Published 18 Oct 2022
မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပင်လယ်ဆိပ်ကမ်းတို့ကို တည်ဆောက်ရန်စီစဉ်နေတယ်လို့ နစကဥက္ကဋ္ဌကပြောကြားပါတယ်။
အောက်တိုဘာ ၁၈ ရက် က မွန်ပြည်နယ်မော်လမြိုင်တွင် ကျင်းပသည့် မွန်ပြည်နယ်ရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး MSMEလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“မော်လမြိုင်မှာ ယခင်က ပင်လယ်ဆိပ်ကမ်းရှိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ယခုအသုံးပြုမှုမရှိတော့ပါဘူး။ အဲဒါကြောင့် မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်ချက်ရှိနေပါတယ်။ အလားတူပဲ မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်နေပါတယ်။ နောင်တစ်ချိန်မှာ မော်လမြိုင်ဒေသသကို ခရီးသွားတွေပိုမိုဝင်ရောက်လာစေဖို့နှင့် လေကြောင်းမှ ကုန်စည်စီးဆင်းမှုတွေကို မြှင့်တင်ဆောင်ရွက်ဖို့ ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ပြည်ပမှ သွင်းကုန်တွေထိန်းချုပ်ပေးတဲ့အတွက် ပြည်တွင်းစက်မှုလုပ်ငန်းတွေ အားကောင်းလာပြီး အလုပ်အကိုင်တွေ ပိုများလာကြောင်း၊နိုင်ငံတွင် ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစပြီး စီးပွားရေးကျဆင်းခဲ့ပေမယ့် ယခုအခါ နိုင်ငံရဲ့ စီးပွားရေးဟာ ပြနလည် တည်ငြိမ်ကောင်းမွန်လာပြီဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲမှာ မွန်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်တွေက လိုအပ်ချက်တွေနှင့် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးစေလိုတဲ့ အခြေအနေတွေကိုလည်းဆွေးနွေးတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
သူတို့ရဲ့တင်ပြချက်တွေထဲမှာ ရော်ဘာလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ပံ့ပိုးကူညီပေး စေလိုရေး၊ဆားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဖြင့် အစားထိုးသုံးစွဲနိုင်ရေး၊ ဆားကို ပြည်တွင်းပြည်ပရောင်းချရာမှာ အဆင့်မြင့်ဆားတွေထုတ်လုပ်နိုင်ဖို့ နိုင်ငံတော်ကကူညီပေးရေး၊ ငါးမွေးမြူရေး၊ စက်မှုဇုန်လုပ်ငန်းများနှင့် ယက်ကန်းလုပ်ငန်းများတွင် အရင်းမပျောက်မတည်ချေးငွေများနှင့် အတိုးနှုန်းသက်သာသည့်ချေးငွေတွေထုတ်ချေပေးရေး၊ သံရည်ကျိုလုပ်ငန်းနှင့် သတ္ထုထုတ်လုပ်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာရရှိစေရေးတွေပါဝင်တယ်လို့သိရပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေး၊ကုန်ထုတ်လုပ်မှု၊စွမ်းအင်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်ပြီး မွန်ပြည်နယ်အတွင်း အလားအလာများနှင့် ဆောင်ရွက်သင့်တာတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနှင့် ကုန်သွယ်မှုစာရင်းဇယားတွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ၅၀ ရာခိုင်နှုန်းခန့် ကွာဟနေတာတွေ့ရပြီး ယင်းသည် တရားမဝင်ကုန်သွယ်မှုများရှိနေခြင်းကြောင့်ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောဆိုပြီး အချို့သော EAO ဟာ တရားမဝင်ကုန်သွယ်ရေးတွေမှာ ပါဝင်လျက်ရှိနေတယ်လို့လည်း သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နစက ဥက္ကဋ္ဌဟာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အသေးစား၊အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်းMSME စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်တိုက်တွေ့ဆုံမှုတွေပြုလုပ်နေတာဖြစ်ပြီး ယမန်နေ့ကလည်း ကရင်ပြည်နယ်က လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံခဲ့ပါတယ်။
-ymg/knl
#Mon_State_Myanmar
#Myanmar_MSME
#SG_Min_Aung_Hlaing
Published 17 Oct 2022
