#MyanmarNews
Published 17 June 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့ ရွှေတာချီလူမှုကူညီရေးအဖွဲ့ ဆိုင်ကယ် Taxi အသင်းသားတစ်ဦးအား ခရီးသည်တဦးအဖြစ် အသွင်ယူ ငှါးရမ်းပြီး ဓားထောက်လူယက်မှုဖြစ်စဥ်တခု ယမန်နေ့ညပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ဆိုင်ကယ် Taxi ဂိတ်တခုသို့ ခရီးသည်တစ်ဦးက မြို့ပြင်ဟွေခိုက်ကျေးရွာ၊ စာသင်ကျောင်း အနီးသို့ လိုက်ပို့ရန် ငှါးရမ်းပြီး အဆိုပါ ရွာအနီးသို့ရောက်ရှိချိန်တွင် ခရီးသည်အသွင်ယူထားသူက ဓားဖြင့်ထောက်၍ ဆိုင်ကယ်အား လုယက်ရန် ပြုလုပ်ခဲ့ကြောင်း ၊ လုယက်ခံရသူ ရွှေတာချီ အသင်းသား ဦးမျိုးလွင် Taxi အကျီနံပတ်(619) သည် ခရီးသည်ဟန်ဆောင် လုယက်သူအား ပြန်လည်ခုခံခဲ့ခြင်းကြောင့် ထိုသူမှာ ဆိုင်ကယ်အားထားပစ်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဦးမျိုးလွင်မှာ ပြန်လည်ခုခံရင်း ဘယ်ဘက်နံကြား တစ်ချက်၊ ဘယ်ဘက်ပေါင်တွင်တချက်၊ ဓားဒဏ်ရာ ရရှိခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံသိုသွားရောက််ဆေးဝါးကုသမှုခံယူရကြောင်း သိရှိရပါတယ်။
ဒဏ်ရာရရှိသူ ဦးမျိုးလွင်အား ရွှေတာချီ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးဘိုစံနှင့် ကော်မတီဝင် ဦးဘမိုးမြင့်၊ ဦးသိန်းမြင့်တို့က သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးဝါးကုသမှုစရိတ်အဖြစ် ထိုင်းဘတ်ငွေ (2000)ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း၊ အသွင်ယူအကြမ်းဖက်သူကို ရဲတပ်ဖွဲ့ကအမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
ymg/ys-tcl
#Yangon_Media_Group
#LocalNews
Published_17 June 2022
ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၄၇ ရာခိုင်နှုန်းကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ အများဆုံးရှိခဲ့သည့် ရခိုင်ပြည်နယ်တွင် စာမေးပွဲဖြေဆိုသူဦးရေ ၄၁၇၅၅ ဦးရှိသည့်အနက် အောင်မြင်သူဦးရေ ၁၉၇၂၉ ဦးရှိသောကြောင့် ဖြေဆိုသူဦးရေ၏ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် စာမေးပွဲအောင်မြင်သူ ၂၈၁၅ ဦးရှိသည့်အတွက် ဖြေဆိုခဲ့သူဦးရေ၏ ၅၄ ဒသမ ၆၆ ရာခိုင်နှုန်းအောင်မြင်ကာ (၆) ဘာသာဂုဏ်ထူးရှင် (၂၂) ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၃၅)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်(၆၅)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၁၂၉)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင်(၁၉၉)ဦး နှင့် (၁) ဘာသာဂုဏ်ထူးရှင် ၇၇၄ ဦး စုစုပေါင်းဂုဏ်ထူးရရှိခဲ့သူ ၁၂၂၄ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။
၂၀၂၂ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၁၇ ရက် (ယနေ့)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး၌ ဝင်ရောက်ဖြေဆိုခဲ့သူဦးရေ ၂၈၁၇၅၁ ဦး ရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၄၂၀၇၇ ဦး ရှိသဖြင့် တစ်နိုင်ငံလုံး ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_17 June 2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်ခံရ၍ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဇွန်လ ၁၆ ရက် ည ၈ နာရီကျော်အချိန်တွင် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ရုံး၌ထိုင်နေကြစဉ် ဆိုင်ကယ်ဖြင့်လာသူများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်၍ အဆိုပါ ရုံး၏အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျည်ထိမှန်သူများမှာ ဆယ်အိမ်မှူးများဖြစ်ပြီး တစ်ဦးတွင်ခြေထောက်ကျည်ထိဒဏ်ရာ၊ နောက်တစ်ဦးတွင် တင်းပါး၌ကျည်ထိဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုအခါ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းတွင် အဆိုပါ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရသည်မှာ ယခုတစ်ကြိမ်နှင့်ဆိုပါက လေးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_17 June 2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း ၆၂-၆၃ကြားရှိ KBZဘဏ်ခွဲတစ်ခုတွင် ယနေ့ ဇွန်လ ၁၇ ရက် နံနက်က ဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
"ဓားပြတိုက်တာ မှန်တယ်။ အခုမှ စစ်ဆေးနေကြတုန်းပါ။ ကျွန်တော်တို့လည်းရောက်နေပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။
အဆိုပါဓားပြတိုက်မှု ဖြစ်စဉ်အကြောင်းနှင့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။
လက်ရှိတွင် အမှတ်(၃)နယ်မြေရဲစခန်းအပါအဝင် တာဝန်ရှိ လုံခြုံရေးအဖွဲ့များက လုံခြုံရေးဆောင်ရွက်၍ စစ်ဆေးမှုများပြုလုပ်နေကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 17 June 2022
ရှေ့ဆောင်မျက်မမြင်ကျောင်း(မိတ္ထီလာ)မှာ တစ်ဦးတည်းတက္ကသိုလ်ဝင်တန်းဝင်ဖြေတဲ့ မျက်မမြင်ကျောင်းသားသမိုင်းဘာသာဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်တယ်လို့ ကျောင်းတာဝန်ရှိသူက YMG ကို ပြောပါတယ်၊၊
၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်မှာ ကိုဗစ်ဖြစ်ပွားမှုတွေကြောင့် ကျောင်းတက်တဲ့ မျက်မမြင်ကျောင်းသားနည်းပါးခဲ့သလို တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူတွေလည်းနည်းပါးခဲ့တာပါ၊၊
၂၀၂၁-၂၀၂၂ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းမှာ ရှေ့ဆောင်မျက်မမြင်ကျောင်း (မိတ္ထီလာ)အနေနဲ့ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူတစ်ဦးတည်းသာရှိပြီး အခုလိုထူးချွန်စွာအောင်မြင်တဲ့အတွက် ဝမ်းသာကြောင်း ရှေ့ဆောင်မျက်မမြင်ကျောင်း(မိတ္ထီလာ)တာဝန်ခံကပြောပါတယ်၊၊
သမိုင်းဘာသာဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ မျက်မမြင်ကျောင်းသားကတော့ မောင်ဇော်နှင်းသက်၊ အသက်(၂၉)နှစ်ရှိပြီ ဖြစ်ပါတယ်၊၊
မောင်ဇော်နှင်းသက်က"အတိုင်းမသိဝမ်းသာတာပေါ့နော်၊၊ တစ်ကျောင်းလုံးမှာ တစ်ယောက် တည်းဝင်ဖြေရတာဆိုတော့ အားငယ်တာပေါ့နော်၊၊ အောင်တော့လည်းဝမ်းသာတာပဲ၊၊ နေတာက ရှေ့ဆောင် မျက်မမြင်ကျောင်းမှာပေါ့၊၊ ဇာတိကတော့ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့နယ်၊ အုန်းမင်ကျေးရွာပါ၊၊ မနှစ်က ဖြေတာ၊၊ ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်မှာဖြေတာ၊ ဒီနှစ်အောင်တာ၊၊ ကျောင်းဆက်တက်သွားမယ်၊၊ ဖြစ်ချင်တဲ့ဆန္ဒက ကျွန်တော့်လို မသန်စွမ်းတွေကူညီပေးတာ၊ ပြန်သင်ကြားပေးတာ ဝါသနာပါတယ်ခင်ဗျ"လို့ YMG ကို ပြောပါတယ်၊၊
မျက်မမြင်ကျောင်းသားအနေနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ဖို့ အများကြီးကြိုးစားခဲ့ရပြီး အသက်(၂၉) နှစ်မှာ သမိုင်းဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့တာ ဖြစ်ပါတယ်၊၊
ရန်ကုန်မြို့ရှိ ကြည်မြင်တိုင်မျက်မမြင်ကျောင်းမှာတော့ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းမှာ ဝင်ရောက်ဖြေဆိုသူတစ်ဦးမှမရှိကြောင်း ကျောင်းတာဝန်ရှိသူထံမှ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _ 17 June 2022
တိရစ္ဆာန်ရောဂါများ၏ အဓိပ္ပာယ်ကို တိတိကျကျ စစ်ဆေးနိုင်မည့် အဆင့်မြင့်တိရစ္ဆာန်ရောဂါ ဓာတ်ခွဲခန်းစီမံကိန်းကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဓာတ်ခွဲခန်းစီမံကိန်းကို တရုတ်ယွမ်ငွေ ၃၁ ဒသမ ၃၁၂၄ သန်းဖြင့် နေပြည်တော်၊ တပ်ကုန်းမြို့တွင် လာမည့် ၂၀၂၃ ခုနှစ်၌ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာရဲထွန်းက ပြောသည်။
