နေပြည်တော်၊ ဧပြီ ၁
ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးကို အဓိကထား ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးတောင်သူများ မဖြစ် မနေလိုအပ်သည့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရန် အခွန်အခကောက်ခံမှုများကို တတ်နိုင်သမျှ လျှော့ချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
အဆိုပါ လမ်းညွှန်ချက်ကို ယနေ့ ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပသော စက်သုံးဆီနှင့် မြေဩဇာ ဖူလုံစွာရရှိရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာသည့်အတွက် တောင်သူများ စိုက်ပျိုးစရိတ် သက်သာစေရန် နိုင်ငံတော်က ယခုကဲ့သို့ ထောက်ပံ့ပေးရန် စီစဉ်ခြင်းဖြစ်သည်။
ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် ဒီဇယ်သုံး ရေတင်စက် များနေရာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို ပြောင်းလဲအစားထိုး ဆောင် ရွက်သွားရန်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ် မှူးကြီးက အဆိုပါအစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။ ကုန်ကျစရိတ်များသည့် ဓာတ်မြေဩဇာများနေရာတွင် သဘာဝမြေဩဇာများကို ပိုမိုအားထားသုံးစွဲကြရန်လည်း လမ်းညွှန်ခဲ့သည်။
ယင်းအပြင် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် နှစ်စဉ် ပြည်ပမှ အများအပြား တင်သွင်းနေရသည့် စားသုံးဆီကဏ္ဍကို အစားထိုးရန်လည်း ဆွေးနွေးခဲ့ကြသည်။ ပြည်တွင်း၌ နေကြာ၊ ပဲပုပ်နှင့် နှမ်း အစရှိသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန်နှင့် အထူးသဖြင့် နေကြာစိုက်ပျိုး ထုတ် လုပ်မှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပစားသုံးဆီ တင်သွင်းမှုကို သိသာစွာ လျှော့ချ နိုင်မည်ဖြစ်ကြောင်းကိုပါ ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောကြားခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အပိုင်းမှ လိုအပ်သည့် သွင်းအားစုများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး တောင်သူများဘက်မှလည်း ကုန်ထုတ်လုပ်မှုများ အတတ်နိုင်ဆုံး တိုးမြှင့်လုပ်ဆောင်ကြရန် နိုင်ငံတော်ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
#ymg/knl