ကရင်ပြည်နယ်ဟာ သဘာဝအလှအပများစွာရှိတဲ့အတွက် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းကို တိုးတက်အောင်ဆောင်ရွက်နိုင်စေဖို့ နိုင်ငံတော်က အားပေးဆောင်ရွက်ပေးနေတယ်လို့ နစက ဥက္ကဋ္ဌ ကပြောကြားပါတယ်။
အောက်တိုဘာ ၁၇ ရက် တနင်္လာနေ့က ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းရှင်တွေနှင့် ကရင်ပြည်နယ်ဘားအံမြို့မှာ တွေ့ဆုံရာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ အိမ်သာလျှင် ဧည့်လာမှာမို့ ဒေသတွင်း ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင်ကောင်းတွေရှိဖို့နှင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံစိတ်ချရသည့် ပြည်နယ်တစ်ခုဖြစ်ဖို့ ဒေသခံတွေနှင့် ဒေသမှာ လာရောက်အမှုထမ်းနေကြတဲ့ နိုင်ငံဝန်ထမ်းတွေအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောဆိုခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲမှာ ကရင်ပြည်နယ်ရှိ လုပ်ငန်းရှင်တွေက ယင်းတို့ရဲ့လိုအပ်ချက်တွေကိုလည်း တင်ပြခဲ့ကြတယ်လို့သိရပါတယ်။ လုပ်ငန်းရှင်တွေ တင်ပြတာတွေထဲမှာ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိလိုမှု၊ မျိုးကောင်းမျိုးသန့်လိုအပ်မှု၊ လုပ်ငန်းတွေတိုးချဲ့ဖို့ မြေလိုအပ်မှု၊ဓာတ်မြေဩဇာတွေကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိလိုမှု၊စိုက်ပျိုးရေးချေးငွေတွေ ရရှိလိုမှု၊ရာဘာလုပ်ငန်းအတွက် အဆင့်မြင့်နည်းပညာသုံးစက်ရုံတွေ လိုအပ်နေမှု၊ ဒေသပြောင်းတွေကို ပြည်ပသို့ လွယ်ကူစွာတင်ပို့နိုင်ဖို့ သတ်မှတ်ချက်တွေဖြေလျော့ပေးစေလိုမှု၊ ဘားအံတွင် ကုန်စည်ဒိုင်၊ပွဲရုံ၊ကားကြီးကွင်းတွေကို ဆောင်ရွက်ပေးစေလိုမှု၊ရေကြီးရေလျှံမှုမဖြစ်စေရေး သံလွင်မြစ်ကမ်းနံဘေးရှိ ပိတ်ဆို့နေတဲ့ တူးမြောင်းတွေ ပြန်လည် တူးဖော်ပေးဖို့ စတာတွေဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွင်း ဒေသထွက်ကုန်ကြမ်းတွေကို အသုံးပြုပြီး ကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့အခြေအနေတွေ၊စိုက်ပျိုးရေးလုပ်ငန်း ခေတ်မီတိုးတက်အောင် ဆောင်ရွက်နိုင်မယ့် အခြေအနေတွေ၊မွေးမြူရေးလုပ်ငန်းတွေကို မြေလွတ်မြေရိုင်းများမှာ စနစ်တကျဆောင်ရွက်နိုင်တဲ့အလားအလာတွေနှင့် ရင်းနှီးမြှပ်နှံရေးချေးငွေကိစ္စ စတာတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးက အသေးစိတ်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တွေ့ဆုံပွဲအပြီးမှာ ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့ဟာ ဘားအံစက်မှုဇုန်မှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီ Precision Auto Engineering ကုမ္ပဏီက ထုတ်လုပ်ရောင်းချနေတဲ့ Bajaj အမှတ်တံဆိပ် သုံးဘီးကားတွေ ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ Bajaj ဟာ အိန္ဒိယနိုင်ငံ မော်တော်ယာဉ်တစ်ခုရဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ အဆိုပါသုံးဘီးကားတွေကို မြန်မာနိုင်ငံဒေသအားလုံးကို ရောင်းချပေးနေတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ဘားအံမြို့ကိုရောက်ရှိနေစဉ်အတွ်း ဇွဲကပင် အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်နေမှုနှင့် ဘားအံမြို့နှင့် မော်လမြိုင်မြို့တွေမှာရှိတဲ့ တပ်မတော် ဆေးရုံတွေကိုသွားရောက်ခဲ့ပါတယ်။ တပ်မတော်ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူနေကြတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးတိုးတက်မှုအခြေအနေတွေကို တစ်ဦးချင်းတွေ့ဆုံ အားပေးခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။
-ymg/knl
#Kayin_State
#SG_Min_Aung_Hlaing
#MSME_Myanmar
