#Local_News
Published_ 22 April 2022
လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ရရှိနိုင်သမျှသော ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဧပြီ ၂၁ ရက်ကပြုလုပ်တဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍနှင့် ပတ်သက်တဲ့အစည်းအဝေးမှာ
နစက ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားခဲ့ ပါတယ်။
ပြည်သူလူထုကို အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုက နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်တယ်လို့ ဆိုပါတယ်။
ထို့ပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် သုံးစွဲသူပြည်သူများထံသို့ အလေအလွင့်နည်းပါးစွာဖြင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခများကိုလည်း အပြည့်အဝရရှိရေး ကောက်ခံသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဓာတ်အားရောင်းချမှုမှရရှိတဲ့ ဓာတ်အားခဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်လည်း မှာကြားခဲ့ပါတယ်။
ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများကို စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်တယ်လို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 22 April 2022
အင်းတော်မြို့နယ်တွင် ၁၂ ဘီးယာဉ်ဖြင့် သယ်ဆောင်လာသော ကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၂၀ ရက် ညနေ ၄ နာရီခွဲ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ကြာအင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားသွားကားလမ်းတွင် မန္တလေးမှ မိုးညှင်းဘက်သို့ ချမ်းသာ မောင်းနှင်လာသော NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈,၃၀၀ ပြား၊ ဘိန်းဖြူ ၁၂ ဒသမ ၄၇၄ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 22 April 2022
ယူနီဆက်နဲ့မိတ်ဖက်အဖွဲ့အစည်းများက ချင်း၊ ကချင်၊ စစ်ကိုင်း၊ ကရင်၊ ရခိုင်၊ ရှမ်း နဲ့ ကယားပြည်နယ်တွေက ကလေးငယ် ၆ သောင်းခန့်ကို ကလေးငယ်ဘဝ ပညာရေးပံ့ပိုးမှုများအပါအဝင် သင်ယူလေ့လာမှုများ လက်လှမ်းမီရရှိနိုင်အောင် ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ထို့ပြင် မတ်လအတွင်းမှာ ယူနီဆက်က ရှမ်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းက ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ဦးရေ ၈,၀၀၀ ကျော်အတွက် အသင့်စား ကုထုံးအစားအစာများ၊ အနုအာဟာရဓာတ်များနဲ့ ဗီတာမင်အေကဲ့သို့ မရှိမဖြစ်အရေးပါတဲ့ အာဟာရထောက်ပံ့ပစ္စည်းများကိုလည်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ပေါင်းစပ်အာဟာရစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပြီး ကလေးငယ်နဲ့ အမျိုးသမီး ၄၅,၀၀၀ ခန့်ကို ပြင်းထန်အာဟာရချို့တဲ့ဝေဒနာ စောင့်ကြည့်စစ်ဆေးခြင်းနဲ့ ကုသခြင်းများပြုလုပ်ပေးခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးတွင် အာဟာရဝန်ဆောင်မှုများ တိုးချဲ့ပံ့ပိုးပေးလျှက်ရှိပြီး အသက်ငါးနှစ်အောက် ကလေးငယ်ဦးရေ ၄,၀၀၀ နီးပါးကို စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကာ မိခင်နဲ့ ပြုစုစောင့်ရှောက်သူ ၂,၀၀၀ ဦးခန့်ကိုလည်း နှစ်သိမ့်ဆွေးနွေးပြီး အကြံဉာဏ်များပေးခဲ့ပါတယ်။
ထို့ပြင် ကလေးငယ်များနဲ့ မိသားစုများကို ရေနဲ့သန့်ရှင်းရေး ဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးပေးလျှက်ရှိကာ မတ်လအတွင်း၌ ပဋိပက္ခကြောင့် ထိခိုက်ခံစား ကြရသူ ဦးရေ ၁၀၈,၀၀၀ ကို သန့်ရှင်းသောသောက်ရေများ ကူညီပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ်များနဲ့ အခြားသူများအတွက် အရေးပေါ်အာဟာရ၊ ကျန်းမာရေး၊ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာရေးနဲ့ ကလေးသူငယ် ကာကွယ်ရေးအကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group.
