Published_ 8 September 2023

ယနေ့ စက်တင်ဘာ (၈)ရက် နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိ‌နေပြီး၊ နောက်တစ်ရက်အတွင်း ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း မိုး/ဇလ က အသိပေးထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ပေဝက်ခနိ့ ဆက်လက်မြင့်တက်လာနိုင်ကြောင်း အသိပေးထားသည်။

အလားတူ ငဝန်မြစ်ရေသည် ငသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

ယင်းသို့ မြစ်ရေကြီးမှုဖြစ်စဥ်များကြောင့် ယမန်နေ့ စက်တင်ဘာ(၇)နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊အမှတ်(၁)ရပ်ကွက်၊ မြောက်ပိုင်းတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့သည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သေးသည်။

မိုးဇလ အနေဖြင့် မြစ်ရေမြင့်တက်မှု သတိပေးချက်နှင့်အတူ ယင်းဒေသများတွင်နေထိုင်သောသူများ သတိပြုနေတိုင်ကြရန် နှိုးဆော်မှုကို တဆက်တည် အသိပေးလျက်ရှိသည်။
Yangon Times/MY
#Local_News
#YMG #Yangon_Times