Published 17 Oct 2022
ရုရှားက ယူကရိန်းနိုင်ငံတလျောက် ဒရုန်းနှင့်ဒုံးကျည် တိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာဇီလင်စကီးက တနင်္လာနေ့မှာပြောပါတယ်။ ဒါပေမယ့် ဒီလိုတိုက်ခိုက်တာတွေဟာ ယူကရိန်းနိုင်ငံသားတွေကိုတော့ ဖြိုကွဲလို့ ရမှာမဟုတ်ဘူးလို့လည်း သူကပြောလိုက်ပါတယ်။
“ တစ်ညလုံးနှင့် တမနက်လုံးလုံး ရန်သူတွေဟာ အရပ်သားတွေကို အကြမ်းဖက်ခဲ့တယ်။ ကာမီကာဇီ ဒရုန်းတွေနှင့် ဒုံးကျည်တွေဟာ ယူကရိန်းနေရာအားလုံးကို တိုက်ခိုက်နေတယ်။ ရန်သူဟာ ကျွန်တော်တို့ရဲ့ မြို့တွေကို တိုက်ခိုက်နိုင်ပေမယ့် ကျွန်တော်တို့ကို ဖြိုခွဲလို့တော့ရမှာမဟုတ်ဘူး” လို့ သူကပြောပါတယ်။
ရုပ်သံထဲမှာ ရဲအရာရှိတွေဟာ ကိဗ်ရဲ့ ကောင်းကင်ယံမှာ နိမ့်နိမ်းလေးပျံသန်းလာနေတဲ့ ကာမီကာဇီ ဒရုန်းတွေကို ပြန်လည်ပစ်ခတ်နေတာကို မြင်တွေ့ကြရပါတယ်။
မြို့တော်ကိဗ်ရဲ့ မြို့တော်ဝန်က လူနှစ်ဦးဟာ အပျက်အစီးပုံတွေကြားထဲ ပိတ်မိနေတယ်လို့ ပြောအပြီးမှာ ကိဗ်က လူနေအဆောက်အဦတစ်လုံး ထိမှန်ခဲ့တယ်လို့သူကအတည်ပြုပါတယ်။
Source AFP
#Kamikaze_drones_attack
#Kyiv_Ukraine
#Zelensky
Published 16 Oct 2022
နာဆာရဲ့ Crew-4 မစ်ရှင်ဟာ နိုင်ငံတကာ အာကာသစခန်းထဲမှာ ရက်ပေါင်း ၁၇၀ ရက်နေထိုင်ကြပြီးနောက် ကမ္ဘာမြေပေါ် အောက်တိုဘာ ၁၄ ရက်က ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။
စပေ့ရှ်အိတ်စ်ဒရက်ဂွန် SpaceX Dragon “ လွတ်လပ်ခြင်း” အာကာသယာဉ်ဟာ နာဆာရဲ့ အာကာသယာဉ်မှူး ကေဂျဲလ် လင်ဂရင်း၊ ဘော့ဟင်နီးနှင့် ဂျက်ဆီကာ ဝပ်ကင်တို့ကို သယ်ဆောင်လာပါတယ်။အဲဒီအပြင် ဥရောပ အာကာသအေဂျင်စီက အီတလီလူမျိုး ဆာမန်သာ ခရစ်တိုဖော်ရက်တီလည်းပြန်လည်လိုက်ပါလာပါတယ်။
အဆိုပါ အာကာသယာဉ်ဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါကမ်းခြေအနီး ပင်လယ်ရေပြင်ပေါ်သို့ ညနေ ၄နာရီ ၅၅ မိနစ်မှာ သက်ဆင်းခဲ့ပါတယ်။
Source AFP/NASA
#SpaceX_Crew-4
#NASA
#"Freedom"_spacecraft
Published 16 Oct 2022
နိုင်ငံပေါင်း(၉)နိုင်ငံမှာ နျူကလီးယားထိပ်ဖူးပေါင်း၁၂၇၀၀ နှင့်အတူ ကမ္ဘာကြီးမှာ နျူကလီးယားစစ်ပွဲအန္တရာယ်တစ်ခုဟာ အမြဲတမ်းရှိနေပါတယ်၊
အန္တရာယ်ဖြစ်နိုင်ချေက နည်းပါးသေးပေမယ့် ယူကရိန်းစစ်ပွဲတစ်ဝိုက်မှာ တင်းမာမှုတွေကတော့မြင့်တက်နေပါတယ်။ ယူကရိန်းစစ်ပွဲမှာ တိုးတက်မှုအတွက် အတော်ရုန်းကန်နေရတဲ့အလျောက် ရုရှားသမ္မတပူတင်က သေရေးရှင် ရေးဖြစ်လာရင် နျူကလီးယားလက်နက်သုံးမယ့်သဘော အရိပ်အယောင်ပြလာခဲ့ပါတယ်။
ကျွမ်းကျင်သူတွေကတေ့ ပူတင်ဟာ အဲဒီအဆင့်အထိသုံးမယ့်ပုံမပေါ်ဘူးလို့ သုံးသပ်ကြပေမယ့် ကမ္ဘာ့ခေါင်းဆောင် တွေကတော့ အဲဒီအပေါ်အရေးတကြီးဖြစ်နေကြပါတယ်။
တကယ်လို့များ အဆိုးဆုံးကိစ္စကြီးဖြစ်လာပြီဆိုရင် နျကလီးယားအန္တရာယ်ကို လျှော့ချပေးနိုင်မယ့် လွယ်ကူတဲ့နည်းလမ်းတွေကို မှတ်သားထားသင့်ပါတယ်။
“ ရေဒီယိုသတ္တိကြွကြောင့်ဖြစ်တဲ့ ထိခိုက်သေဆုံးမှုတွေကို တကယ့်ကို ကာကွယ်နိုင်ပါတယ်” လို့ လောရင့် လစ်ဗာမိုး အမျိုးသားဓာတ်ခွဲခန်းက ရေဒီယိုသတ္တိကြွနှင့် အရေးပေါ်ပြင်ဆင်ရေးဆိုင်ရာ ကျန်းမာရေးပညာရှင် ဘရွတ်ဘာဒီမီယာက Insider ကို ၂၀၁၈ ခုနှစ်တုန်းက ပြောခဲ့ပါတယ်။
“ နျူကလီးယားတိုက်ခိုက်ခံရပြီးနောက် ဘာလုပ်ရမယ်ဆိုတာသိရင် ဓာတ်ရောင်ခြည်ကြောင့် လူတွေ ရာထောင်ပေါင်း များစွာကို ဖျားနာသေဆုံးခြင်းကနေ ကယ်တင်နိုင်ပါတယ်” လို့ သူကပြောပါတယ်။
အဲဒါကြောင့် အောက်ဖော်ပြပါ ကာကွယ်ရေးဆိုင်ရာ အကြံပြုချက် (၁၇)ချက်ကို တင်ပြလိုက်ရပါတယ်။
လျှပ်ပြက်၊ပေါက်ကွဲခြင်း
အရေးပေါ်စီမံခန့်ခွဲမှု ဖက်ဒရယ်အေဂျင်စီ FEMA အဆိုအရ နျူကလီးယားလက်နက်ရဲ့ အကျိုးဆက်တစ်ခုအတွင်း အရေးကြီးတဲ့ အဆင့် (၆)ဆင့်ရှိတယ်လို့သိရပါတယ်။ အဲဒါတွေက..
