#Local_News
Published - 23 July 2022
၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်း၌ ငွေကြေးဖောင်းပွမှုနှုန်းတိုးတက်သွားခြင်းနဲ့ စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းအားလုံး ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအပြင် နောက်ဆုံးရရှိသည့် အချက်အလက်တွေအရ ငွေကြေး ဖောင်းပွမှုနှုန်းသည်ပြီးခဲ့သည့် မတ်လတွင် ၁၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်တက်လာစေခဲ့ပြီး စီးပွားရေးလုပ်ငန်းများ၏ အမြတ်အစွန်းကို ထိခိုက်စေခဲ့ကြောင်း၊ ယင်းအပြင်လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ဒီဇယ်မီးစက်တွေနှင့် အသုံးပြုရသည့် ကုန်ကျစရိတ်သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ထပ်လောင်းဖိအားဖြစ်စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ သိရသည်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်း၊ သွင်းအားစုကွင်းဆက်ပြတ်တောက်ခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်မှုကြောင့် သွင်းကုန်သွင်းအားစု အမျိုးအစားအားလုံး ဈေးနှုန်းမြင့်တက်သွားခဲ့ခြင်းကြောင့် အမြတ်အစွန်းနည်းပါးမှုကို ပိုမိုဆိုးဝါးစေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 23 July 2022
အသည်းရောင်ရောဂါ B ပိုး၊ C ပိုးရှိသူများအနေနဲ့ သိန်းပေါင်းများစွာ အကုန်အကျခံပြီးကုသစရာမလိုဘဲ ရောဂါပျောက်ကင်းအောင် အခမဲ့ကုသပေးနေကြောင်း မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဌဒေါက်တာခင်ပြုံးကြည်က YMG ကို ပြောသည်၊၊
ယခင်ကအသည်းရောင် B ပိုး၊ C ပိုးရှိသူများကို ရောဂါပျောက်ကင်းအောင်ကုသဖို့ ခက်ခဲခဲ့သော်လည်း ယနေ့အချိန်တွင်တော့ ကုသရန်ဆေးများရှိလာပြီဖြစ်သလို မြန်မာအသည်းဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသည့် သံစစ်ဆေးခန်းများတွင် အခမဲ့ ကုသနိုင်မည်ဖြစ်သည်၊၊
"ဆရာမတို့ အဓိကပေးချင်တဲ့ မတ်ဆေ့ချ်ကတော့ Bပိုး၊ Cပိုး ရှိ မရှိစစ်ကြည့်ပါ၊၊ မြန်မာအသည်းဖောင်ဒေးရှင်းအနေနဲ့ အခမဲ့စစ်ပေးပါတယ်၊၊ဆေးရုံတွေမှာလည်း စစ်ပေးပါတယ်၊၊ ရောဂါရှိတယ်ဆိုရင်လည်း အမြန်ကုပါ ရောဂါမကျွမ်းခင်၊၊ အသည်းရောင်ရောဂါ B ပိုး၊ C ပိုးရှိသူတွေကို ကုသလို့ ရပါတယ်၊၊ B ပိုး၊ C ပိုးတွေ့သူတွေ မြန်မာအသည်းဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ သံစစ်ဆေးခန်းကိုလာခဲ့ပါ၊၊ အခမဲ့ ကုသပေးပါတယ်"လို့ မြန်မာအသည်းဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာခင်ပြုံးကြည်က YMG ကို ပြောသည်၊၊
အသည်းရောင်ရောဂါ B ပိုးကို ကုသနိုင်ပြီဖြစ်သလို C ပိုးရှိသူများလည်း (၃) လဖြင့် ရောဂါပျောက်အောင်၊ အသည်းခြောက်နေပါက (၆)လဖြင့် ရောဂါပျောက်အောင်ကုသနိုင်ပြီဖြစ်ကြောင်း မြန်မာအသည်းဖောင်ဒေးရှင်းမှ သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 23 July 2022
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဒီကနေ့ ဇူလိုင် ၂၃ ရက် မှာထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်း လက်လီစျေးနှုန်းမှာ ရန်ကုန်တိုင်းအတွင်း 92 တစ်လီတာကို ၁၆၆၅ ကျပ်ဖြစ်ပြီး ၁၇၀၀ ကျပ်အောက်သို ပြန်လည် ကျဆင်းခဲ့ပါတယ်။