#LocalNews
Published - 22 April 2022
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ အမှတ်(၂)ကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စည်ပင်ဧည့်ရိပ်သာ အမှတ်(၂)ကို ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေး Quarantine Center အဖြစ် အသုံးပြုပြီး ပြန်လည်အပ်နှံခဲ့သည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)ရှိ အဆောင်များအား ပြန်လည်မွမ်းမံပြင်ဆင်ခြင်း၊ ချို့ယွင်းပျက်စီးနေသည့် ရေပိုက်များ၊ လျှပ်စစ်မီးလိုင်းများပြင်ဆင်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် သန့်ရှင်းရေးများကို ပြုလုပ် ဆောင်ရွက်ခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်းမှာပင် တည်းခိုမည့်ဧည့်သည်များ စတင် လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်စည်ပင် ဧည့်ရိပ်သာ(၁)နှင့်(၂)ရှိ အခန်းများတွင် ခုတင်(၃)လုံးပါ ရိုးရိုးခန်း တစ်ခန်းလျှင် ငွေကျပ် ၁၂,၆၀ဝ ၊ အစိုးရဝန်ထမ်းဖြစ်ပါက ငွေကျပ် ၈,၄၀ဝိ ၊ Air Con ခန်း တစ်ခန်းလျှင် ငွေကျပ်၂၃,၁၀ဝိ၊ အစိုးရဝန်ထမ်းဖြစ်လျှင် ငွေကျပ် ၁၆,၈၀ဝိ ဖြင့် တည်းခိုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်ရှိ ဧည့်ရိပ်သာ(၁)ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ထားပြီး အများပြည်သူများ တည်းခိုလျက်ရှိကာ ဧည့်ရိပ်သာ(၂)ကိုလည်း ယခုရက်ပိုင်းအတွင်း ဖွင့်လှစ်နိုင်ဖို့ စီစဥ်နေတာဖြစ်တယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရပါတယ်။
ဓါတ်ပုံ - နေပြည် တော် စည်ပင်သာယာ ရေး ကော်မတီ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 22 April 2022
မြန်မာပြည်သူတွေ ငြိမ်းချမ်းစေဖို့အတွက် အသစ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဗီနေးကူးမားက ရွှေတိဂုံဘုရားမှာ ဆုတောင်းမှုတွေကို ပြုလုပ်ပေးခဲ့တယ်လို့ အိန္ဒိယသံရုံးက ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားဟာ ဧပြီ ၂၁ ရက်နေ့မနက်မှာ ရွှေတိဂုံဘုရားကို သွားရောက်ပြီး ဆွမ်းကပ်လှူဒါန်းကာ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာပြီး ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ဆုတောင်းပေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအသစ် မစ္စတာ ဗီနေးကူးမားသည် ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သူလည်းဖြစ်ပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး
ymg/kg
#Yangon_Media_Group
#LocalNews
Published_22 April 2022
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသမြောက်ဦးမြို့ နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကို ဖယ်ရှားတော့မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)က သိရသည်။
မြောက်ဦးဒေသ ယဉ်ကျေးမှုအမွေအနှစ်ယူနက်စကိုဝင်နိုင်ရေးအတွက် တင်ပြထားပြီး ဖြစ်ရာ ယခု ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတိုတွင် သက်ဆိုင်ရာပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်သောကြောင့် စနစ်မကျသော ဆိုင်ခန်းများ၊ကျူးကျော်နေထိုင်ခြင်းများမှာ အမြင်မတင့်တယ်သောကြောင့် ယူနက်စကိုကိစ္စတွင် အနှောင့်အယှက်ဖြစ်နိုင်ကြောင်းလည်း သိရသည်။
"ယူနက်စကိုပညာရှင်တွေလာကြည့်တဲ့အခါ မြင်ကွင်းတွေကို ပိတ်ဆို့စေပြီးတော့ အဟန့်အတားဖြစ်စေပါတယ်။ အခု ပထမအဆင့်အနေနဲ့ နန်းတော်ရာကုန်းပတ်ဝန်းကျင်မှာရှိတဲ့ ကျူးကျော်တွေကို ဖယ်ရှားဖို့နဲ့ မဖယ်ရှားဘူးဆိုရင်တော့ အာဏာပိုင်တွေက အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်ကြမှာ ဖြစ်ပါတယ်။ နန်းရာကုန်းဝန်းကျင်မှာဆိုရင် အစိုးရအဆောက်အုံတွေဖြစ်တဲ့ ဆေးရုံဟောင်း၊ စာသင်ကျောင်းတွေအပြင် ကျူးကျော်တွေအကုန်လုံးကို ရှင်း" ဟုအမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)၏တာဝန်ရှိသူကပြောသည်။
လာမည့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ မြောက်ဦးဒေသအား ယူနက်စကိုစာရင်း ဝင်၊မဝင် ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း ၊ နန်းတော်ရာကုန်း ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်နေရာတွင် ထမင်းဆိုင်၊ ကွမ်းယာဆိုင်၊ လဖက်ရည်ဆိုင်၊ ဆီဆိုင် စသည့်ဆိုင်ခန်း ၃၀ ကျော်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 22 April 2022
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် စိတ်ကျန်းမာရေး ပြင်ပလူနာဌာနကို ဧပြီ ၂၆ ရက် အင်္ဂါနေ့တွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
စိတ်ကျန်းမာရေးလူနာဋ္ဌာနကို ပြန်လည်ဖွင့်လှစ်ရာတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ အခြား အထူးကုပြင်ပလူနာဌာနများကိုလည်း ပုံမှန်ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အထူးကုပြင်ပလူနာဌာနများအနေဖြင့် အပတ်စဉ် အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်မှလွဲ၍ ကျန် ၅ ရက်တွင် ဖွင့်လှစ်ထားရှိပြီး၊ သက်ဆိုင်ရာ အထူးကုပြင်ပလူနာဋ္ဌာနများကို နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အထိ ဖွင့်လှစ်ထားပါတယ်။
ရန်ကုန်ဆေးရုံကြီး၌ ခတ္တပိတ်ထားသော အထူးကုပြင်ပလူနာဋ္ဌာနများ အားလုံးကို မတ် ၁ ရက်နေ့မှစ၍ ပုံမှန်အချိန်ဇယားများအတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။
အထူးကုပြင်ပလူနာဋ္ဌာနများ၌ လူနာများနံနက်စောစော လာရောက်တန်းစီ၍ စာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း၊ ပြသရန်အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ လူစုလူဝေးကြောင့် ကိုဗစ် ၁၉ ရောဂါကူးစက်မှုမှကာကွယ်ရန် ပြီးခဲ့သော ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ Online Booking စနစ်ကို စတင်စမ်းသပ် သုံးစွဲနေတာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1670 of 1810