုန်းမြင့်ပြီး စောင့်ဆိုင်းချိန်နည်းပါးတဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ကို ဆောင်ရွက်ပေးနေပါတယ်။ ရုရှားတိုက်ခိုက်ပြီးကတည်းက ယူကရိန်းမှာ စတားလင့်ခ်ရဲ့ ဂြိုဟ်တုအင်တာနက်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။
ဥရောပနှင့် အမေရိကန်အပြင် အာရှနှင့် အခြားဒေသတွေကိုပါ ဂြိုဟ်တုအင်တာနက်လုပ်ငန်းဝန်ဆောင်မှုပေးဖို့ စတင်းလင့်ခ်က စီစဉ်နေပါတယ်။
ဖိလစ်ပိုင်မှာ အစိုးရဟာ ယင်းရဲ့ အခမဲ့ ဝိုင်ဖိုင်အစီအစဉ်အတွက် စတားလင့်ခ်ကို စာရင်းသွင်းဖို့ စဉ်းစားနေပါတယ်။ စပေ့ရှ်အိတ်ခ်ဟာ ဒီဇင်ဘာနောက်ဆုံးထားပြီး စီးပွားဖြစ်လုပ်ငန်းဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်လို့ ကုမ္ပဏီရဲ့ အစိုးရဆက်ဆံရေး အကြီးတန်းအရာရှိ ရီဘက်ကာဟန်တာကပြောပါတယ်။
Source: Nikkei Asia
#Starlink internet
#Japan_Internet
#Elon_Musk
Published 10 Oct 2022
အမေရိကန်သမ္မတဟောင်းက တတိယကမ္ဘာစစ်နှင့်အဆုံးသတ်ကြရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ အာရီဇွန်နာ ပြည်နယ်၊ မီဆာမြို့က လူထုဟောပြောပွဲတစ်ခုမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။ “ယူကရိန်းက စစ်ပွဲကို ငြိမ်းချမ်းစွာအဆုံးသတ်ဖို့ လက်ငင်းစေ့စပ်ညှိနှိုင်းမှုတွေ ကျွန်တော်တို့ တောင်းဆိုရမယ်။ ဒါမှမဟုတ်ရင် ကျွန်တော်တို့ တတိယကမ္ဘာစစ်ပွဲနှင့် အဆုံးသတ်ကြရလိမ့်မယ် “လို့ ထရမ့်က သတိပေးခဲ့ပါတယ်။
Source AFP
#Donald_Trump
#World_War_Three
#Russia_Ukraine
Published 10 October 2022
ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိဗ်အပါအဝင် မြို့တော်တော်များများ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်လို့ ယူကရိန်းသမ္မတရုံးက ကြေညာပါတယ်။
ခရိုင်းမီးယားကို ဆက်သွယ်တဲ့ တံတားပေါ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီလုပ်ရပ်အပေါ် ရုရှားက အပြစ်တင်အပြီး နောက်တစ်ရက်မှာ ဒုံးကျည်တိုက်ခိုက်မှုတွေပေါ်ပေါက်ခဲ့တာပါ။
ယူကရိန်းဟာ ဒုံးကျည်တိုက်ခိုက်မှုတွေခံရတယ်။ နိုင်ငံရဲ့ မြို့တော်တော်များများ အတိုက်ခိုက်ခံရတာဖြစ်တယ်။ အမိုးအောက်မှာနေကြပါ လို့ သမ္မတရုံးဒုတိယအကြီးအကဲ ကိုင်လိုတိုင်မိုရှန်ကိုက ဆိုရှယ်မီဒီယာမှာပြောပါတယ်။
ကိဗ်ကို ရုရှား နောက်ဆုံးတိုက်ခိုက်ခဲ့တာက ဇွန်လ ၂၆ ရက်နေ့ကဖြစ်ပါတယ်။
မြို့တော်ဟာ ရုရှားအကြမ်းဖက်တိုက်ခိုက်မှုခံနေရတယ်လို့ ကိဗ်မြို့တော်ဝန် ဗီတာလီကလစ်ရှ်ကိုက ပြောပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုကြောင့် မြို့တော်မှာ ကားတွေ ပျက်စီးထိခိုက်ခဲ့တာကိုတွေ့ရပြီး လုံခြုံရေးနှင့် အရေးပေါ်တပ်ဖွဲ့တွေဟာ ဒုံးကျည်ထိမှန်တဲ့နေရာတွေမှာ ရောက်ရှိအလုပ်လုပ်နေကြပါတယ်။
Source AFP
#Kyiv_Missiles_Strike
#Ukraine
#Russia
Page 140 of 221