၂၅ ဩဂုတ် ၂၀၂၃

အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုးမြို့တွင် ကျင်းပခဲ့တဲ့ (၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (17th ASEAN Ministerial Meeting on Transnational Crime and its Related Meetings – 17th AMMTC) အတွင်း ဂျပန်နိုင်ငံ AMMTIC ခေါင်းဆောင်က မြန်မာ နိုင်ငံအပေါ် ဝေဖန်ပြောဆိုခဲ့တာတွေကို အစည်းအဝေးသို့တက်ရောက်ခဲ့တဲ့ မြန်မာ နစက အစိုးရ ပြည်ထဲရေးဝန်ကြီးက ချက်ခြင်းပြန်လည်တုန့်ပြန်ခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဩဂုတ် ၂၂ ရက်ကကျင်းပတဲ့  (၈)ကြိမ်မြောက် AMMTC +ဂျပန် ပူးပေါင်းအစည်းအဝေးတွင် ဂျပန်နိုင်ငံ  ကိုယ်စားလှယ်ခေါင်းဆောင်က ခေါင်းဆောင်က မြန်မာနိုင်ငံပြည်တွင်းရေးနှင့် ပတ်သက်သည့် အခြေအနေများကို ဝေဖန်ပြောဆိုခဲ့မှုအပေါ် နစက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြန်လည်  တုံပြန်ပြောကြားရာတွင် အာဆီယံအဖွဲဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်  ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းအားဖြင့် ဒေသတွင်းအကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့  တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “ယနေ့အစည်းအဝေးသည် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်သည့် ဆွေးနွေးမှုနှင့်ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုသာ ဆွေးနွေးရန်  ဖြစ်ကြောင်းနှင့်   မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေးမျှသာဖြစ်ပြီး ဒေသတွင်းအရေးကိစ္စ မဟုတ်ပါ ကြောင်း ဆက်လက်တုန့်ပြန်ပြောဆိုခဲ့ပြီး ယခုလိုဒေသတွင်းအစည်းအဝေးများတွင် အဆိုပါကိစ္စ ဆွေးနွေးမည်  မဟုတ်ကြောင်းကိုလည်း အတိအလင်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာ့နိုင်ငံရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည်များရှိပါက နှစ်နိုင်ငံတွေ့ဆုံပြီး သီးခြားဆွေးနွေးနိုင်ပါကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြန်လည်ပြောကြားခဲ့သော်လည်း သီးခြားဆွေးနွေးခဲ့ခြင်း ရှိမရှိကိုတော့ သတင်းထုတ်ပြန် ချက်မှာဖော်ပြမထားပါဘူး။

မြန်မာပြည်ထဲရေးဝန်ကြီးဟာ အစည်းအဝေးတွင် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုအခြေအနေတွေ၊ အကြမ်းဖက်မှုကြောင့် ထိခိုက်သေကြ ပျက်စီးဆုံးရှုံးမှုတွေနှင့် ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးဆောင်ရွက်နေတာတွေကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအစိုးရ နစကအဖွဲ့ဝင်  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ အဖွဲ့သွားရောက်တက်ခဲ့တာဖြစ်ပါတယ်။

-ymg/knl