#LocalNews
Published_23 May 2022

 

ရခိုင်ပြည်နယ်တွင်ပြေးဆွဲမည့် RBE ရထားတွဲသစ် ၃ တွဲမှာ မေလ ၂၀ ရက်က စစ်တွေမြို့သို့ရောက်ရှိခဲ့ကာ ယနေ့မေလ ၂၃ ရက်တွင် စတင်ပြေးဆွဲပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

 

အဆိုပါ ရထားတွဲများအနက် နှစ်တွဲကို စစ်တွေတက္ကသိုလ်ကျောင်းသား၊ သူများ သွားလာရေး အဆင်ပြေစေရန် ဦးစားပေးပြေးဆွဲခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁၅၀ ကျပ်ကောက်ခံမည် ဖြစ်ကြောင်း၊ ကျန်တစ်တွဲကို ပြည်သူများအတွက် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

"ဒီနေ့ တနင်္လာနေ့ စပြီးတော့ ပြေးဆွဲပါတယ်။ ကျောင်းဖွင့်ချိန် မီးရထားတွေ တိုးပြေးပေးပါမယ်။ စစ်တွေ (ပြည်တော်သာ) ရေချမ်းပြင် မူလရထားတစ်တွဲအစား နှစ်တွဲချိတ်ဆွဲပေးပါမယ်။ မနက် ၇ နာရီခွဲ စထွက်ပြီး၈ နာရီခွဲမှာရေချမ်းပြင် ကိုရောက်မယ်။ အဲဒီကနေ ၁၀ နာရီမှာ ရေချမ်းပြင်ကထွက်မယ်။ ၁၁နာရီမှာ ပြည်တော်သာကိုရောက်မယ်။ ညနေ ၂နာရီ မှာ ပြည်တော်သာက ထွက်ရင် ရေချမ်းပြင်ကို ၃ နာရီမှာ ရောက်မယ်။ ညနေ ၄ နာရီ မှာ ရေချမ်းပြင်ကထွက်မယ်၊ ညနေ ၅ နာရီမှာ ပြည်တော်သာကိုရောက်မယ်။ စစ်တွေတက္ကသိုလ် နည်းပညာတက္ကသိုလ်တွေကဆိုရင် မနက်၈နာရီခွဲမှာ class တွေစမှာမို့ အဆင်ပြေကြမှာပါ"ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။

 

စစ်တွေမြို့တွင် ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ် ဟူ၍ရှိပြီး စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းတွင် စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ်တို့ တည်ရှိကြောင်း သိရသည်။

 

စစ်တွေ- ရေချမ်းပြင် မီးရထားလမ်းပိုင်းကို ၂၀၂၂ ခုနှစ် မတ်လ (၂၄)ရက်တွင် ပြန်လည်ပြေးဆွဲရန် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်တော်သာဘူတာမှ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာနှင့် ဒါးပိုင်ဘူတာအထိ (၅၀)ကျပ်၊ ပြည်တော်သာ ဘူတာမှ ဇောပူဂျာဘူတာနှင့် မယ်ဇလီကုန်းဘူတာအထိ (၁၀၀)ကျပ်နှင့် ပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာအထိ (၁၅၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group