#LocalNews

Published - 16 Dec 2021

 

ယခုနှစ် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၈၅ သန်းကျော် ရရှိခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

 

ရေထွက်ကုန်ပစ္စည်းတွေကို နယ်စပ်ဂိတ်တွေမှတစ်ဆင့် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈၇ သန်းကျော်ရရှိပြီး ပုံမှန်ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ ၃၉၇ သန်းကျော် ရရှိခဲ့တဲ့အတွက် စုစုပေါင်း တင်ပို့မှုတန်ဖိုး ၇၈၅ သန်းကျော် ရရှိခဲ့ပါတယ်။

 

ယခင်နှစ် ဘဏ္ဍာနှစ်က ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၅၈ သန်းကျော်ရရှိခဲ့ပြီး နယ်စပ်ဂိတ်တွေမှ တစ်ဆင့်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂၄ သန်းကျော်ရရှိပြီး ပုံမှန်ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ ၃၃၄ သန်းကျော် ရရှိခဲ့ပါတယ်။

 

ငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းအရ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံသို့ ယခု ဘဏ္ဍာနှစ်အတွက် ရေထွက်ကုန်တန်ချိန် ၁၁၁,၀၈၂ ဒသမ ၁၇၆ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၂ ဒသမ ၉၈ သန်းရရှိခဲ့ပြီး တရုတ်နိုင်ငံသို့ နှစ်စဉ် ရေထွက်ကုန်တန်ချိန် တစ်သိန်းဝန်းကျင် တင်ပို့လျက်ရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှ ၂၅၀ ကြား ရရှိတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ၂၀၂၀-၂၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ အရှေ့အလယ်ပိုင်းဒေသ GCC အဖွဲ့ဝင် (၆) နိုင်ငံသို့ စုစုပေါင်း အမေရိကန်ဒေါ်လာ (၇၆) သန်းကျော်တန်ဖိုးရှိ ရေချို ၊ ရေငန် ငါး၊ ပုစွန်နှင့်ရေထွက် ပစ္စည်းတန်ချိန် ငါးသောင်းကျော် တင်ပို့ရောင်းချခဲ့ပြီး ဆော်ဒီနိုင်ငံနဲ့ UAE နိုင်ငံတွေကို အမေရိကန်ဒေါ်လာ (၃၆) သန်း တန်ဖိုး စုစုပေါင်းတန်ချိန် ၃၆,၀၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

 

ယခုနှစ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားလို့ နယ်စပ်ဂိတ်တွေ ပိတ်ထားခဲ့တာကြောင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်တွေကို ရေကြောင်းမှသာ အများဆုံးတင်ပို့ခဲ့ရကြောင်း သိရပါတယ်။

Photo CRD#

#Yangon_Media_Group