၁။ မီးအလုံးကြီးကြောင့်ဖြစ်ပေါ်တဲ့ တောက်ပတဲ့လျှပ်ရောင်ဟာ ယာယီမျက်စေ့ကွယ်စေနိုင်ပါတယ်
၂။ ပေါက်ကွဲတဲ့လှိုင်းကြောင့် အဆောက်အဦတွေပြားပြားဝပ်သွားစေနိုင်ပြီး အကြီးအကျယ်ဒဏ်ရာရတာ၊ သေဆုံးတာဖြစ်နိုင်ပါတယ်။ အဲဒီလှိုင်းဟာ ကိုယ့်ဆီကိုရောက်ဖို့ စက္ကန့်အနည်းငယ်ကြာတတ်ပါတယ်။
၃။ နျူကလီးယား ဓာတ်ရောင်ခြည်ရဲ့ လှုပ်ခတ်မှု
၄။ မီးနှင့်အပူ- အဲဒါကြောင့် ငြှိမ်းသတ်မနိုင်တဲ့ မီးလောင်ကျွမ်းမှုဖြစ်စေတတ်ပါတယ်။
၅။ လျှပ်စစ်သံလိုက်ဓာတ်-ယင်းကြောင့် မိုင်ပေါင်းများစွာပတ်လည်က အီလက်ထရွန်းနစ်ပစ္စည်းတွေ သုံးမရဖြစ်စေတတ်ပါတယ်။
၆။ရေဒီယိုသတ္တိကြွအမှုန်များ-ယင်းတို့က ပေါက်ကွဲမှုမှတစ်ဆင့်လေထဲပျံနှံ့ပြီး ၁၅မိနစ်ခန့်အကြာတွင် ကိုယ့်ဆီရောက်လာနိုင်ပါတယ်။ ခပ်မြင့်မြင့်မှာတိုက်တဲ့လေကြောင့်လည်း စတုရန်းမိုင်ရာပေါင်းများစွာအပေါ် ဖြန့်ကျက်စေနိုင်ပါတယ်။ပေါက်ကွဲတဲ့နေရာမှာတော့ အပြင်းထန်ဆုံးဖြစ်ပါတယ်။
နျူကလီးယားလက်နက်တွေဟာ သိပ်ကြောက်စရာကောင်းပါတယ်။ မြို့ကြီးတစ်မြို့ကိုကျရောက်တာနှင့်လူ ရာထောင် များစွာ သေကြေပျက်စီးနိုင်ပါတယ်။
ဒါပေမယ့် အဆိုးရွားဆုံးပျက်စီးမှုတွေမှာတော့ အသက်ရှင်ကျန်မယ့်သူမရှိသလောက်ပါပဲ။အဲဒါကို အဆိုးရွားဆုံး အပျက်အစီးဇုန်လို့ခေါ်ပါတယ်လို့ သူကပြောပါတယ်။ ၁၀ ကီလိုတန်ပေါက်ကွဲမှုဆိုရင် ဟီရိုရှီးမားဗုံးပြင်းအားရဲ့ သုံးပုံနှစ်ပုံပါ။ မိုင်ဝက်အချင်းရှိတဲ့ပေါက်ကွဲမှုပါ။
ခင်ဗျားရဲ့မြို့ကို နျူကလီးယားဗုံးတစ်လုံး ကြဲချပြီဆိုရင် ဖြစ်နိုင်ချေအင်မတန်နည်းတဲ့ အနေအထားတစ်ခုမှာ အသက်ရှင်ကျန်ဖို့ အခွင့်အလမ်းကို တိုးမြှင့်ရယူနိုင်မယ့် နည်းလမ်းတွေတော့ရှိပါတယ်။
ဟီရိုရှီးမား ဗဟိုချက်ရဲ့ မီတာ ၃၀၀(ပေ၉၀၀)အတွင်း အသက်ရှင်ကျန်ရစ်သူတွေရှိခဲ့ပါတယ်လို့ ဘရွတ်ဘာဒီမီယာက ပြောပါတယ်။
ဘယ်လိုပြင်ဆင်ရမလဲ
အရေးပေါ်အရန်အသင့် ကိရိယာတစ်စုံ ရှိထားသင့်တယ်လို့ အမေရိကန်ကြက်ခြေနီအသင်းက အကြံပြုထားပါတယ်။ အဲဒီ တစ်စုံထဲမှာ ရေ၊အစားအစာ၊လက်နှိပ်ဓာတ်မီး၊ဆေးဝါးနှင့် အခြားပစ္စည်းတွေပါဝင်ပါတယ်။ အသေးစိတ်ကို ဒီမှာ ဆက်ကြည့်နိုင်ပါတယ်။
အန္တရာယ်ဆိုးကျိုးတစ်ခုခုအတွက် အမိုးအကာတွေ ကိုယ့်နေတဲ့ရပ်ကွက်မှာ ရှိသလား ရှာထားပါ။ ကိုယ့်မိသားစုအတွက် အကယ်လို့ ဘေးအန္တရာယ်ကြုံလာရင်ခိုနားလို့ရမယ့် အမိုးအကာတည်ဆောက်မယ့် အစီအစဉ်ရေးဆွဲထားပါ။အရေး ကြုံရင် ဘယ်သူနှင့်ဆက်သွယ်ရမလဲ(ဥပမာကြက်ခြေနီအသင်း) စဉ်းစားထားပါ။
မကြာမီတိုက်ခိုက်ခံရတော့မယ်လို့ သတိပေးမှုရရှိရင် ဘာလုပ်မလဲ
