ဒီဗင်ဒရာ ရှာမား (Devendra Sharma)ရေးသားသည်

အာရှဒေသအနှံ့အပြားတွင် စိုက်ပျိုးရာသီသို့ ရောက်ရှိလာသည်နှင့်အမျှ အာရှတိုက်ကြီး၏ စပါးစိုက်ခင်း များတွင် တိတ်ဆိတ်သော အကျပ်အတည်းတစ်ခု စတင်ဖြစ်ပွားနေပြီဖြစ်သည်။ ကီလိုမီတာပေါင်းများစွာ ဝေးကွာသောနေရာမှ စတင်ခဲ့သည့် ပထဝီနိုင်ငံရေး ပဋိပက္ခသည် ဒေသတွင်း၌ ပြင်းထန်သော စက်သုံး ဆီနှင့် မြေဩဇာ အကျပ်အတည်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ကူးစက်လာခဲ့ပြီး ထပ်မံ၍ လူဦးရေ ၉.၁ သန်းအား စားနပ်ရိက္ခာ မလုံလောက်မှုဘေးသို့ တွန်းပို့နေပြီဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံပြီး ထိခိုက်လွယ်သော စီးပွားရေးရှိသည့် နိုင်ငံများအတွက်မူ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့  ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများသည် ယာယီဖြေရှင်းရုံမျှဖြင့် မလုံလောက်ဘဲ ကုန်သွယ် မှုအပေါ် မှီခိုနေရမှုများနှင့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးများကို အခြေခံကျကျ ပြန်လည်  သုံးသပ်ရန် လိုအပ်လျက်ရှိသည်။

သင်္ဘောတင်ခနှင့် အာမခံခများ မြင့်တက်လာခြင်းနှင့် မြေဩဇာ ပြတ်လပ်မှု အကျပ်အတည်း

လက်ရှိ စိုက်ပျိုးရေးကဏ္ဍ အကျပ်အတည်း၏ အဓိက အကြောင်းရင်းမှာ အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အမှန်တကယ် ပိတ်ဆို့သွားခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာ့မြေဩဇာ ထောက်ပံ့မှု၏ သုံးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ယူရာ ဤအရေးပါသော ရေကြောင်း လမ်းသည် စစ်မက်ဖြစ်ပွားမှုများကြောင့် ပိတ်ဆို့သွားခဲ့ရပြီး ယင်း၏ အကျိုးဆက်အနေဖြင့် ကမ္ဘာ့ ထောက်ပံ့ရေးကွင်းဆက်များကို တုန်လှုပ်စေခဲ့ပြီး ရေကြောင်းကုန်စည် အာမခံခနှင့် သင်္ဘောတင်ခ (FIS) များကို အဆမတန် မြင့်တက်စေခဲ့သည်။

FIS နှုန်းထားများ မြင့်တက်လာခြင်းသည် ရေနံစိမ်း သယ်ယူပို့ဆောင်ရေးကိုသာမက မြေဩဇာ ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းများနှင့် ကုန်ကြမ်းများ သယ်ယူပို့ဆောင်ခကိုပါ ကြီးမားစွာ ရိုက်ခတ်စေခဲ့သည်။ ကမ္ဘာ့ယူရီးယား မြေဩဇာ တင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ တာဝန်ယူထားသည့် ကာတာနှင့် ဆော်ဒီအာရေဗျကဲ့သို့ ပါရှန်ကွေ့နိုင်ငံများရှိ ထုတ်လုပ်မှု အဆောက်အအုံများသည် တိုက်ရိုက်ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပြီး ဖော့စဖိတ်အခြေခံ မြေဩဇာ ထုတ်လုပ်ရန် လိုအပ်သော ဆာလဖာ (Sulfur) ကဲ့သို့ အရေးကြီးသော ကုန်ကြမ်းများလည်း ပြတ်လပ်  မှုနှင့် ရင်ဆိုင်နေရသည်။

မြေဩဇာ ကုန်ကျစရိတ် မြင့်တက်လာမှု အချက်အလက်များ

        ယူရီးယားမြေဩဇာ အခြေခံစျေးနှုန်း- တစ်မက်ထရစ်တန်လျှင် ၈၅၇ ဒေါ်လာ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။

        နှစ်ချုပ်ခန့်မှန်းချက်- ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း မြေဩဇာစျေးနှုန်း စုစုပေါင်း ၃၁ ရာခိုင်နှုန်း မြင့်တက်နိုင်ပြီး ယူရီးယားမြေဩဇာသည် ၆၀ ရာခိုင်နှုန်း ခန့်အထိ မြင့်တက်လာနိုင်သည်။

        စိုက်ပျိုးရေး ကုန်ကျစရိတ်- သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ၏ စျေးနှုန်းများ အဆမတန် မြင့်တက်လာမှုကြောင့် စုစုပေါင်း စိုက်ပျိုးရေး ထုတ်လုပ်မှုစရိတ်သည် ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ မြင့်တက်လာသည်။

