နေပြည်တော်၊ အောက်တိုဘာ ၅

အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာ ပြည်သူ လူထု၏ ယုံကြည်အားကိုးမှုရရှိပြီး နိုင်ငံသည် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအား နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်းညွှန်မှာကြားစဉ် ပြောကြားသည်။

အချက်အလက်များအရ နိုင်ငံ၏ ဂျီဒီပီ ၃ ရာခိုင်နှုန်းခန့် တိုးတက်လာသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးနေဆဲဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှုအားနည်းကာ နိုင်ငံ့စီးပွားရေးတိုးတက်မှု နှေးကွေးနေရသကဲ့သို့ ကုန်ထုတ် လုပ်ငန်းများ စွမ်းအားပြည့် လုပ်ကိုင်ခြင်းမရှိမှုကလည်း စီးပွားရေးအားနည်းမှုကို ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောကြားသည်။

အစိုးရတာဝန်ထမ်းဆောင်မှု မကြာမီ ခြောက်လပြည့်မြောက်တော့မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် မလွဲမသွေဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးပိတ်ဆို့မှု၊ ဘဏ္ဍာရေးအကူအညီနှင့် နိုင်ငံတကာဈေးကွက် အပြည့်အဝမရရှိမှု၊ ကုန်သွယ်မှု ကျဆင်းမှုတို့ကြောင့် ကုန်ထုတ်လုပ်ငန်းများ စွမ်းအားပြည့်လည်ပတ်ရန် အခက်အခဲရှိနေကြောင်း၊ ပျက်စီးသွားသည့် လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာတွင် ဘဏ္ဍာငွေ၊ လူ့စွမ်းအားနှင့် အချိန်များ ထပ်မံအသုံးပြုနေရသဖြင့် မူလရည်မှန်းထားသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ နှောင့်နှေးနေရကြောင်း ပြောကြားသည်။

ယင်းအခြေအနေတွင် စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ရန်နှင့် ပြည်တွင်း လုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စက်မောင်းဆီအပါအဝင် လိုအပ်သည့် သွင်းအားစုများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဒေသအစိုးရအဖွဲ့များက ဖြည့်ဆည်းပေးရန် မှာကြားသည်။ ကြက်သွန်၊ အာလူး၊ ငရုတ်စသည့် အခြေခံစားကုန်သီးနှံများနှင့် အသား၊ ငါး၊ ရေထွက်ကုန်များကိုလည်း ဈေးကွက်လိုအပ်ချက်နှင့်အညီ တိုးမြှင့်ထုတ်လုပ်ရန် ပြောကြားသည်။

ပြည်တွင်းကုန်ကြမ်းအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ရာဘာမှ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးတာယာ၊ ကျွတ်နှင့် အခြားလူသုံးကုန်များ ထုတ်လုပ်ရန်၊ ဝါမှ ချည်မျှင်နှင့် အထည်အလိပ်အထိ ဆက်စပ်ကုန်ထုတ်လုပ်မှုများ တိုးတက်စေရန် မှာကြားသည်။ ရင်းနှီးမြှုပ်နှံမှုတွင် ပြည်တွင်းလုပ်ငန်းရှင် များကို ဦးစားပေးသကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ရန်နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြေရှင်းနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုတိုးမြှင့်ကာ စားသုံးမှုဖူလုံအောင် ဆောင်ရွက်ရန် ပြောကြား သည်။

ပို့ကုန်တိုးမြှင့်ရေးနှင့်ပတ်သက်၍ အရည်အသွေးကောင်း စပါးမျိုးများစိုက်ပျိုးခြင်း၊ ဆန်စက်များ အဆင့်မြှင့်ခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းတို့ ဆောင်ရွက်ရန်၊ ဆန်ကွဲကို တိုက်ရိုက်တင်ပို့မည့်အစား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရန်နှင့် စီးပွားရေးသံမှူးများက ပြည်ပဈေးကွက်များ ရှာဖွေပေးရန် မှာကြားသည်။ ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် လုပ်သားအရင်းအမြစ် လိုအပ်နေပြီး ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မှုကြောင့် ပြည်တွင်းလုပ်သားအင်အား ဆုံးရှုံးမှုများရှိကြောင်းနှင့် ပညာတတ် လူ့စွမ်းအားအရင်းအမြစ် အားနည်းနေကြောင်းလည်း ထည့်သွင်းပြောကြားသည်။

အယ်လ်နီညိုကြောင့် အပူလွန်ကဲခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနှင့် မြေအောက်ရေခမ်းခြောက်ခြင်းတို့ ကြုံတွေ့နိုင်ကြောင်း သုံးသပ်မှုများရှိသဖြင့် လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီမတိုင်မီအထိ ကြိုတင် ပြင်ဆင်ထားရန် သမ္မတက မှာကြားသည်။ သောက်သုံးရေနှင့် စိုက်ပျိုးရေကို ထိန်းသိမ်းသုံးစွဲခြင်း၊ ဆည်နှင့် တာတမံများ၌ ရေသိုလှောင်ခြင်း၊ ရေအလေအလွင့်မရှိစေရန် ကြပ်မတ်ခြင်း၊ အပူရှောင်စခန်း များ ဖွင့်လှစ်ခြင်းနှင့် ကြာရှည်အထားခံ စားနပ်ရိက္ခာများ စုဆောင်းခြင်းတို့ ဆောင်ရွက်ရန်၊ မိုးနှောင်း ရာသီသီးနှံများ ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးပြီး မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်  ပတ်နိုင်ရန် စီမံထားရန် ပြောကြားသည်။

ပြည်ထောင်စုနှင့် ဒေသအဆင့် တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ အသိပညာ၊ အတွေ့အကြုံများနှင့် ဒေသအလိုက် အားသာချက်များကို အသုံးချကာ ရည်မှန်းချက်များချမှတ်၍ နိုင်ငံ့စီးပွားရေးနှင့် ပြည်သူ တို့၏ လူမှုစီးပွားဘဝ တိုးတက်ရေးကို အကောင်အထည်ဖော်ရန်လည်း တိုက်တွန်းခဲ့သည်။