"စီမံကိန်းက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲက စတင်ဖို့လုပ်ဆောင်နေတာပါ။ အခုကတော့ လက်တွေ့အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ သဘောတူစာချုပ်လဲ ထိုးထားပြီးပါပြီ။ တရုတ်နိုင်ငံ ကနေ ယွမ် ၃၁ ဒသမ ၃၁၂၄ သန်းခန့် အကုန်အကျခံပြီး တည်ဆောက်ပေးသွားမှာပါ။ ပြီးတော့ သူတိုနိုင်ငံက ကျွမ်းကျင်ပညာရှင်တွေက လာရောက်ပြီး ဒီက ပညာရှင်တွေနဲ့ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဓာတ်ခွဲခန်းကို ဇီဝလုံခြုံမှုအဆင့် ၃ သတ်မှတ်ဆောက်လုပ်မှာဖြစ်တယ်။ ဇီဝအဆင့် ၃ ဓာတ်ခွဲခန်းက မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ပြောလို့ရပါတယ်၊ နောက်ပြီးအိမ်နီးချင်းနိုင်ငံတွေမှာတောင် ဒါမျိုးဆောက်လုပ်ထားတာ မတွေ့ရသေးပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်း အခုလက်ရှိ အဆင့်မြင့်ဓာတ်ခွဲခန်းက ၃ခု ရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ ရှိနေတာပါ။ အခုတည်ဆောက်မဲ့ဓာတ်ခွဲခန်းက အဲ့၃ ခု ထက်ပိုပြီးအဆင့်မြင့်ပါတယ်။ မကြာခင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဒီကိုရောက်တာနဲ့ စတင်အကောင် အထည်ဖော်မှာဖြစ်ပြီး ကျွန်တော်တို့ဘက်က မြေနေရာပတ်ဝန်းကျင်ရှင်းလင်းရေးတွေ၊ လမ်းဖောက်ပေးတာတွေနဲ့ ခြံစည်းရိုးခတ်ပေးတာတွေကို တာဝန်ယူလုပ်ဆောင်ပေးမှာပါ" ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာရဲထွန်းက ပြောသည်။
အဆင့်မြင့် ဓာတ်ခွဲခန်းကို လာမည့် ၂၀၂၃ ခုနှစ်တွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး နေပြည်တော်၊ တပ်ကုန်းမြို့အတွင်း မြေဧက (၅၀)ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းဌာနမှသိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 17 June 2022
တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ တက်ရောက်ဆွေးနွေးမည့် ခေါင်းဆောင်များ၏ အမည်စာရင်းကို ဇွန်လ ၃၀ ရက် နောက်ဆုံးထားပေးပို့ရန် ဖိတ်ခေါ်ထားကြောင်း နစက သတင်းပြန်ကြားရေးခေါင်းဆောင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဇွန်လ ၁၆ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းမှပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဖိတ်ခေါ်မှုအပေါ် တက်ရောက်ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌကိုယ်စားအဆုံးအဖြတ်ပေးနိုင်မယ့် ခေါင်းဆောင်နဲ့ အဖွဲ့ဝင် (၂)ဦးရဲ့ အမည်စာရင်းကို ဒီလ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးဖို့ ကမ်းလှမ်းထားပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယင်းအပြင် ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ဖိတ်ခေါ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ကမ်းလှမ်းချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ တက်ရောက်ဆွေးနွေးရန် သဘောတူထားပြီး လက်ရှိအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC)၊ "ဝ"ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။
ဆွေးနွေးရန် ကျန်ရှိနေသည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ပါဝင်ဆွေးနွေးကြရန် နစက ဥက္ကဋ္ဌမှ ထပ်မံဖိတ်ခေါ်ထားသည်။
နစက ဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် ဇွန်လ ၁၆ ရက်တွင် နေပြည်တော်၌ ဆွေးနွေးလျှက်ရှိကြောင်း နစက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ymg/ NN
#Yangon_Media_Group
Page 1656 of 1913