#Local_News
Published_ 12 April 2022
ထိုင်ဝမ်(တရုတ်-တိုင်ပေ) မှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား ၇၆ ဦးအား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများသည် Covid-19 ကူးစက်ရောဂါ ကာလအတွင်း လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် နေရပ်ပြန်ရန် အခက်အခဲ ကြုံတွေ့နေကြရာနေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် (၁၉) ကြိမ်မြောက် တိုင်ပေ-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ဧပြီ ၁၀ ရက် တနင်္ဂနွေနေ့ နံနက် ၇ နာရီတွင် တိုင်ပေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် China Airlines လေကြောင်းပျံသန်းအမှတ် CI-7915 ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသား ၇၆ ဦးတို့သည် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
ပြည်တွင်း၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ တားဆီးနိုင်ရန်အတွက် ခရီးသည်များအနေဖြင့် ခရီးစဉ်မတိုင်မီ (၇၂) နာရီအတွင်း Covid-19 ရောဂါ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဟောင်ကောင်နှင့် မကာအိုဒေသတို့မှ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအတွက် စုစုပေါင်း (၇) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်၊ ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသမှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအတွက် (၁၉) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသား စုစုပေါင်း ၂,၅၈၆ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 12 April 2022
မဟာသင်္ကြန်ကာလ ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို အများပြည်သူများလည်ပတ်နိုင်ရန် ပုံမှန်အတိုင်းဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
တိုင်းရင်းသားကျေးရွာကို နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ရေကစားပြီး ပြန်လာသူများ ၀င်ရောက်အနားယူလည်ပတ်နိုင်ရန် ဖွင့်လှစ်ထားမည်ဖြစ်ကာ ၀င်ကြေးအနေဖြင့် လူကြီးတစ်ဦးကို ငွေကျပ် ၅၀၀ နှင့် အသက် ၁၀နှစ်အောက်ကလေးများကို အခမဲ့၀င်ခွင့်ပေးမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားကျေးရွာကို ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် လူဦးရေ ၄၀၀ ခန့် လာရောက်လည်ပတ်လေ့ရှိပြီး ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ ၁,၅၀၀ ခန့် ရှိကြောင်း သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်၍ ယာယီပိတ်ထားခဲ့ကာ ၂၀၂၁ ခုနှစ် မေ ၃ ရက်တွင် တိုင်းရင်းသားကျေးရွာသို့ အများပြည်သူ လာရောက်လည်ပတ်နိုင်ရန် ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Published 11 April 2022
“ပဋိပက္ခ အမြင့်ဆုံးအချိန်ဖြစ်သွားပြီးရင်လည်း အဆုံးမှာတော့ နိုင်ငံရေးဆွေးနွေးမှုနှင့်ပဲ အဆုံးသတ်ရတာပဲ။ ပြောကြစို့ဆိုရင် နိုင်ငံအလိုက်ဖြစ်တဲ့ စစ်ပွဲတွေပဲဖြစ်ဖြစ် ကမ္ဘာ့စစ်ကြီးတွေမှာတောင်မှ နောက်ဆုံးစာပွဲဝိုင်းနှင့်ပဲအဆုံးသတ်ရတာပဲ”
ဦးကိုကိုကြီး-ဥက္ကဋ္ဌ-ပြည်သူ့ပါတီ
ရုပ်သံကြည့်ရှုရန်..
#LocalNews
Published_11 April 2022
ရခိုင်ပြည်နယ် စစ်တွေမြိုဝေသာလီကွင်းတွင် ရခိုင်နာမည်ကြီးအဆိုတော်များဖြင့် သင်္ကြန်အကြို "ဂန္တဝင်များရဲ့အိမ်အပြန်" ဂီတဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်ကြောင်း Rakhapura Entertainment Group ဥက္ကဋ္ဌ ဦးသိန်းထိုက်ဇော်ကပြောသည်။
ဧပြီလ ၁၂ ရက်တွင်ပြုလုပ်မည့် အဆိုပါ ဂီတဖျော်ဖြေပွဲတွင် ရခိုင်ဂီတနာမည်ကြီး အဆိုတော်များ ဖြစ်ကြသော မြတ်ခိုင်ကျော်၊ ဝင်းကိုခိုင်၊ ခိုင်ကျော်လင်း၊ သိန်းထိုက်ဇော်၊ နေထက်လင်း၊ ညီမင်းခိုင်၊ ဒိုးရ်အီ တို့ အပါဝင် အခြားနာမည်ကြီး အဆိုတော်များနှင့် မျိုးဆက်သစ် အဆိုတော်များ ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဂီတဖျော်ဖြေပွဲအတွက် ဝင်ခွင့်လက်မှတ်ကို ကျပ်တစ်သောင်း၊ နှစ်သောင်း၊သုံးသောင်း သတ်မှတ်ရောင်းချမည် ဖြစ်ကြောင်း၊အဆိုပါ ဂီတဖျော်ဖြေပွဲမှ ရရှိသောငွေကြေးများကို ရက္ခပူရယူနိုက်တက်ဘောလုံးအသင်းရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 11 April 2022
သင်္ကြန်ရုံးပိတ်ရက်ကာလတွင် ရန်ကုန်ရှိ ဆိပ်ကမ်းဝန်ဆောင်မှုများ ပိတ်ရက်မရှိ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရပါတယ်။
