၁ မေ ၂၀၂၄
လျှပ်စစ်မီးများပြတ်တောက်နေမှုများနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနေမှုအခြေအနေများကို အများပြည်သူသိရှိရန် မီဒီယာများသို့ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
သတင်းထုတ်ပြန်ချက်ပါ အရေးကြီးအချက်အချို့မှာ-
၁။ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ လက်ရှိတွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်။
၂။ ရွှေကျင်၊ဘီလူးချောင်း(၁)၊ (၂) ၊ (၃) ၊သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ၃၅၃ မဂ္ဂါဝပ် အသားတင် လျော့နည်းနေ။
၃။ သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း(၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းရရှိနေ။
၄။ သို့သော် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုး ထုတ်လုပ်နိုင်ခဲ့။
၅။လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေပြီး စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင်ရွက်နေ။
သတင်းထုတ်ပြန်ချက်အပြည့်အစုံ(မူရင်း)ကို အောက်တွင်ဖော်ပြပေးပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးလျှက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်း အမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၁၈၄.၄၆) မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ (၂၉)ရုံ၏ တပ်ဆင်စက်အင်အား (၃၂၂၈)မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ သုံးစက်ရုံ (၂၇)ရုံ၏ တပ်ဆင်စက်အင်အား (၃၆၃၈.၃၆၄) မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ (၂)ရုံ၏တပ်ဆင် စက်အင်အား (၁၃၈) မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင် စက်ရုံ (၆) ရုံ၏ တပ်ဆင်စက်အင်အား (၁၈၀) မဂ္ဂါဝပ် တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ် လုပ်နိုင်သည့် စက်များ၏ စက် တပ်ဆင်အင်အားမှာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိရှိပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် (၉%) တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၄၃) မဂ္ဂါဝပ် လိုအပ်သည်။ ထိုသို့ရှိသော်လည်း တပ်ဆင် အင်အားအတိုင်း စက်များအား စွမ်းအား ပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိပါသည်။
သို့ရာတွင် လက်ရှိ ကာလ၌ ရွှေကျင်(၇၅ မဂ္ဂါဝပ်)၊ ဘီလူးချောင်း(၁)၊ (၂) ၊ (၃) တို့မှ (၂၄၈ မဂ္ဂါဝပ်)နှင့် သဖန်းဆိပ် (၃၀ မဂ္ဂါဝပ်) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ များမှထွက်ရှိသည့်ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသည့် ဓာတ်အား (၃၅၃ မဂ္ဂါဝပ်) ၊ အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိပါသည်။
ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝ ဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုအချိုးမှာ (၅၀%) ခန့်ရှိသော် လည်း သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခု ကာလအတွင်း (၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပါသည်။ သို့ပါ၍ စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံ များ၏ ထုတ်လုပ်မှုတွင် (၃၅၃+၄၄၆) = ၇၉၉ မဂ္ဂါဝပ်ခန့်မှာ အသားတင် လျော့နည်းထုတ်လုပ်ရလျက်ရှိပါသည်။
ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား (၆၃၈၅.၄၆) မဂ္ဂါဝပ်မှ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့ ရပါသည်။ သို့ရာတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်နိုင်ရန်စီမံရာ၌၊ ၂၀၂၃ ခုနှစ်မုတ်သုန်ရာသီတွင် ၂၀၂၂ ခုနှစ်ထက်ပုံမှန်မိုးရွာ သွန်းနိုင်မှုအောက်တွင်ဆက်လက်ရှိနေ၍ ဆည်များ ၌ရေပြည့်ဝစွာမရရှိခြင်း ဓာတ်အား စနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာ ရရှိစေရန်အတွက် မိုးမကျမီ ကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင်သိုလှောင်စုဆောင်းထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရခြင်း သဘာဝဓာတ်ငွေ့ ရရှိမှုတို့အားထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်း အားပြည့်လည်ပတ်နိုင်မှုမရှိခြင်းစသည့်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ (၅၀%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။
အထက်ပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအချိုးအစားပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ (၄၆%)၊ မန္တလေးတိုင်းဒေသကြီးသို့ (၁၆%)နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၈ %) အား အချိုးကျ ခွဲဝေပို့လွှတ်ခဲ့ပြီး သုံးစွဲသူပြည်သူများ အဆင်ပြေစေရန် အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်း အခြားအလိုက် ခွဲဝေ ဖြန့်ဖြူးပေးလျက်ရှိပါသည်။
အထက်ပါအတိုင်း ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အပိုင်းအခြား အလိုက်ခွဲဝေ ဖြန့်ဖြူးထား သော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတစ်ရံ သတ်မှတ်ကြိမ်နှုန်း (Frequency)အောက် ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက် ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟို ဓာတ်အားကွပ်ကဲရေးဌာန(National Control Centre) မှ အရေးပေါ် ဝန်အားလျော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ရခြင်းများကိုပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရရရှိမည့် ဓာတ်အား ရရှိချိန်အတွင်း တိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိ ပါသည်။
