#Local_News
Published 06 October 2026

■ ဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနဖွင့်ပွဲနှင့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးညီလာခံ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

■ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ တရုတ်သံမှူး Mr. Li Qianguo ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

■ ဦးစွာဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် နှင့် တက်ရောက်လာကြသူများသည် ဒေသဆိုင်ရာလေ့လာရေးဗဟိုဌာနအတွင်း လှည့်လည်ကြည့်ရှုကြသည်။

■ ယင်းနောက် ညီလာခံအခမ်းအနားကို ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က အဖွင့်အမှာစကားပြောကြားသည်။

■ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး Mr. Li Qianguo တို့က နှုတ်ခွန်းဆက်စကားအသီးသီးပြောကြားကြသည်။

■ ထို့နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက် က ပြည်ထောင်စုဝန်ကြီးနှင့် အထူးဧည့်သည်တော်များအား အထိမ်းအမှတ်လက်ဆောင်များပေးအပ်ပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times