သင်္ကြန်ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၉ ရက်မှ ၁၇ ရက်အထိ ဆိပ်ကမ်းဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးကြေညာထားပါတယ်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများအားလုံး၏ ဆိပ်ကမ်းဝန်ဆောင်မှုများကို ဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -11 Apr 2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပေးပို့ပြီး ပြန်လာတဲ့ မော်တော်ယာဥ်ကို လက်နက်ကိုင်အဖွဲ့တွေက သေနတ်နဲ့ချောင်းမြောင်း ပစ်ခတ် ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး အမျိုးသားတစ်ဦးသေဆုံးကာ ဒုမြို့နယ်ပညာရေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နစကရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။။
ဖြစ်စဉ်မှာ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရွာငံမြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ် ပညာရေးမှူး ဦးဝင်းလွင်မိုး ဦးစီးသည့် ပညာရေးဝန်ထမ်းများသည် ရွာငံမြို့နယ်စာစစ်ဌာနမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများအား တောင်ကြီးမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံးသို့ မော်တော်ယာဉ်တစ်စီးဖြင့် သွားရောက်အပ်နှံပြီး မွန်းလွဲ ၃ နာရီခွဲအချိန်တွင် တောင်ကြီးမြို့မှ ရွာငံမြို့သို့ အောင်ပန်း-ရွာငံကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာ အနီးအရောက်၌ လမ်း၏ဝဲယာတို့မှ အသင့်စောင့်ဆိုင်းနေတဲ့ လက်နက်ကိုင်အင်အား ၂၅ ဦးခန့်မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ်ပေါ်ပါ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ အောင်ပန်း-ရွာငံလမ်းအတိုင်းမောင်းနှင်လာသည့် MDY 2G/5848 မန္တလေး-တောင်ကြီးခရီးသည်တင်ယာဉ်ပေါ် လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တစ်ဦး နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ပြီး အဖြေလွှာပို့ပြီးပြန်လာသည့် မော်တော်ယာဉ်ပေါ်ပါ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းလွင်မိုးတွင် ဦးခေါင်းဝဲဘက် ကျည်ရှပ်ထိဒဏ်ရာတစ်ချက် ရရှိခဲ့တယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_11 April 2022
ယူနက်စကိုပညာရှင်များ လာရောက်မစစ်ဆေးမီ မြောက်ဦးရှေးဟောင်းနယ်မြေအတွင်းမှ ကျူးများကို အပြီးဖယ်ရှားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။
"နောက် ၆ လအတွင်းမှာ ဖယ်ရမယ်။အပြီးပေါ့။အခုဆိုရင် မြောက်ဦးမြို့ ရှေးဟောင်းနယ်မြေအတွင်းမှာ ကျူးကျော်နေအိမ်တွေနဲ့ အခြားအဆောက်အအုံ ၆၀၀ လောက်ရှိတယ်။ အဓိက အနေနဲ့တော့ ကျုံးပတ်ဝန်းကျင် နဲ့ ရေအရင်းမြစ်ရှိတဲ့ နေရာဝန်းကျင်တွေက ဟာတွေကို အဓိက ဖယ်ရမယ်"ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဖယ်ရှားမည့် ကျူးကျော်နေထိုင်သူများအား အစားထိုးနေရာ ပြန်လည်ပေးအပ်နိုင်ရန်လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီစဉ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးဒေသကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် အီတလီနိုင်ငံသားပညာရှင်ကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က ကွင်းဆင်းခဲ့ကာ လက်ရှိတွင် သက်ဆိုင်ရာ ဌာနပေါင်းစံမှလည်း အမှိုက်ကောက်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး အပြီးသတ်အဆိုပြုလွှာအချောကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က လက်ရှိ ပြင်သစ်နိုင်ငံ သံအမတ်ကြီး ၊ မြန်မာနိုင်ငံ၏ ယူနက်စကိုဆိုင်ရာ သံအမတ်ကြီးမှတစ်ဆင့် ပေးပိုခဲ့ပြီး၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်၊မဝင် ဆုံးဖြတ်ရန် ကနဦး စစ်ဆေးရေးအဖွဲ့များက ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း လာရောက်ရန် ရှိနေကြောင်းလည်း သိရသည်။
အေဒီ ၁၄၃၀ ပြည့်နှစ်တွင် ရခိုင်ဘုရင်မင်းစောမွန် စတင်တည်ထောင်ခဲ့သော မြောက်ဦးမြို့သည် ရခိုင်ဘုရင်အဆက်ဆက် နှစ်ပေါင်း ၃၅၄ နှစ်တိုင်တိုင် ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သော မင်းနေပြည်တော်တစ်ခုဖြစ်ပြီး သိမ်ကုန်းပေါင်၊ ငွေတောင်ပေါက်စသည့် ကျုံးစုစုပေါင်း ၄၀ ကျော်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1912 of 2038