#Local_News
Published 06 October 2026

■ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ Gelora Bung Karno အားကစားကွင်း၌ အောက်တိုဘာ ၅ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သည့် FIFA ASEAN Cup 2026 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇနှင့် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

■ အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို (Gianni Infantino)၊ အာဆီယံဒေသတွင်း နိုင်ငံအသီးသီးမှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသတွင်း ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

■ ထို့နောက် MFF အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားသည့် FIFA ASEAN Cup ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ပြီး ပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ကြောင်းသိရသည်။

■ အဆိုပါ ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်းတို့ မိနစ် ၉၀ နှင့် အချိန်ပို ၃၀ မိနစ်အထိ ၂ ဂိုးစီ သရေကျနေခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ အင်ဒိုနီးရှားအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုံးအကြိမ် FIFA ASEAN Cup ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times