#LocalNews

Published - 16 Dec 2021

 

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်းကို ပြန်လည်ဝင်ရောက်လေ့လာခွင့်နဲ့ လုပ်ငန်းများကို အမြန်ဆုံးပြန်လည်စတင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပြီး အကျဉ်းထောင်များတွင် အကျဥ်းသားများနဲ့ ယင်းတို့၏ မိသားစုများဖြစ်နိုင်သမျှမြန်မြန် ပြန်လည်တွေ့ဆုံနိုင်ကြရန်အတွက် ကြိုးပမ်းသွားမယ်လို့ International Committee of the Red Cross Myanmar က ထုတ်ပြန်လိုက်ပါတယ်။

 


ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံတွင် အိုင်စီအာရ်စီက အကျဉ်းသားများနဲ့ ၎င်းတို့၏ မိသားစုများကို ကူညီပေးနေခဲ့တာဟာ ဆယ်စုနှစ်အချို့ ရှိပြီဖြစ်ပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်းတွင် အကျဥ်းထောင်တာဝန်ရှိသူများ၏ တောင်းဆိုချက်အရ အိုင်စီအာရ်စီက အကျဥ်းထောင်များတွင်ဆောင်ရွက်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားရောက်လေ့လာမှုနှင့် လုပ်ငန်းများကို ၂၀၂၀ ခုနှစ် မတ်လမှစတင်ပြီး ရပ်ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့ကြောင့် မြန်မာနိုင်ငံတွင် အကျဥ်းထောင်သို့ သွားရောက်လေ့လာမှုနှင့် လုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိကာ တာဝန်ရှိသူ အဆင့်ဆင့်နှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း အကျဉ်းထောင်များသို့ ပြန်လည်ဝင်ရောက်ပြီး လုပ်ငန်းများ ပြန်လည်စတင်ရန် ခွင့်ပြုချက်မရရှိသေးဘူးလို့ သိရပါတယ်။

 

သို့ရာတွင် အိုင်စီအာရ်စီ၏ အကျဥ်းထောင်လုပ်ငန်းများဆောင်ရွက်သည့် အဖွဲ့များသည် အကျဥ်းထောင်အတွင်းသို့ ပြန်လည်သွားရောက်လေ့လာခွင့် မရရှိမချင်း ထိန်းသိမ်းခံထားရသူများ၏ အကျိုးအတွက်ရည်ရွယ်အလေးထားကာ အဝေးမှနေ၍ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

 

၂၀၂၁ ခုနှစ် မတ်လတွင် အရေးပေါ်ခေါ်ဆိုနိုင်တဲ့ ဖုန်းလိုင်းများထားရှိခဲ့ပြီးနောက် ပြီးခဲ့သောလအနည်းငယ်အတွင်းမှစပြီး အထိန်းသိမ်းခံရသူများနှင့် ၎င်းတို့၏ မိသားစုများအကြား အဆက်အသွယ်ပြန်လည်ရရှိနိုင်ရန် ကူညီပေးခဲ့ရာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အိုင်စီအာရ်စီ ၏ ရုံးခွဲ ၉ ခုသို့ လာရောက်သည့်သူများအား နေ့စဥ်လက်ခံတွေ့ဆုံကူညီပေးလျက်ရှိပြီး မိသားစု ၈၅၀ ကျော်အား ၎င်းတို့၏ ဆွေမျိုးများ ထိန်းသိမ်းခံထားရသည့်နေရာများကို သိရှိစေနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

#Yangon_Media_Group