မကြာမီတိုက်ခိုက်မှာလာတော့မယ်လို့ သတိပေးချက်ရရှိရင် ပထမဆုံးအလုပ်က ခိုနားရာ အမိုးအကာကိုရှာဖို့ပဲဖြစ်တယ်။ အဲဒီနေရာက ခင်ဗျားကို ပေါက်ကွဲမှုကြောင့် ခန္တာကိုယ်ထိခိုက်နိုင်တာရော ဓာတ်ရောင်ခြည်တွေအန္တရာယ်ကရော အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
ကိုယ်ကကားမောင်းနေတယ်ဆိုရင် လမ်းဘေးချက်ခြင်းရပ်၊ကားပေါ်ကထွက် အဆောက်အဦတစ်ခုခုသွားမယ့် လမ်းကိုရှာ ပြီးသွားပါလို့ သူက အကြံပြုပါတယ်။
အတွင်းခန်းအမိုးအကာကိုရှာပါ။ ပိုကောင်းတာက မြေအောက်ခန်းပဲဖြစ်တယ်။ အုတ်သို့မဟုတ် ကွန်ကရစ် အဆောက် အအုံ ဖြစ်တယ်လို့ ကြက်ခြေနီနှင့် FEMA တို့က အကြံပြုထားပါတယ်။ အဆောက်အအုံရဲ့ အလယ်မှာ ကြိုးစားပြီးနေပါ။ ဥပမာ- လှေကားခွင်လိုနေရာမျိုးပေါ့။
အဆောက်အဦအတွ်း ပိုနိမ့်ပြီး ပိုနက်တဲ့နေရာမှာ နေနိုင်ပါတယ်။ ပြတင်းတွေနှင့် ဝေးဝေးနေပါ(ကွဲရှနိုင်)။ တံခါးတွေနှင့် ဝေးဝေးနေပါ(ပွင့်ထွက်နိုင်)။ အပြင်နံရံတွေနင့်ဝေးဝေးနေပါ( ပြိုလဲကျနိုင်)။
“ လေဆင်နှာမောင်းတိုက်ရင် ပုန်းသလိုမျိုးအတူတူသဘောပါပဲ” လို့ သူကပြောပါတယ်။
မီးလုံးကြီးကို မကြည့်မိပါစေနှင့်။ အဲဒီအလင်းရောင်ဟာ အမြင်အာရုံကို ခေတ္တကွယ်စေနိုင်တယ်လို့ FEMA က သိရပါတယ်။
ညွှန်ကြားချက်တွေကို အဆက်မပြတ်ပါစေနှင့်။မိုဘိုင်းဖုန်းတွေက ပြန်တောက်သွာနိုင်တယ်။ ဒါပေမယ့် ရေဒီယိုတွေက ဆက်အလုပ်လုပ်နေပါဦးမယ်။
လူသားတွေနှင့်အိမ်မွေးတိရိစ္ဆာန်တွေအားလုံးဟာ အာဏာပိုင်တွေဆီက ဘာညွှန်ကြားချက်မှ မလာသေးဘဲနှင့် အဆောက်အဦအတွင်းမှာပဲ အနည်းဆုံး ၂၄ နာရီနေပေးရပါမယ်လို့ ကြက်ခြေနီအဖွဲ့ကဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့အချိန် အပြင်မှာရှိနေရင်ဘာလုပ်ရမလဲ
အပြင်မှာ ခင်ဗျားရောက်နေရင် ပထမဦးစားပေးလုပ်ရမှာက ပေါက်ကွဲမှုလှိုင်းတွေကို ကာကွယ်နိုင်အောင် ကိုယ့်ကိုကိုယ် မိုးကာရမှာဖြစ်ပါတယ်။ ကိုယ့်ကိုကာလို့ရတဲ့ အရာမှန်သမျှနှင့်ကာထားပါ။ အဲဒီနောက် မြေပြင်မှာ ဆန့်လှဲချလိုက်ပြီး ခေါင်းကို ဖုံးကာထားပေးပါလို့ ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။
ပေါက်ကွဲတာတွေက ကိုယ့်ကိုကျော်သွားပြီလို့ ဘယ်တော့မှ မမှတ်ယူပါနှင့်။ လှိုင်းတွေကိုယ့်ဆီရောက်ဖို့ ၃၀စက္ကန့်လောက် ကြာတတ်ပါတယ်လို့လည်း ကြက်ခြေနီအဖွဲ့ကပြောပါတယ်။
ပေါက်ကွဲလှိုင်းတွေဖြတ်သွားပြီးတဲ့နောက် ဓာတ်ရောင်ခြည်ထိတွေ့မှု အကန့်အသတ်ဖြစ်ဖို့လိုပါတယ်။