မန္တလေးတိုင်းမှာ 92 တစ်လီတာကို ၁၇၁၀ ကျပ်ဖြစ်ပြီး နေပြည်တော်၌ 92 Ron တစ်လီတာဈေးနှုန်းဟာ ဒီကနေ့မှာ ၁၇၀၅ ကျပ်သို့ ကျဆင်းသွားခဲ့ပါတယ်။
ပဲခူးနဲ့ ပုသိမ်တို့မှာလည်း 92 တစ်လီတာဈေးနှုန်းမှာ ၁၇၀၀ ကျပ်အောက်ကို ကျဆင်းခဲ့ပြီး မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီးနှင့် လွိုင်ကော်တို့မှာ စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာကို ၁၇၀၀ ကျပ်အထက်ရှိနေပေမယ့် မနေ့က ဈေးနှုန်းအောက်သို့ ကျဆင်းခဲ့တယ်လို့ စာရင်းများအရ သိရပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
Published _ 23 July 2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ အမြင့်ဆုံး တောင်ကိုငွေကျပ် ၁၀၅ ဘီလီယံ အသုံးပြု၍၊ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းကို မြေအကျယ်အဝန်း ၁၉၇ ဧကတွင် ကြယ်သုံးပွင့်အဆင့်နှင့် ကြယ်လေးပွင့်အဆင့်ရှိ အခန်း ၇၀ ပါ တောင်ခြေဟိုတယ်နှင့် Villa အလုံး ၃၀၊ သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေမှုရှိသည့် Resort များ၊ အပန်းဖြေရိပ်သာများ အားလုံး ၃၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်း၏ သမိုင်းကြောင်းနှင့် ဆလုံလူမျိုးများ၏ ယဉ်ကျေးမှုသမိုင်းကျောင်းတို့ကိုပြသမည့် ကမ္ဘာ့အဆင့်မီ မြိတ်ကျွန်းစု၏ အဏ္ဏဝါပြတိုက်၊ ဆလုံရွာငယ်ပုံစံနှင့် ဈေးဆိုင်ခန်းများ၊ တောင်ပေါ်သို့တက်ရောက်မည့် ကေဘယ်ရထား၊ သံလမ်း၊ ဘူတာရုံနှင့် ကားလမ်းများကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို Yoma Group Kawthaung Hill Development Ltd (KHDL) က အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ စီမံကိန်းကာလငါးနှစ်ကြာ မည်ဖြစ်သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 23 July 2022
ကိုဗစ် - ၁၉ ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် နိုင်ငံတကာ ခရီးသွားလေကြောင်းလိုင်းများကို ဧပြီလအတွင်းက ပြန်လည်ခွင့်ပြုပေးခဲ့ရာ၊ မြန်မာနိုင်ငံသို့ ဧပြီလ ၁၇ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ နိုင်ငံခြားခရီးသွား ၁၆၃၈၂ ဦး လာရောက်ခဲ့ကြောင်း သိရသည်။
"မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ လေကြောင်းလိုင်း (Commercial flight ) တွေကို ဧပြီလ ၁၇ ရက်က ပြန်ဆင်းသက်ခွင့် ပြုခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ခရီးသွားလုပ်ငန်းကို အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီညီဆောင်ရွက်နိုင်ဖို့အတွက် e-Visa (Tourist) အမျိုးအစားလျှောက်ထားတာကိုလည်း မေလ ၂၀ ရက်နေ့ကစပြီး တိုးမြှင့်ခွင့်ပြုခဲ့တာပါ" ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။
ခရီးသွား visa အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာမှု အဆင်ပြေချောမွေ့စွာလာရောက်နိုင်ရန်အတွက် online e-Visa (Business) လျှောက်ထားမှုကို လည်း ဧပြီလ ၁ ရက်ကတည်းက ခွင့်ပြုပေးခဲ့ပြီး လက်ရှိတွင် တိုးမြှင့်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ယင်းခွင့်ပြုပေးခြင်းကြောင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၅၄ နိုင်ငံက ခရီးသွားများဝင်ရောက်ခဲ့ကြပြီး တရုတ်နှင့်အိန္ဒိယနိုင်ငံတို့က အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 23 July 2022