တစ်ဖက်တွင်လည်း ဓာတ်အားပေးစက်ရုံများမှထွက်ရှိလာသည့် ဓာတ်အားများကို ပို့လွှတ် လျက်ရှိသည့် ဓာတ်အား လိုင်းကြီးများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီး ယနေ့အထိ ဓာတ်အားလိုင်း တာဝါတိုင်များအား(၇၁) ကြိမ်၊ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ပေါင်း (၈၉) တိုင် ပြိုလဲပျက်စီးခဲ့ကာ၊ ဓာတ်အားခွဲရုံကြီး (၅) ရုံ ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ် နိုင်မှုမရှိသဖြင့် ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ရပါသည်။ သို့သော်လည်း ပြည်သူ များ၏ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ်ရရှိရေးအတွက် ပြင်ဆင်မှုများကို အချိန်နှင့် တပြေးညီဆောင်ရွက်ပေးခဲ့ရာ တာဝါတိုင်ပေါင်း (၄၉)တိုင်အား အစားထိုး ပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် (၄၀) ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
အလားတူ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားကို လျော့နည်းပျောက်ဆုံးမှု မရှိစေရေးအတွက် ဓာတ်အား သုံးစွဲသူများမှ ဓာတ်အားခရရှိရေးအတွက်လည်း မီတာခ ပေးဆောင်ရန် ပျက်ကွက်သူများအား ပထမလတွင် သတိပေးခြင်း၊ ပထမလမှ တတိယလအထိ ရက်လွန်ဒဏ်ကြေး ကောက်ခံခြင်း၊ စတုတ္ထလတွင် လအလိုက် ပေးဆောင်ရမည့် မီတာခနှင့် ရက်လွန်ဒဏ်ကြေးများအား ပေးဆောင်ခြင်းမရှိပါက ဓာတ်အားဆက်သွယ်မှု ဖြတ်တောက်ခြင်းနှင့် မီတာသိမ်းဆည်း၍ ဥပဒေကြောင်းအရ အရေးယူခြင်းများကိုဆောင်ရွက်ခဲ့၍ စုစုပေါင်း မီတာ အလုံးရေ ၄ သိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့ပြီး မီတာအလုံး ၆ သောင်းကျော်ကို ဖြုတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
၎င်းအပြင် ဓာတ်အားသုံးစွဲသူပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများဖြစ်သော တောင်တော်ကွင်း (၂၀ မဂ္ဂါဝပ်)၊ကြီးအုံကြီးဝ (၃၀ မဂ္ဂါဝပ်)၊ စေတုတ္တရာ (၃၀ မဂ္ဂါဝပ်)နှင့် ကင်းတား (၃၀ မဂ္ဂါဝပ်) စုစုပေါင်းဓာတ်အားပေးစက်ရုံ (၄)ခု တပ်ဆင်အင်အား (၁၁၀ မဂ္ဂါဝပ်)ခန့်အား ဓာတ်အားဝယ်ယူရေး စာချုပ်များ (PPA) ချုပ်ဆို၍ ဓာတ်အားစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ခဲ့ပြီး သပြေဝ-၃ (၃၀ မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားစတင်စမ်းသပ်ပို့လွှတ်နိုင်ခဲ့သဖြင့် စုစုပေါင်း (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုး ထုတ် လုပ်နိုင်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သော ကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန် နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲ ဖျက်ဆီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြ ပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
#Daily_News
Published 1 May 2024
၁။ စစ်ဘေးရှောင်များရှိ၍ ရန်ကုန်ရှိဘုန်းတော်ကြီးသင်ကျောင်းများ၌ ကျောင်းသားဦးရေတိုးနိုင်
၂။ ဇီ၀ဇိုးငှက်အိမ်ဆောက်လုပ်မှုများလာပေမယ့် ငှက်၀င်ရောက်မှုလျော့ကျလာမည်ကို စိုးရိမ်စရာမရှိဟုဆို
၃။ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုစျေးကွက်တွင် MAGDPL မှ ပထမဆုံးမှတ်ပုံတင်ကုမ္ပဏီဖြစ်လာ
