#LocalNews

Published - 16 Dec 2021

 

ဒီကနေ့ နံနက်ပိုင်းအချိန်က မန္တလေး-ပြင်ဦးလွင်ကားလမ်း (၁၉)မိုင်အနီး မီးတိုင်ကွေ့တွင် တွဲကားတစ်စီးဘရိတ်ပေါက်ကာ အရှိန်လွန်တိမ်း မှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါတွဲကားဟာ ဘိလပ်မြေများတင်ဆောင်လာသည့် ၂၂ ဘီးယာဉ်ဖြစ်ပြီး ယင်းကဲ့သို့ အရှိန်လွန်တိမ်းမှောက်မှုကြောင့် လမ်းပေါ် ရှိ ဆိုင်ကယ်သုံးစီးပါ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

 

ယင်း ယာဥ်တိမ်းမှောက်မှုကြောင့် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် ဆိုင်ကယ်စီးနှင်လာသူ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရကာ တွဲကားယာဥ်မောင်းနှင့် ဆိုင်ကယ်သမား ၂ ဦး စုစု ပေါင်းလူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်။

 

"တွဲကားက ဘရိတ် ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာ။ သူတိမ်းမှောက်တဲ့အချိန်မှာ ဘေးကဆိုင်ကယ်တစ်စီးကို ချိတ်မိပြီး အဲ့ဒီဆိုင်ကယ်ကို စီးလာတဲ့ ၅ နှစ်သားကလေးနဲ့ ၁၆ နှစ်အမျိုးသား ညီအကိုနှစ်ဦးပေါ့ သူတို့က ကားပေါ်က ကျလာတဲ့ဘိလပ်မြေအိတ် တွေပိမိပြီး သေဆုံးခဲ့ရတယ်။ ပြောရရင် ကျွန်တော်တို့အဖွဲ့ ရောက်တဲ့အချိန်မှာ သူတို့က ဘိလပ်မြေအိတ်တွေပိပြီးတော့ သေဆုံးနေခဲ့တာပါ။

 

တွဲကားနဲ့ ချိတ်ပါသွားတဲ့အထဲမှာ ကျန်တဲ့ဆိုင်ကယ်နှစ်စီးလည်း ပါပါတယ်။ စုစုပေါင်း ဆိုင်ကယ် ၃ စီးကို အရှိန်လွန်ပြီးတိုက်မိတယ် ပြီး တော့မှ တိမ်းမှောက်သွားတာ ၊ တွဲကားယာဥ်မောင်းနဲ့ ကျန်တဲ့ဆိုင်ကယ်စီးသူ ၂ ဦးက ဒဏ်ရာရတယ်။ ဒီယာဥ်တိမ်းမှောက်မှု ဖြစ်စဥ်မှာ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။" လို့ စေတနာမွန်လုမှုကူညီရေးအသင်း (အုန်းချော) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်ကို အခုလို ပြောပြခဲ့ပါတယ်။

 

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးခဲ့ရသူများကို စေတနာမွန်လုမှုကူညီရေးအသင်း (အုန်းချော) မှ ပြင်ဦးလွင်ဆေးရုံကြီးသို့ ကူညီပို့ ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓါတ်ပုံ - စေတနာမွန်လုမှုကူညီရေးအသင်း(အုန်းချော)

#Yangon_Media_Group