မေလမှ ဩဂုတ်လအတွင်း စပါးပျိုးပင်များ ရွှေ့ပြောင်းစိုက်ပျိုးကြမည့် အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့မှ အာရှလယ်သမားများအတွက် ဤကဲ့သို့ ကုန်ကျစရိတ် မြင့်တက်လာခြင်းမှာ လုံးဝ မခံရပ်နိုင်စရာ ဖြစ်လာသည်။ စပါးစိုက်ပျိုးခြင်းသည် မြေဩဇာ အလွန်အမင်း အသုံးပြုရသော ကဏ္ဍဖြစ်ပြီး အရှေ့ အလယ်ပိုင်း သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်သည့် နိုက်ထရိုဂျင်အခြေခံ မြေဩဇာများအပေါ် အဓိက မှီခိုနေရခြင်းဖြစ်သည်။ မြင့်တက်လာသော စိုက်ပျိုးစရိတ်များကို စားသောက်ကုန်စျေးနှုန်းများပေါ်သို့ လွယ်လွယ်ကူကူ လွှဲပြောင်းမချနိုင်သည့် စျေးကွက်များတွင် လယ်သမားများသည် မြေဩဇာ သုံးစွဲမှုကို လျှော့ချရန်သာ ရွေးချယ်ကြလေ့ရှိပြီး ဤသို့ လျှော့ချခြင်းသည် သီးနှံအထွက်နှုန်းကို သိသိသာသာ ကျဆင်းစေမည်ဖြစ်ကာ ဒေသတွင်း စားနပ်ရိက္ခာ အကျပ်အတည်း ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသည်။

ပိတ်ဆို့သွားသော ကုန်သွယ်မှုနှင့် ထိခိုက်လာသော ပို့ကုန်ဝင်ငွေများ

ဤအကျပ်အတည်းသည် ထောက်ပံ့ရေးကွင်းဆက်၏ ဘက်နှစ်ဖက်လုံးကို ထိခိုက်စေသည့် နှစ်ဖက်ညှပ် အခြေအနေဖြစ်သည်။ အာရှနိုင်ငံများသည် စိုက်ပျိုးရေး သွင်းအားစုများကို တင်သွင်းရန် ရုန်းကန် နေရချိန်တွင် အာရှနိုင်ငံများမှ ပါရှန်းကွေ့ဒေသသို့ စားနပ်ရိက္ခာ ပြတ်လည်တင်ပို့သည့် လမ်းကြောင်း  သည်လည်း ထပ်တူ ရှုပ်ထွေးခက်ခဲလာခဲ့သည်။

ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းများသည် အန္တရာယ်များလာပြီး FIS ပရီမီယံကြေးများ မြင့်မားမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ အဆမတန် ကြီးမြင့်လာကာ တင်ပို့မည့် ကုန်စည် စျေးနှုန်းများကို မြင့်တက်စေသည့်အပြင် အာရှနိုင်ငံများ၏ ပို့ကုန်ဝင်ငွေကိုလည်း လျော့နည်း ကန့်သတ်  စေသည်။ ဒေသတွင်း အဓိက စိုက်ပျိုးရေးနိုင်ငံများသည်ပင် ဤဒဏ်ကို စတင်ခံစားနေရပြီဖြစ်သည်။

    ဗီယက်နမ်- ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆန်စပါးတင်ပို့သူဖြစ်ပြီး စွမ်းအင်စရိတ် မြင့်တက်မှုကြောင့် အကျိုးအမြတ် လျော့နည်းလာကာ စပါးစိုက်ပျိုးထုတ်လုပ်မှုကို တက်ကြွစွာ လျှော့ချနေသည်။

    ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်- အလားတူ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ဖိအားများနှင့် ရင်ဆိုင်နေရပြီး ကမ္ဘာ့စျေးကွက်သို့ အစားထိုး တင်ပို့နိုင်စွမ်း ကန့်သတ်ခံထားရသည်။

    အိန္ဒိယ- ကမ္ဘာ့အကြီးဆုံး စပါးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ၎င်း၏ သွင်းကုန်မြေဩဇာ ၄၀ ရာခိုင်နှုန်း မှာ ပါရှန်ကွေ့နိုင်ငံများအပေါ် တိုက်ရိုက်မှီခိုနေရသဖြင့် အလွန် ထိခိုက်လွယ်သော အခြေအနေတွင် ရှိနေသည်။

မြန်မာနိုင်ငံအတွက် လိုအပ်ချက်-ပထဝီနိုင်ငံရေး အခင်းအကျင်းကို ကျော်လွှားခြင်း

ဤကဲ့သို့ ပြိုကွဲပျက်စီးနေသော စီးပွားရေးအခင်းအကျင်းတွင် နိုင်ငံများသည် ချောမွေ့သော ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်မှုစနစ် ရှိနေသည်ဟူသော အတွေးမှားအပေါ် ဆက်လက် မှီခိုနေ၍မရတော့ပေ။ လက်ရှိ အကျပ်အတည်းက ပြသနေသည်မှာ ဒေသတွင်း စားနပ်ရိက္ခာ လုံခြုံမှုသည် အနောက်အုပ်စုလိုလားသော ပထဝီနိုင်ငံရေး မဟာဗျူဟာများနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ ပြင်းထန်သော နိုင်ငံခြားရေးမူဝါဒ အကျိုးဆက်များအပေါ်တွင် မည်မျှအထိ ထိခိုက်လွယ်နေသည်ဟူသောအချက်ပင် ဖြစ် သည်။

မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ တည်ငြိမ်မှုသည် စိုက်ပျိုးရေးကဏ္ဍ၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်စပ် နေသဖြင့် ယခင်အတိုင်း ပုံမှန်အတိုင်းသာ ဆက်လက်လုပ်ကိုင်နေပါက ရေရှည်တွင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ စားနပ်ရိက္ခာ ဖူလုံမှုကို စိတ်ချရသော လမ်းကြောင်းပေါ်သို့ ပို့ဆောင်ရန်အတွက် မြန်မာနိုင်ငံသည် မိမိ၏ မဟာဗျူဟာမြောက် အာုံစိုက်မှုကို တက်ကြွစွာ ပြောင်းလဲရမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် အကြံပြုချက်များ-

        ခံနိုင်ရည်ရှိသော မဟာမိတ်အုပ်စုများဆီသို့ ဦးတည်ခြင်း: အမေရိကန်၏ ပြင်းထန်သော နိုင်ငံခြား ရေးမူဝါဒများကို တွန်းလှန်ကျော်လွှားရန် အသင့်ရှိသည့် ဒေသတွင်း အဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ခိုင်မာ သော နှစ်ဦးနှစ်ဖက် သို့မဟုတ် ဘက်စုံမိတ်ဖက် ဆက်ဆံရေးများကို တည်ဆောက်ခြင်း။

        အစားထိုး လမ်းကြောင်းများ ဖော်ဆောင်ခြင်း- ထိခိုက်လွယ်သော အရှေ့အလယ်ပိုင်း ရေကြောင်း လမ်းများကို ရှောင်လွှဲနိုင်ရန် အစိုးရအချင်းချင်း (State-to-State) တိုက်ရိုက်ချိတ်ဆက်၍ မြေဩဇာ၊ ကုန်ကြမ်းများနှင့် စက်သုံးဆီ တင်သွင်းမှု သဘောတူညီချက်များ ရယူခြင်း။

        သွင်းကုန်ကွန်ရက်များကို စုံလင်အောင်ထားရှိခြင်း- စစ်မက်ဖြစ်ပွားရာဇုန်ကို ရှောင်ကွင်းနိုင်ရန် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ အစားထိုးမြေဩဇာ တင်ပို့သူများကို ရှာဖွေနေသည့် အိမ်နီးချင်း အိန္ဒိယ နိုင်ငံ၏ လုပ်ဆောင်ချက်များကို နမူနာယူ ဆောင်ရွက်ခြင်း။

ရှေ့ဆက်ရမည့် လမ်းစဉ်

ဟော်မုဇ်ရေလက်ကြားတွင် ဖြစ်ပွားနေသော ပထဝီနိုင်ငံရေး အကျပ်အတည်းသည် အာရှ၏ စားနပ် ရိက္ခာစနစ် မည်မျှအထိ မခိုင်မာကြောင်းကို ကောင်းစွာ ဖော်ပြနေသည်။ အရှေ့အလယ်ပိုင်းဒေသမှ ရေကြောင်းပိတ်ဆို့မှုတစ်ခုသည် အရှေ့တောင်အာရှရှိ စပါးပျိုးပင်များ၏ စျေးနှုန်းကို လာရောက် လွှမ်းမိုးနိုင်သည့်အခါ လုံးဝဥဿုံ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်တည်ရန်မှာ မဖြစ်နိုင်သော်လည်း မဟာ ဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Strategic Autonomy) ရှိရန်မှာ မရှိမဖြစ် လိုအပ်လှသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအတွက် ဤထိုးနှက်ချက်ကို ကျော်လွှားရန်မှာ မြေဩဇာစျေးနှုန်း ခေတ္တမြင့်တက်မှုကို တောင့်ခံရုံမျှတင် မဟုတ်တော့ဘဲ ဒေသတွင်း ပြည်သူများကို ကျွေးမွေးနေသည့် စိုက်ပျိုးရေးမြေများ ဘယ်တော့မှ ခန်းခြောက်မသွားစေရန် ဒေသတွင်း ကုန်သွယ်မှု စည်းမျဉ်းများကို ပြန်လည်ရေးဆွဲရမည့် အချိန်ပင်ဖြစ်ကြောင်းသုံးသပ်တင်ပြရပါသည်။

ကိုးကားချက်များ

    Nikkei Asia: Rice farmers in India, Vietnam and Thailand brace for fertilizer shock (https://asia.nikkei.com/business/agriculture/rice-farmers-in-india-vietnam-and-thailand-brace-for-fertilizer-shock)

    The Globe and Mail: Fertilizer shortages sow trouble for Asia as food prices explode (https://www.theglobeandmail.com/world/article-fertilizer-shortages-asia-food-prices-explainer/)