ဂျာမနီနိုင်ငံ၊ နူရင်ဘတ်မြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ထိပ်တန်းအော်ဂဲနစ်ထုတ်ကုန်ပြပွဲကြီး (BIOFACH Organic) တွင် မြန်မာနိုင်ငံက လက်ဖက်ခြောက်ကုမ္ပဏီများ ဝင်ရောက်ပြသမည်ဖြစ်ကြောင်း သိရ သည်။
ဂျာမနီနိုင်ငံ၊ နူရင်ဘတ်မြို့တွင် ကမ္ဘာ့ထိပ်တန်းအော်ဂဲနစ် ထုတ်ကုန်ပြပွဲကြီးဖြစ်သည့် BIOFACH Organic ပြပွဲကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်ထိ လေးရက်တိုင်တိုင် Messe Nuremberg တွင် ပြုလုပ်မည်ဖြစ်သည်။
ပြပွဲကို ကိုယ်တိုင်လာရောက်ခင်းကျင်းပြသခြင်းနှင့် ဒစ်ဂျစ်တယ်အွန်လိုင်းဖြင့် ပြသခြင်းပုံစံနှစ်မျိုးဖြင့် ကျင်းပသွားမည်ဖြစ်သည်။
ပြပွဲတွင် အော်ဂဲနစ်စား သောက်ကုန်များအပြင် Organic Non-food များဖြစ်သည့် အိမ်သုံးပစ္စည်း၊ အလှကုန်၊ အထည်၊ ဆေးဝါး၊ အပင်နှင့် မျိုးစေ့များအစရှိသည်တို့ကို နိုင်ငံများစွာရှိ အော်ဂဲနစ်ကုမ္ပဏီများက လာရောက်ပြသကြမည် ဖြစ်သည်။
ယင်းအပြင် ပြပွဲတွင် အော်ဂဲနစ်ထုတ်ကုန်ဆိုင်ရာ ဆွေးနွေးပွဲဖိုရမ်များ၊ Congress များ၊ ကျွမ်းကျင်ပညာရှင်များ၏ ဟောပြောပို့ချချက်များ၊ Exhibitor များ၏ တင်ဆက်ပြသမှုများဖြင့် ကျင်းပဆောင်ရွက်သွား မည်ဖြစ်သည်။
ထိုပြပွဲတွင် Organic Africa Pavilion ၌ မြန်မာနိုင်ငံက ဂျာမနီနိုင်ငံသို့ အော်ဂဲနစ်လက်ဖက်ခြောက်များ ထုတ်လုပ်တင်ပိုနေသည့် Power Mawshan ကုမ္ပဏီက သွားရောက်ပြသမည် ဖြစ်သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _23 July 2022
ရိုးရာလက်မှုပညာ ထုတ်ကုန်ပစ္စည်းများနှင့် ရိုးရာအထည် အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာဆီယံနှင့် ဂျပန်စင်တာတို့ကြီးမှူးပြီး ဆွေးနွေးမှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းရိုးရာလက်မှုပညာ ထုတ်ကုန်များနှင့် ရိုးရာအထည် အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံပါဝင်စေရန်လုပ်ငန်းရှင်များကို ကမ်းလှမ်းထားကြောင်း အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို လာမည့်သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိ အွန်လိုင်း ကတစ်ဆင့် တစ်ပတ်အကြာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
"ဒီဆွေးနွေးပွဲကို အာဆီယံ ဂျပန်စင်တာကကြီးမှူးပြီး ပြုလုပ်မှာပါ။ ဂျပန်နဲ့ အာဆီယံနိုင်ငံက ရိုးရာလက်မှုပညာ ထုတ်ကုန်ပစ္စည်းထုတ်လုပ်နေတဲ့လုပ်ငန်းရှင်တွေ၊ အထည်အလိပ်လုပ်ငန်း ရှင်တွေပါ တက်ရောက်ကြမှာပါ" ဟု UMFCCI က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဆွေးနွေးပွဲကို မြန်မာ့လက်မှုအနုပညာအသင်း၊ မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ်အနုပညာ အသင်း၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းများက အသင်းဝင်လုပ်ငန်းရှင်များတက်ရောက်ကြမည်ဖြစ်သည်။
ဆွေးနွေးပွဲသို့ ရိုးရာလက်မှုပညာထုတ်ကုန်ထုတ်လုပ်သူများ၊ ရိုးရာအထည်အလိပ် ထုတ်လုပ်သူလုပ်ငန်းရှင်များလည်း တက်ရောက်နိုင်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လိုသည့် ပြည်တွင်းရှိ သက်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့် UMFCCI ၌ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
ymg/NN
#Yangon_Media_Group
Page 1858 of 2200