၄။ ပထမဆုံးအဘူဒါဘီ အလိုအလျောက်ထိန်းစနစ်ကားမောင်းပြိုင်ပွဲအောင်မြင်စွာပြီးစီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခုနှစ်သုံးလတာအတွင်း Online Trading Platform မှတစ်ဆင့် ဒေါ်လာ၂၁သန်း၊ယွမ်၁၄ သန်းနဲ့ ဘတ် ၁၉၆ သန်းရောင်းချပေးနေတယ်လို့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 1 May 2024
#Online_Trading_Platform #ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်
#YMG/NN #Yangon-Times
အခုနှစ်ပိုင်းမှာ ကုန်ကြမ်းရှားပါးတာ၊ ဈေးနှုန်းမြင့်တာတွေကြောင့် ပုသိမ်ထီးတစ်နိုင်တစ်ပိုင်လုပ်ငန်းတွေ ရပ်ဆိုင်းနေရတာတွေလည်းရှိနေပြီး လုပ်ငန်းပြန်ထူထောင်ဖို့နဲ့ လည်ပတ်ဖို့ လိုအပ်တဲ့ချေးငွေရရှိဖို့ကလည်း သတ်မှတ်ချက်တွေ
နဲ့မကိုက်ညီကြတာကြောင့် လုပ်ငန်းငယ်အများစုအခက်အခဲရှိနေတယ်လို့ ပုသိမ်မြို့က သစ္စာပုထိမ်ထီးလုပ်ငန်းလုပ်ကိုင်သူ ဦးစိုးသန်းက ရန်ကုန်မီဒီယာဂရုကို အခုလိုပဲပြောပါတယ်။
#Local_News
Published 1 May 2024
#ပုသိမ်ထီးတစ်နိုင်တစ်ပိုင်လုပ်ကိုင် #ကုန်ကြမ်းရှားပါး
#YMG/ NN #Yangon_Times
ရန်ကုန်စတော့အိတ်ချိန်း YSX စာရင်းဝင်အကြိုစျေးကွက်တွင်မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် MAGDPL မှ ပထမဆုံးမှတ်ပုံတင်ကုမ္ပဏီ ဖြစ်လာတယ်လို့ YSX ကသိရပါတယ်။
#Local_News
Published 1 May 2024
#ရန်ကုန်စတော့အိတ်ချိန်း
#YMG/NN #Yangon_Times
နစ်ကေးအေးရှား မဂ္ဂဇင်းအွန်လိုင်းစာမျက်နှာပါ ဆောင်းပါးရှင် Michael Haack ၏ U.S. 'nonlethal' aid for Myanmar's ethnic armies likely to backfire ဆောင်းပါးကို ဆီလျော်အောင်မြန်မာဘာသာသို့ပြန်ဆိုပါသည်။
၁ မေ ၂၀၂၄
မကြာသေးသော စစ်ပွဲများတွင် မြန်မာခုခံရေးတပ်များ၏ အနိုင်ရမှုတွေက ၂၀၂၁ခုနှစ်တွင် အာဏာရယူခဲ့သော မြန်မာစစ်တပ်သည် ခံစစ်တွင်ရှိနေသည်ကို ညွှန်ပြနေသည်။
ယခုလစောစောပိုင်းက စစ်အစိုးရသည် ထိုင်းနယ်စပ်တလျောက်က ကုန်သွယ်ရေးစင်တာတစ်ခုဖြစ်သည့် မြဝတီမြို့ကို ထိန်းချုပ်မှုဆုံးရှုံးခဲ့သည်။ခုခံရေးအဖွဲ့များသည် နေပြည်တော်ရှိ ပစ်မှတ်များနှင့် မန္တလေးအနီးရှိ စစ်တက္ကသိုလ်တို့ကိုလည်း ဒရုန်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
မြန်မာခုခံရေးအပေါ် အနောက်၏ ထောက်ခံအားပေးမှုကို သုံးသပ်ရန် သင့်တော်သည့်အချိန်တစ်ခုရောက်ပါပြီ။
ပဋိပက္ခသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပို၍အားကောင်းလာစေသည်။ ယင်းတို့ထဲမှ တော်တော်များများသည် ဆယ်စုနှစ်များစွာကတည်းက တည်ထောင်ထားကြပြီး သူတို့သည် ဒီမိုကရေစီရေးထက် လူမျိုးစုအရေတွေက ပိုများသည်။
ဒီမိုကရေစီကိုမြှင့်တင်ရေးထက် သေကြေစေသည့်အကွဲအပြဲများကို ပိုမိုဆိုးရွားစေသည့် အန္တရာယ်ရှိနေသော အကူအညီပေး ရေးမူဝါဒကို အကောင်အထည်ဖော်လုနီးပါးဖြစ်နေသည့် ဝါရှင်တန်အတွက် ဤအဖွဲ့များကို ဘယ်လိုကိုင်တွယ်မည်လဲဆို သည်က အဓိကပြဿနာဖြစ်လာသည်။
