#Local_News
Published 06 October 2026
■ ဂျပန်ဘာသာသင်ကြားနေသည့် မြန်မာဆရာ၊ ဆရာမများအတွက် ဂျပန်ဖောင်ဒေးရှင်း (JF) ၏ ၂၀၂၇ ဘဏ္ဍာရေးနှစ် နိုင်ငံရပ်ခြားဂျပန်ဘာသာဆရာများ သင်တန်းအစီအစဉ်များနှင့်ပတ်သက်သည့် ရှင်းလင်းပွဲကို အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ Hybrid ပုံစံဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါရှင်းလင်းပွဲကို ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) နှင့် Zoom တို့မှတစ်ဆင့် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပမည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ The Japan Foundation Japanese-Language Institute, Urawa တွင် ပြုလုပ်သည့် ဂျပန်ဘာသာသင်ကြားနည်း၊ ဂျပန်ဘာသာနှင့် ဂျပန်ယဉ်ကျေးမှုဆိုင်ရာ သင်တန်းအစီအစဉ်များကို မိတ်ဆက်ရှင်းလင်းပေးမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါသင်တန်းများအတွက် ၂၀၂၇ ဘဏ္ဍာရေးနှစ် လျှောက်လွှာများကို လက်ခံနေပြီဖြစ်သဖြင့် သင်တန်းအစီအစဉ်များ၊ လျှောက်ထားနိုင်သည့်အခြေအနေများနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပွဲတွင် သိရှိနိုင်မည်ဖြစ်သည့်အပြင် အဆိုပါသင်တန်းအစီအစဉ်များသို့ ယခင်က သွားရောက်တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ ဂျပန်ဘာသာဆရာ၊ ဆရာမများက သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ပြန်လည်မျှဝေပေးသွားမည်ဖြစ်ေကြာင်း သိရသည်။
■ ရှင်းလင်းပွဲသို့ ဂျပန်ဘာသာသင်ကြားနေသည့် မြန်မာလူမျိုးဆရာ၊ ဆရာမများ တက်ရောက်နိုင်ပြီး ဂျပန်စာအရည်အချင်း သတ်မှတ်ချက်ထားရှိခြင်းမရှိကြောင်း သိရသည်။ အခမ်းအနားတွင် ဂျပန်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရှင်းလင်းမည်ဖြစ်ပြီး သင်တန်းအစီအစဉ်မိတ်ဆက်ခြင်းကို ဂျပန်ဘာသာဖြင့်သာ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
■ ရှင်းလင်းပွဲကို အမှတ် (၇၀)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်ရှိ JFYG တွင် ကျင်းပမည်ဖြစ်ပြီး အွန်လိုင်းမှ တက်ရောက်မည့်သူများအတွက် Zoom Link ကို အီးမေးလ်မှတစ်ဆင့် ပေးပို့မည်ဖြစ်သဖြင့် လျှောက်လွှာဖောင်တွင် အီးမေးလ်လိပ်စာကို မှန်ကန်စွာ ဖြည့်စွက်ရန်လိုအပ်ကာ တက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာဖောင်ကို အောက်တိုဘာ ၁၁ ရက် ညနေ ၅ နာရီ နောက်ဆုံးထား၍ ဖြည့်စွက်စာရင်းပေးသွင်းနိုင်ပြီး ၂၀၂၇ ဘဏ္ဍာရေးနှစ် သင်တန်းအစီအစဉ်အသေးစိတ်အချက်အလက်များကိုလည်း သတ်မှတ်ထားသည့် လင့်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times