အပြင်မှာပဲဆက်ရှိနေတုန်းပဲဆိုရင် ကိုယ့်ရဲ့ပါးစပ်ကို အဝတ်သို့မဟုတ် မျက်နှာသုတ်ပဝါစဖြင့် ဖုံးအုပ်ထားပါ။ အဲသလို လုပ်ပေးခြင်းဖြင့် ရေဒီယိုသတ္တိကြွအမှုန်တွေက အသက်ရှုသွင်းတဲ့အထဲ ပါဝင်မှုကို လျော့ချပေးနိုင်ပါတယ်။
ကိုယ်ကပေါက်ကွဲတဲ့နေရာနှင့် ဘယ်လောက်ပင်ဝေးနေပါစေ အမိုးအကာအောက်ရောက်နိုင်သမျှရောက်အောင်လုပ်ပါ။ ရေဒီယိုသတ္တိကြွတွေ အမှုန်တွေဟာ မိုင်ပေါင်းရာချီခရီးသွားနိုင်လို့ဖြစ်ပါတယ်လို့ ကြက်ခြေနီက ပြောပါတယ်။ အတွင်းထဲ ရောက်လို့ အန္တရာယ်ကင်းပြီဆိုရင်တော့ အပေါ်ကဖုံးကာထားတာတွေကို ဖယ်ရှားလိုက်ပါ။
အမိုးအကာတွေ့ပြီဆိုတာနှင့် ဘာလုပ်ရမလဲ
အပြင်မှာခင်ဗျားရှိနေရင် ခန္ဓာကိုယ်က ရေဒီယိုသတ္တိကြွအမှုန်တွေ နှင့် ဝေးလို့ရနိုင်သလောက်ဝေးအောင်လုပ်ပါ။
အချိန်တိုတိုအတွင်း အများကြီးနှင့်ထိတွေ့မိရင် ခန္ဓာကိုယ်ကို ပျက်စီးစေပါလိမ့်မယ်။ မိမိခန္ဓာက မိမိကိုယ်မိမိ ပြန်ပြုပြင်တာကို ကန့်သတ်သွားပါလိမ့်မယ်။ ကူးစက်ရောဂါတွေကို ပြန်လည်တိုက်ခိုက်တာနှင့် အခြားသော လုပ်ဆာင်မှု တွေကို ကန့်သတ်စေပြီး အဲဒါက အန္တရာယ်ရှိတဲ့အခြေအနေဖြစ်တဲ့ အမြဲတမ်း ဓာတ်ရောင်ခြည်အဆိပ်သင့်ဖျားနာမှုကို ဦးတည် သွားစေပါလိမ့်မယ်။
နာရီအနည်းငယ်အတွင်း ထိတွေတဲ့ပမာဏ ၇၅၀ millisieverts လောက်ရှိရင် လူကို နာမကျန်းဖြစ်စေပါတယ်။ ဒါဟာ နှစ်စဉ် သာမာန်အမေရိကန်တစ်ဦး သဘာဝနှင့်ဆေးဝါးကရတဲ့ ဓာတ်ရောင်ခြည်ပမာဏထက် အဆ၁၀၀ခန့် များနေပါတယ်။ ၁၀ ကီလိုတန်ပေါက်ကွဲမှုဟာ အချင်းဝက် တစ်မိုင်အတွင်း ဒီလောက်များတဲ့ ထိတွေ့မှုကို ဖြစ်ပေါ်စေပါ တယ်။
အဝတ်အစားရဲ့ အပေါ်က အလွှာကို ဖယ်ထုတ်ပစ်လိုက်ခြင်းက ရေဒီယိုသတ္တိကြွမှုန်တွေ ညစ်ညမ်းခြင်းကို ၉၀ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်တယ်လို့ ကြက်ခြေနီကပြောပါတယ်။
ဖြစ်နိုင်ရင်တော့ အဲဒီစွန်းပေနေတဲ့အဝတ်တွေအားလုံးကို ပလပ်စတစ်အိတ်ထဲထည့်ပြီး အခြားသူတွေနှင့် အိမ်မွေးတိရိစ္ဆာန် တွေနှင့် ဝေးရာမှာ သွားထားလိုက်ပါ။ အဝတ်အစားတွေက ဓာတ်ရောင်ခြည်ကို ဆက်ပြီးလွှတ်ထုတ်ပေးနိုင်လို့ဖြစ်ပါတယ်။
ဆံပင်နှင့် အရေပြားကို ဆပ်ပြာတွေ ခေါင်းလျှော်ရေတွေအများကြီးနှင့် ပြီးတော့ ရေဖြင့် ဆေးကြောပစ်ပါ။ အရေပြားကို မကုတ်ခြစ်ပါနှင့်။ ဆံပင်ပြုပြင်ဆေး conditioner မသုံးပါနှင့်။ အဲဒီဆေးတွေက ရေဒီယိုသတ္တိကြွပစ္စည်းတွေနှင့် ဆံပင်ကို တွယ်ကပ်စေလို့ဖြစ်ပါတယ်လို့ ကြက်ခြေနီက ပြောပါတယ်။
အညစ်အကြေးတွေ ပိတ်မိနေနိုင်တဲ့ နှာခေါင်းကို ညင်ညင်သာသာ မှုတ်ထုတ်ပစ်ပြီး နားရွက်တွေကိုလည်း သုတ်ပစ်ဖို့ လိုပါ တယ်။