အမေရိကန်အနေဖြင့် လူဦးရေအများဆုံးနေထိုင်သည့် နေရာများကို ထိန်းချုပ်ထားသည့် စစ်တပ်ပြိုလဲကျသွားမည့် ဘက်က နေပြီး လောင်းပစ်လိုက်လို့မရပါ။ အထူးသဖြင့် ဝါရှင်တန်သည် ဆီရီးယား ပြည်တွင်းစစ်တွင် အကျိုးမဖြစ်ထွန်းသည့်အတွေ့ အကြုံရရှိပြီးနောက် ခုခံမှုများသို့ စစ်ရေးအကူအညီကမ်းလှမ်ခြင်းကို ပြန်ရုပ်သိမ်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် ဝါရှင် တန်က လက်နက်မဟုတ်သည့် အကူအညီများပေးနေသည်ဆိုသောအခြေအနေများတွင် ယင်းက ရှောင်ရှားရန် ကြိုးစားနေ သည့် ရလာဒ်များကို ဖန်တီးသွားစေနိုင်သည့် အန္တရာယ်တွေရှိလာနေသည်။
ပြီးခဲ့သည့်လက အမေရိကန်ကွန်ဂရက်ကအတည်ပြုခဲ့သော ဒေါ်လာ ၁.၂ ထရီလီယံရန်ပုံငွေအထုပ်ကြီးတွင် မြန်မာနိုင်ငံ အတွက် ယခုဘဏ္ဍာရေးနှစ်၌ ယင်း၏ ၂၃ရာခိုင်နှဒန်းဖြစ်သော ဒေါ်လာ ၁၆၇သန်းပါဝင်နေသည်။ ထိုအထဲတွင် ဒေါ်လာ ၇၅သန်းသည့် နယ်စပ်ဖြတ်ကျော်အကူအညီများအတွက်ဖြစ်ပြီး ဒေါ်လာ ၂၅သန်းမှာ စစ်အစိုးရကိုတိုက်ခိုက်နေသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပီဒီအက်ဖ်များအတွက် လက်နက်မဟုတ်သည့်အကူအညီများအတွက်ဖြစ်သည်။
ဒီလိုမျိုးဝါရှင်တန်က အရင်ရှိခဲ့ဖူးပါသည်။ သူတို့သုံးသည့် ဝေါဟာရက ဆီးရီးယားနှင့်သက်ဆိုင်သည့် ယခင်ရန်ပုံငွေများ အတည်ပြုရာတွင် သုံးခဲ့သည်။ ဆီးရီးယားတွင် သူတို့က ကျည်ကာအင်္ကျီနှင့် ရန်သူတပ်များတည်နေရာနှင့်ပတ်သက်သော ထောက်လှမ်းရေးသတင်းအချက်အလက်များ ပါဝင်သည့်အကူအညီများကို လက်နက်မဟုတ်သော အကူအညီဟူ၍ ပေးခဲ့ သည်။ ယင်းက နောက်ဆုံးမတော့ သေစေလောက်သည့်လက်နက်ကိရိယာများကို ဖြန့်ကျက်ချထားရေးဆီသို့သာ မယောင် မလည်နှင့် ဦးတည်သွားခဲ့သည်သာ ဖြစ်သည်။
အမေရိကန်၏ လှုပ်ရှားမှု လက်ငင်းအကျိုးသက်ရောက်သွားရသည်က မြန်မာ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ သူတို့က ပဋိပက္ခတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှု အရှိန်မြှင့်တင်လာခြင်းတစ်ခုဟု အခြေအနေကို ရှုမြင်ကြလိမ့်မည်။
တရုတ်က စစ်အစိုးရနှင့် နယ်စပ်တလျောက်ရှိတိုင်းရင်းသားလက်နက်ကိုင်အုပ်စုနှစ်ဘက်စလုံးကို ကူညီကာ ခြံစည်းရိုးခွထိုင် နေခဲ့သည်။ အိန္ဒိယနှင့်ထိုင်းတို့ကလည်း စစ်တပ်အုပ်ချုပ်မှုကိုလက်ခံ၊ လက်နက်များနှင့် တိုက်ခိုက်ရေးသမားများ သူတို့၏ နယ်စပ်များကိုဖြတ်ကျော်သွားလာနေခြင်းများကိုလည်း ခွင့်ပြုပြီးနေလာခဲ့ကြသည်။ သူတို့အားလုံး ဘယ်သူကမျှ အမေရိကန် ၏ ပိုမိုကြီးမားလာသည့် ပတ်သက်ညိတွယ်မှုကို မြင်တွေ့လိုခြင်းမရှိကြပါ။
လက်နက်မဟုတ်သည့် အကူအညီများပေးရေးအစီအစဉ်သည် အမေရိကန်၏ ဗျူရိုကရက်များကိုလည်း ခေါင်းကိုက်စေ ပါလိမ့်မည်။ အမေရိကန်သည် ပင်လယ်ရပ်ခြား ဒီမိုကရေစီများကို အားပေးထောက်ခံရန်ဟူသည့် အတွေးအခေါ်ဖြင့် မောင်းနှင်နေချိန်တွင် မြန်မာနိုင်ငံသည် (ဒေါ်)အောင်ဆန်းစုကြည် နိုင်ငံတကာဇာတ်ညွှန်းများကို မောင်းနှင်နေသည့် အချိန်တုန်းကထက် ယခုပိုမိုရှပ်ထွေးနေသည်ကို ယခုအခါ ဝါရှင်တန်က နားလည်သဘောပေါက်လာသည်။
အင်အားအကြီးမားဆုံးသော လက်နက်ကိုင်အုပ်စုများသည် လူမျိုးစုအလိုက်ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံ၏ ပိုင်နက်ကို ဘယ်လိုခွဲခြမ်းမလဲဆိုသည်နှင့်ပတ်သက်၍ မတူကွဲပြားမှုများက ကာလရှည်ကြာစွာပင် အမြစ်တွယ်နေသည်။
