#Local_News
Published_ 6 February 2023

 

နယ်စပ်ကုန်သွယ်မှုတွင် ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သိရသည်။

 

ယင်းကို လာမည့် ဖေဖော်ဝါရီလ ၁၁ ရက်ကစတင်မည် ဖြစ်ပြီး ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

လုပ်ငန်းစဉ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၀ ရက်ထိ စမ်းသပ်ကာလ Pilot Project အဖြစ် မြန်မာ - တရုတ် ကုန်သွယ်ရေးဂိတ်များ ဖြစ်ကြသော မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်၊ မြန်မာ - ထိုင်း ကုန်သွယ်ရေးနယ်စပ်ဂိတ်ဖြစ်သော မြဝတီ နယ်စပ်ဂိတ်များတွင် အခကြေးငွေမကောက်ခံဘဲ စမ်းသပ်လျက်ရှိကြောင်း သိရသည်။

 

စမ်းသပ်ကာလ ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ ယာဉ်တစ်စီးလျှင် ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံသွားမည် ဖြစ်ကြောင်း၊ကုန်သွယ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာတွင် တင်ပို့မည့် ကုန်ပစ္စည်း များအတွက် နယ်စပ်ပို့ကုန် လိုင်စင်ကို Myanmar Tradenet 2.0 စနစ် ဖြင့် ဦးစွာလျှောက်ထားရမည်ဖြစ်ကြောင်းနှင့် ပို့ကုန်လိုင်စင်ရရှိပြီးနောက်ယာဉ်များ၏ အချက်အလက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊Vehicle Monitoring System ဝက်ဘ်ဆိုက် တွင် ဖြည့်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်း၊ လိုအပ်သောအချက်အလက်များကို ကုန်သွယ်ရေး ဦးစီးဌာနက စိစစ်ပြီးမှသာ QR Code ပါဝင်သော ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

သို့သော်လည်း လိုင်စင်လျှောက်ထားရန် မလိုသည်ကုန်ပစ္စည်းများအတွက် ပို့ကုန်လုပ်ငန်း အဆင်ပြေစေစေရန် Automatic Licensing စနစ်ဖြင့် ချက်ချင်းခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပို့ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များကိုလမ်းကြောင်းတစ်လျှောက် ကုန်စည်စစ်ဆေးရေး ဂိတ်များရှိ တာဝန်ကျဝန်ထမ်းများမှ Tracking Mobile Appဖြင့် QR Code များကို စစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် QR Code ပြသစစ်ဆေးခြင်းမခံယူသောယာဉ်များကို စစ်ဆေးရေးဂိတ်များက ထွက်ခွာခွင့် ပြုမည် မဟုတ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group