ရေချိုးလိုက်တာက အကောင်းဆုံးပါပဲ။ ဒါပေမယ့် ရေမချိုးနိုင်ရင် ရေစိုနေတဲ့အဝတ်နှင့် ပွတ်တိုက်ပေးပါ။ အဲဒီအဝတ် ကလည်း အပြင်မှာထားတာမဟုတ်တဲ့ အဝတ်ဖြစ်ရပါမယ်လို့ FEMA ကပြောပါတယ်။
ကိုယ့်ရဲ့တိရိစ္ဆာန်လေးတွေက အပြင်မှာရှိရင် သူတို့မှာကပ်ငြိပါလာတဲ့ ရေဒီယိုသတ္တိကြွအမှုန်တွေက သူတို့နှင့် ခင်ဗျားကို ထိတွေ့မိစေပါလိမ့်မယ်။ ကိုယ့်အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အမွှေးတွေကို ဖီးပေးပြီး ဆပ်ပြာနှင့်ရေနှင့် သူတို့ကို ရေချိုးပေးပါ။
ဖြစ်နိုင်ရင် ပြတင်းနှင့် မီးလင်းဖိုတွေကိုပိတ်ထားပါ။ပန်ကာတွေနှင့်လေအေးပေးစက်တွေပိတ်ပါလို့ ကြက်ခြေနီက ဆိုပါတယ်။
အမိုးအကာအတွက် ပြင်ဆင်ထားပါ
လှုပ်ရှားဖို့က အန္တရာယ်ရှိမရှိမသေချာရင် ပေါက်ကွဲနေတဲ့ အမိုးအကာအထဲ ကိုယ်ကိုနိမ့်နိုင်သမျှနိမ့်အောင် ခိုဝင်ပါ။
ဒီအချိန်မှာ မီးတွေနှင့် အပျက်အစီးအပုံတွေက ပြန့်ကျဲနေနိုင်တယ်လို့ ဘရွတ်ဘာဒီမီယာက ပြောပါတယ်။
ထုတ်ပိုးထားပြီးသား အစားအသောက်တွေကိုပါ စားသောက်ပါ။ ဒါမှမဟုတ် အဆောက်အဦအတွင်းက အစားအစာတွေ ကိုပဲစားသုံးပါလို့ FEMA ကပြောပါတယ်။
မိမိရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ကလေးတွေရဲ့ကျန်းမာရေးအတွက် ဂရုစိုက်ပါ။ အပြုသဘောဆောင်တဲ့လှုပ်ရှားမှု တွေကို အာရုံစိုက်ပါ။ ကြောက်စရာကောင်းတဲ့ မီဒီယာသတင်းပေးပို့ချက်တွေကို ကလေးတွေမသိအောင်ကန့်သတ်ပါ။ စားဖို့သောက်ဖို့သတိရနေပါ။ အခြားသူတွေအပေါ်စိတ်ရှည်ပါလို့ ကြက်ခြေနီက အကြံပြုပါတယ်။
ပေါက်လောင်မှုတွေဖြစ်တာပဲဖြစ်ပစေ၊ရေဒီယိုသတ္တိကြွအမှုန်တွေ ရောက်လာတာပဲဖြစ်ပစေ နှစ်မျိုးစလုံးအတွက် အရေးအကြီးဆုံးက အတွင်းထဲမှာ နေထိုင်ကြဖို့ပဲဖြစ်ပါတယ်လို့ ဘရွတ်ဘာဒီမီယာက ပြောပါတယ်။
Source Insider
#Nuclear_war
#Radiation_illness
#Tips_For_Minimize_risks
Published 16 Oct 2022
ခေတ်မီဆိုရှယ်လစ်တရုတ်နိုင်ငံကို ညီညွတ်မှုဖြင့်ကြိုးပမ်းတည်ထောင်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အောက်တိုဘာ ၁၆ ရက် ဘေဂျင်းမှာကျင်းပတဲ့ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ဖွင့်ပွဲမှာ ပြောကြားလိုက်ပါတယ်။
ပါတီတစ်ခုလုံးနှင့် တိုင်းရင်းသားအုပ်စုတွေအားလုံးရဲ့ တရုတ်ပြည်သူတွေဟာ ဒုတိယရာစုပန်းတိုင်ကို ရှေးရှုပြီး ခေတ်မီဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံကို လေးစားတန်ဖိုးထားမှုနှင့်ခေတ်မီတိုးတက်မှုတို့ဖြင့် တည်ဆောက်ဖို့ ခရီးအသစ်တစ်ခုစတင်တဲ့ အရေးကြီးတဲ့ အချိန်မှာ ယခု ကွန်ဂရက်ကို ကျင်းပတာဖြစ်တယ်လို့ ရှီက ပြောပါတယ်။