သူတို့နှင့်အတူရှိနေသည်က စစ်အစိုးရ၏ လမ်းပေါ်ကဆန္ဒပြမှုများနှင့် သပိတ်မှောက်မှုများကို ရက်စက်စွာနှိမ်နှင်းခဲ့မှုအပေါ် ပြန်လည်တုန့်ပြန်ရန် မြို့ပြလူငယ်များဖြင့်ဖွဲ့စည်းထားသည့်ပြည်သူ့ကာကွယ်ရေးတပ်အုပ်စု(ပီဒီအက်ဖ်)များဖြစ်သည်။ သူတို့သည် အစပိုင်းတွက် လက်နက်လည်းမရှိ၊ စစ်သင်တန်းတွေလည်းမရှိဘဲ တိုင်းရင်းသားစစ်တပ်များ၏ အကူအညီတစ်ခု တည်းဖြင့် သမားရိုးကျစစ်ပွဲကို ဆင်နွှဲနိုင်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းတွင် အစိုးရတပ်များသည် လတ်တလောတွင် နယ်မြေများဆုံးရှုံးခဲ့သည်။ မြို့ပြ ဒေသများရှိ တိုက်ပွဲကြီးများလိုလိုတွင် ကေအိုင်အေ၊ချင်းအမျိုးသားကာကွယ်ရေးတပ်(CNF)နှင့် ၁၉၈၈ လူထုအုံကြွမှုအပြီး ဖွဲ့စည်းခဲ့သည့် ABSDF တို့ ၏ ဦးဆောင်မှု သို့မဟုတ် ပါဝင်ပတ်သက်မှုတွေရှိခဲ့သည်။
အမေရိကန်သည် ခုံခံရေးအဖွဲ့များနှင့် ယခင်ကမရှိခဲ့ဖူးသည့်ထိတွေ့ဆက်ဆံမှုများ လူသိရှင်ကြားရှိလာသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် ဒါရက် ချိုလက်သည် ကရင်၊ကချင်၊ ကရင်နီနှင့်ချင်းအုပ်စုများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီရေး သူတို့၏ ထူးချွန်စွာကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုခဲ့ကြောင်း ဆိုရှယ် မီဒီယာ ပလက်ဖောင်း အိတ်စ်မှတစ်ဆင့် ကြေညာခဲ့သည်။
ယင်းလုပ်ရပ်က ဝါရှင်တန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို မြန်မာနိုင်ငံ၏ သူရဲကောင်းအသစ်များအဖြစ် မြှောက်စားရန် သွေးဆောင်သိမ်းသွင်းခြင်းဖြစ်သည်။ သို့သော် သူတို့ကို တွန်းအားပေးနေသော သွေးနှင့်မြေ အမျိုးသား ရေးဝါဒက အမေရိကန်ပြည်ထောင်စု၏ မဏ္ဍိုင်များဖြစ်သော ဉာဏ်အမြင်တန်ဖိုးတွေနှင့် အတော့်ကို ဆင်တူခြင်း မရှိလှပါ။
မြန်မာနိုင်ငံ၌ တရုတ်ဩဇာအပေါ်တန်ပြန်သည့်ရည်မှန်းချက်ဆိုလျှင်ပင် ဘေဂျင်းက နှစ်ဖက်စလုံးကို လက်နက်များ ကူညီနေသည့်အတွက် အမေရိကန်၏ အားပေးထောက်ခံမှုက ဘာမှ အကြီးအကျယ်ခြားနားမှုရှိလာနိုင်ဖွယ် မမြင်ပါ။ သို့သော် ခါးသီးဖွယ်ကောင်းလှသည့်အမှန်တရားမှာ လူမျိုးစုအစိတ်စိတ်အပိုင်းပိုင်းနယ်မြေများအဖြစ် မြန်မာနိုင်ငံကိုဦးတည်ရွေ့လျား နေစေခြင်းသာ ဖြစ်ပါသည်။
ပြည်ပမှသာ အဓိကအားဖြင့် လုပ်ငန်းလုပ်ဆောင်နေသော ဒီမိုကရေစီလိုလားသော မျက်နှာစာ၏တစ်ခုဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရသည် သံတမန်ရေးများနှင့် မဟာမိတ်များတည်ဆောက်ရေးအခန်းကဏ္ဍကို လုပ်ဆောင်နေပြီး မြန်မာပြည် တွင်း၌ သူတို့သည် လူမျိုးစုတပ်များ၏ အင်အားကိုသာ အဓိကအားထားနေခဲ့ကြရသည်။မည်သည့် ငြိမ်းချမ်းရေး ပြေငြိမ်းမှုများ မဆို ဤအင်အားချိန်ခွင်လျှာများကို စဉ်းစားသုံးသပ်ကြရလိမ့်မည်ဖြစ်ပြီး ယင်းက လူမျိုးစုအခြေပြုသည့် ဒေသအလိုက် အုပ်ချုပ်ရေးနယ်မြေများဖန်တီးခြင်းကို ဦးတည်သွားနိုင်ဖွယ်ရှိနေသည်။
