#LocalNews
Published -23 May 2022

 

မျောက်ကျောက်ရောဂါနဲ့ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့သတိပေးချက်အတိုင်းမြန်မာ နိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်၊၊

 

သတိပေးချက်မှာ မျောက်ကျောက်ရောဂါဖြစ်ပွားစေတဲ့ မျောက်ကျောက်ဗိုင်းရပ်စ်အကြောင်း၊စတင်ဖြစ်ပွားတဲ့ဒေသ၊ ကူးစက်တတ်ပုံ၊ ရောဂါလက္ခဏာတွေ၊ ကာကွယ်ဆေးစတဲ့ အကြောင်း အရာတွေကို အောက်ပါအတိုင်းဖော်ပြထားပါတယ်၊၊

 

အဓိကအချက်များ
• မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတာပါ။

 

• အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများမှာ အစပထမတွေ့ရှိခဲ့တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

 

• မျောက်ကျောက်ရောဂါဟာဖျားခြင်း၊ အနီစက်များထွက်ခြင်းနှင့် ပြန်ရည်အိတ်များ(lymph nodes) များရောင်ရမ်းခြင်း စသည်တို့တွေ့ရှိရပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါတယ်။

 

• မျောက်ကျောက်ရောဂါလက္ခဏာများဟာ (၂) ပတ်မှ (၄) ပတ်အထိ ကြာမြင့်နိုင်သည့် ရောဂါတစ်မျိုးဖြစ်ပါတယ်။ သေဆုံးနှုန်းဟာ (၃) ရာခိုင်နှုန်းမှ (၆) ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။

 

• ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်/ ကူးစက်ခံထားရသူနှင့် ထိတွေ့ခြင်း၊ ဗိုင်းရပ်စ်ရှိနေသော အရာဝတ္ထုပစ္စည်းများကို ထိတွေ့ကိုင်တွယ်မိခြင်း တိုမှတစ်ဆင့် လူကိုကူးစက်နိုင်ပါတယ်။

 

• မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိသူ၏ အနာပြည်၊ အရည်ကြည်များမှတစ်ဆင့် သို့မဟုတ် ရောဂါပိုးရှိသူအသုံးပြုထားသည့် အိပ်ရာခင်းကဲ့သို ပစ္စည်းများမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

 

• (၁၉၈၀) ခန့်က ကမ္ဘာတစ်ဝန်းမှာ လုံးဝအမြစ်ပြတ် ရှင်းလင်းသွားပြီဖြစ်သည့် orthopox virus နှင့် ဆက်စပ်နေသည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။

 

• ထိုရောဂါကို အမြစ်ဖျက်ချေမှုန်းရာတွင် အသုံးပြုထားသည့် ကာကွယ်ဆေးများဟာ မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်ပါတယ်။ မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးအသစ်များလည်း လုပ်ဆောင်နေကြပါတယ်။

 

• မျောက်ကျောက်ရောဂါကုသမှုများလည်း တရားဝင်ခွင့်ပြုချက် ရရှိပြီးသား ဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါပေါ်ပေါက်ခြင်း/ဖြစ်ပွားခြင်း

မျောက်ကျောက်ရောဂါဟာ (၁၉၇၀) ခန့်က ကွန်ဂိုနိုင်ငံမှာ အသက် (၉) နှစ်အရွယ်ကလေးငယ်လေးမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ကျေးလက်ဒေသများ၊ ကွန်ဂိုမိုးသစ်တောဒေသများနှင့် အာဖရိကအနောက်နှင့်အလယ်ပိုင်းဒေသများမှာ တဖြည်းဖြည်း တွေ့ရှိလာတာ ဖြစ်ပါတယ်။

 

(၂၀၁၇) ခုနှစ်မှာ နိုင်ဂျီးရီးယားမှာ ကူးစက်မှုသံသယရှိသူ (၅၀၀) ကျော်နှင့် ကူးစက်ခံရသူ (၂၀၀) ကျော် ရှိခဲ့ပါတယ်။ ယနေ့အချိန်အထိ သေဆုံးနှုန်း (၃) ရာခိုင်နှုန်း ရှိပါတယ်။

 

မျောက်ကျောက်ရောဂါဟာ (၂၀၁၈) ခုနှစ်မှာ နိုင်ဂျီးရီးယားခရီးသွားများမှ အစ္စရေးကို ကူးစက်ခဲ့ပြီး၊ အင်္ဂလန်နိုင်ငံမှာလည်း ကူးစက်မှုများ ကြုံတွေ့ခဲ့ရပါတယ်။ (၂၀၁၉) ဒီဇင်ဘာ၊ (၂၀၂၁) မေနှင့် (၂၀၂၂) မေလတို့တွင် အင်္ဂလန်မှာ ကူးစက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး (၂၀၁၉) ခုနှစ် မေလတွင် စင်္ကာပူနိုင်ငံမှာပါ ကူးစက်မှုများ တွေ့လာရပါတယ်။ (၂၀၂၁) ဇူလိုင်နှင့် နိုဝင်ဘာလတွင် အမေရိကတွင် ကူးစက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ (၂၀၂၂) မေလမှာတော့ မျောက်ကျောက်ရောဂါကို အခြားနိုင်ငံအများအပြားမှာပါ တွေ့ရှိလာရပါတယ်။ လက်ရှိမှာတော့ ရောဂါပိုးအရင်းအမြစ်နှင့် ကူးစက်မှုပုံစံများကို နားလည်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

 

ရောဂါကူးစက်ပြန့်ပွားခြင်း
ရောဂါပိုးရှိသည့် တိရိစ္ဆာန်များမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အာဖရိကမှာတော့ ရှဉ့်၊ ကြွက်၊ မျောက်နှင့် အခြားသော တိရိစ္ဆာန်များမှာ မျောက်ကျောက်ရောဂါကို တွေ့ရှိရပါတယ်။ ကြွက်တွေဟာ ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်ချေ အများဆုံးဖြစ်သော်လည်း အတည်မပြုရသေးပါဘူး။

 

မကျက်တကျက် ချက်ပြုတ်ထားသည့် အသားနှင့် အခြားသော ပိုးရှိသည့်
တိရိစ္ဆာန်များမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို စားသုံးသုံးစွဲမိခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းက ကူးစက်မှုများနိုင်သော်လည်း လိင်မှတဆင့် ကူးစက်မှု ရှိမရှိကိုတော့ မသိရသေးပါဘူး။

 

ymg/tthl
#Yangon_Media_Group