“ ဒီကွန်ဂရက်ရဲ့ အာဘော်က တရုတ်တို့ရဲ့ ပင်ကိုယ်လက္ခဏာတွေနှင့်အတူ ကြီးမြတ်တဲ့ ဆိုရှယ်လစ်ဝါဒ အောင်လံကြီးကို မြင့်မားစွာ စိုက်ထူခြင်းပဲဖြစ်ပါတယ်။ ခေတ်သစ်မှာ ဆိုရှယ်လစ်ဝါဒကို တရုတ်ရဲ့ ပင်ကိုယ်လက္ခဏာတွေနှင့် အပြည့်အဝ အကောင်အထည်ဖော်ဖို့ဖြစ်တယ်” လို့ ရှီကပြောပါတယ်။
လီကာရှင်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အကြိမ်၂၀မြောက် အမျိုးသားကွန်ဂရက်ကိုဖွင့်လှစ် ကြောင်းကြေညာပါတယ်။
ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကွန်ဂရက်ဟာ ခေါင်းဆောင်မှုအသစ်တွေကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။
ကွန်ဂရက်ရဲ့ အဓိကအစီအစဉ်တွေထဲမှာ ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာကို ကြားနာဆန်းစစ်ခြင်း၊ ၁၉ကြိမ်မြောက်စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ရဲ့အစီရင်ခံစာကို ဆန်းစစ်ခြင်း၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်ခြင်းနှင့် ၂၀ကြိမ်မြောက် ဗဟိုကော်မတီနှင့် ၂၀ကြိမ်မြောက် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို ရွေးချယ်တင်မြှောက်ခြင်းတို့ပါဝင်ပါတယ်။
ကွန်ဂရက်ကို ရွေးချယ်ခံ ကိုယ်စားလှယ်ပေါင်း ၂၂၉၆ ဦးတက်ရောက်နေပါတယ်။ သူတို့ကို တရုတ်ကွန်မြူနစ်ပါတီဝင် ၉၆သန်းကျော်နှင့် နိုင်ငံအနှံ့က အခြေခံအဆင့်ပါတီအဖွဲ့အစည်း ၄.၉သန်းကျော်၊အဲဒီအပြင် တိုင်းရင်းသားအဖွဲ့တွေအားလုံးရဲ့ မျှော်လင့်ချက်တွေ သယ်ဆောင်လာ ကြတယ်လို့ တရုတ်အစိုးရပိုင် CCTVက သတင်းဖော်ပြခဲ့ပါတယ်။
Source CCCTV+
#20th_CPC_National_Congress
#Xi_Jinping
#China_Politics
Published 15 Oct 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့နှင့် နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုတိုင်းမှာ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ရလာဒ်တွေရရှိခဲ့တယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားပါတယ်။
အောက်တိုဘာ ၁၅ ရက်နံနက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA )ချုပ်ဆိုခြင်း (၇)နှစ်မြောက်အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးက မိန့်ခွန်းပြောကြားတဲ့အထဲ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
Source: Local Channels
#NCA_EAO_Myanmar
#SG_Min_Aung_Hlaing
#Myanmar_Politics
Page 119 of 202