စစ်ပွဲများတွင်ပတ်သက်နေသည့် လက်နက်ကိုင်အုပ်စုများကို အားပေးထောက်ပံ့ခြင်းဖြင့် အကြမ်းဖက်မှုအခြေအနေများ မြင့် တက်လာမည်ကို အမေရိကန်ရော မြန်မာကပါ မလိုလားကြပါ။ တရုတ်ကို စစ်ပွဲတွေအတွင်း ပိုကျွံသွားအောင် ဆွပေးဖို့ကြိုးစား ခြင်းကလည်း အမေရိကန်အတွက် ဘာအကျိုးမှမရှိပါ။
တရုတ်နှင့်အမေရိကန်အကြား ကစားပြီး အရှေ့တောင်အာရှနိုင်ငံအများစုက အကျိုးဖြစ်ထွန်းနေချိန်တွင် မြန်မာအတွက် ဖြစ်လာနိုင်ဖွယ်အရှိဆုံး ရလာဒ်က အကြမ်းဖက်မှုများနှင့်သေဆုံးမှုများ ပိုမိုများပြားလာခြင်းပဲဖြစ်သည်။ ယင်းက စစ်ပွဲတွေ မရပ်မနားဖြစ်နေဖို့ အခြေအနေတွေကိုသာ ဖန်တိးပေးလိမ့်မည်။ နိုင်ငံကို အစိတ်အပိုင်းအများကြီးအကွဲကွဲဖြစ်သွားစေ ခြင်းက ငြိမ်းချမ်းရေးအဓွန့်ရှည်ဖို့ အကောင်းဆုံးမျှော်လင့်ချက်ကို ဖြစ်စေနိုင်သည်ဟု အချို့က စောဒကတက်ကြသည်။ သို့သော် လတ်တလောတွင် ချင်းပြည်နယ်၌ ပြိုင်ဘက် ဒေသကောင်စီများအကြား အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းက လူမျိုးစုများအတွင်း အကွဲအပြဲများက ရှုပ်ထွေးမှုနောက်အသစ်များကို ဦးတည်သွားနိုင်ဖွယ်ရှိကြောင်း ညွှန်းဆိုပြသနေသည်။
ငြင်းမရသော အမှန်တရားတစ်ခုမှာ ယခုပဋိပက္ခသည် ခပ်မြန်မြန် ခပ်လွယ်လွယ်ဖြေရှင်း၍ရသည့် ပဋိပက္ခတစ်ခု မဟုတ်ခြင်းပင်။ရလာဒ်ကို ဆုံးဖြတ်ဖန်တီးရန် အမေရိကန်၏ မည်သည့်ကြိုးပမ်းမှုမျိုးမဆို ကျရှုံးဖို့များသည်။ မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ အားကောင်းလာစေရန်ဆောင်ရွက်ခြင်းတို့ကို ဝါရှင်တန်က တိုးမြှင့်ဆောင်ရွက်သင့်ပါသည်။ စစ်ပွဲတွေ ပိုဖြစ်လာဖို့ အမေရိကန်က ထောက်ခံအားမပေးသင့်ပါ။
(ဆောင်းပါးရှင် မိုက်ကယ်လ်ဟက်သည် ဝါရှင်တန်အခြေစိုက် မြန်မာမူဝါဒအင်စတီကျူ အဖွဲ့၏ advocacy coordinator အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်)
U.S. 'nonlethal' aid for Myanmar's ethnic armies likely to backfire by Michael Haack published in Nikkei Asia
(မှတ်ချက်။ ယခုဆောင်းပါးကို မူရင်းအင်္ဂလိပ်ဘာသာအတိုင်း မြန်မာသို့ပြန်ဆိုခြင်းဖြစ်၍ မြန်မာနိုင်ငံတွင် တရားဝင်ခေါ်ဝေါ်သုံးစွဲမှုများနှင့်ကွဲလွဲမှုရှိနိုင်ပါသည်။ သို့သော် ဘာသာပြန်သူ၏ မူရင်းကိုသိရှိစေရန် နှင့်အာဘော်ကိုခြုံငုံမိစေရန်ရည်ရွယ်၍ အတတ်နိုင်ဆုံး တိုက်ရိုက်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)
ဇီ၀ဇိုးငှက်တွေကို ငှက်အိမ်တွေဆောက်လုပ်ပေးတာဟာ စားသုံးရန်မဟုတ်ဘဲ စိတ်အေးချမ်းသာစွာ သားပေါက်နိုင်ရန်အတွက် ဆောက်လုပ်ပေးတာဖြစ်ပြီး သားပေါက်ပြီး အသုံးမပြုတော့တဲ့ ငှက်သိုက်ကိုသာခွာယူရတာ ဖြစ်တဲ့အတွက်ဇီ၀ဇိုးငှက်အိမ်ဆောက်လုပ်မွေးမြူလာတာများလာပေမယ့် ငှက်အိမ်တွေထဲကို ငှက်၀င်ရောက်မှု လျော့ကျလာမှာကိုတော့ စိုးရိမ်စရာမရှိဘူးလို့ ဇီဝဇိုးငှက်အိမ်ဆောက်လုပ်သူတွေနဲ့မွေးမြူသူတွေထံက သိရပါတယ်။
#Local_News
Published 1 May 2024
#ဇီ၀ဇိုးငှက် #တပိုင်တနိုင်မွေးမြူသူများလာ
#YMG/LW #Yangon_Times
Page 290 of 1823